ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုကို ဆယ်စုနှစ်များစွာအကြာက ဗင်နီဇွဲလားမြေပြိုမှုအဖြစ် မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 12 မတ် 2026 အချိန် 05h26
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP မြန်မာ, AFP ထိုင်း
ရုပ်ရှင်ဇာတ်လမ်းတိုတစ်ခုကရယူထားတဲ့ Screenshot ကို လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်ကျော်က ဗင်နီဇွဲလားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း သမီးတွေရဲ့လက်ကိုကိုင်ထားရမှာမို့ ကယ်ဆယ်ရေးတွေကိုငြင်းဆန်နေတဲ့ ဖခင်တစ်ဦးဆိုပြီး လူမှုကွန်ရက်မှာ မှားယွင်းမျှဝေနေကြပါတယ်။ ဇာတ်လမ်းတိုရဲ့ အပိုင်းတစ်ခုကို ဗင်နီဇွဲလားရုပ်ရှင်ပွဲတော်အတွက် ရိုက်ကူးထားကြောင်း ဖော်ပြချက်နဲ့ YouTube မှာမျှဝေထားပါတယ်။ ဒါအပြင် ရုပ်ရှင်ထုတ်လုပ်သူကလည်း အဲဒီ ဇာတ်လမ်းဟာ သဘာဝဘေးအန္တရာယ်ဖြစ်ပွားစဥ်က ရိုက်ကူးထားတာမဟုတ်ဘူးဆိုပြီး သီးခြားဗီဒီယိုတစ်ခုမှာ ပြောဆိုထားပါတယ်။
"'ကျွန်တော့်ကို မဆွဲထုတ်ပါနဲ့... သမီးလေးနှစ်ယောက်က ကျွန်တော့်လက်ကို ကိုင်ထားလို့ပါ' - သားသမီးအတွက် အသက်ပေးသွားခဲ့သည့် ဖခင်တစ်ဦး၏ နောက်ဆုံးစကား"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ တစိတ်တပိုင်း ရေးသားထားပါတယ်။
လည်ပင်းနဲ့ ဦးခေါင်းသာမြင်ရပြီး မြေကြီးထဲမှာ ပိတ်မိနေတဲ့လူတစ်ယောက်ကို ကယ်ဆယ်ရေးလုပ်သားတစ်ဦးက ကူညီဖို့ ကြိုးစားနေတဲ့ ဓာတ်ပုံတစ်ပုံကို အဲဒီပိုစ့်မှာ ဖော်ပြထားပါတယ်။
"သမီးလေးတွေ လက်ကို ကိုင်ထားရမှာမို့လို့ ကယ်ဆယ်ရေးကို ငြင်းဆန်ခဲ့တဲ့ ဖခင်"(မူရင်းအတိုင်း) ဆိုပြီးလည်း ဓာတ်ပုံပေါ်မှာ စာသားပါရှိပါတယ်။
၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံ၊ Vargas မြေပြိုမှုက ဖြစ်ရပ်တစ်ခုဖြစ်တယ်ဆိုပြီးလည်း ဆက်လက်ရေးသားထားပါတယ်။ ခန့်မှန်းချက်တွေအရ အဲဒီမြေပြိုမှုမှာ လူပေါင်း ၁၀,၀၀၀ ကနေ ၃၀,၀၀၀ အထိ သေဆုံးခဲ့ပါတယ်။ (Archived link)
တူညီတဲ့ မှားယွင်းပြောဆိုမှုတွေဟာ မြန်မာဘာသာအပြင် အာရဗီ၊ အင်္ဂလိပ်၊ ကိုရီးယား၊ စပိန်၊ ထိုင်းနဲ့ တူရကီ အပါအဝင် ဘာသာစကားအမျိုးမျိုးနဲ့ Facebook၊ X၊ Instagram နဲ့ TikTok စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
"မိဘတစ်ယောက်နေနဲ့ ဘယ်လောက်ထိခံစားရမယ်ဆိုတာသိပါတယ်အဲဒီခံစားချက်ကြီးကိုသိတယ်"(မူရင်းအတိုင်း) ဆိုပြီး လူမှုကွန်ရက်အသုံးပြုသူတစ်ယောက်က မှားယွင်းပိုစ့်မှာ မှတ်ချက်ပြုထားပါတယ်။
"မိဘမေတ္တာတရားတွေက အနှိုင်းမဲ့ပါလားဗျာ”(မူရင်းအတိုင်း) ဆိုပြီးလည်း အခြားတစ်ယောက်က ရေးသားထားပါတယ်။
ဒါပေမဲ့ ပျံ့နှံ့နေတဲ့ ရုပ်ပုံဟာ ၂၀၀၇ ခုနှစ်က ရိုက်ကူးထားတဲ့ ဗင်နီဇွဲလားဇာတ်လမ်းတိုတစ်ခုကနေ ရယူထားတာပဲဖြစ်ပါတယ်။
Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်မှာ Siete Filmes လို့ခေါ်တဲ့ YouTube စာမျက်နှာကနေ မျှဝေထားတဲ့ ဗီဒီယိုကို တွေ့ခဲ့ရပါတယ်။ (Archived link)
ဇာတ်လမ်းတိုရဲ့အမည်ဟာ "Sofia and Daniela" ဖြစ်ပြီး ၂၀၀၇ ခုနှစ်က ဗင်နီဇွဲလား ရုပ်ရှင်ပွဲတော်ရဲ့ Cine Átomo marathon ရုပ်ရှင်ပြိုင်ပွဲအတွက် ရိုက်ကူးထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ (Archived link)
မှားယွင်းပိုစ့်က မြင်ကွင်းကို YouTube ဗီဒီယိုရဲ့ ၁:၀၁ မိနစ်ကြာချိန်မှာ တွေ့နိုင်ပါတယ်။
ဗင်နီဇွဲလားသရုပ်ဆောင် Sebastián Torres က မြေကြီးထဲမှာမြုပ်နေတဲ့သူအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ်ပါတယ်။ (Archived link)
သဘာဝဘေးအန္တရာယ်အတွင်း ရိုက်ကူးထားတဲ့ ဗီဒီယိုအစစ်အမှန်ဆိုတဲ့ ပြောဆိုချက်တွေကို Sebastián Torres ဟာ ၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်နေ့က သူ့ရဲ့ Instagram စာမျက်နှာမှာ ဗီဒီယိုတစ်ခုမျှဝေပြီး ငြင်းပယ်ခဲ့ပါတယ်။ (Archived link)
"ကျွန်တော်က အဲဒီဇာတ်ကောင်ရဲ့ သရုပ်ဆောင်ပါ။ ပြီးတော့ ဇာတ်လမ်းကိုလည်း ကျွန်တော်ကိုယ်တိုင်ပဲရေးခဲ့တာပါ။"ဆိုပြီး ဗီဒီယိုထဲမှာ ရှင်းပြထားပါတယ်။
AFP ကယခင်ကလည်း အနုပညာဖန်တီးမှုတွေနဲ့ ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာ အချက်အလက်စိစစ်ထားပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်