ဖြစ်ရပ်မှန်မှုခင်းတစ်ခုကိုအခြေခံပြီး Squid Game ကို ဖန်တီးထားတယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုတွေနဲ့အတူ AI ဓာတ်ပုံတွေပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 16 ဇန်နဝါရီ 2025 အချိန် 03h49
- ဖတ်ရန် ကြာချိန် 3 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"Squid Game သည် 1986 ခုနှစ် တောင်ကိုးရီးယား တွင် ဖြစ်ပျက်ခဲ့သော တကယ့်ဖြစ်ရပ်တစ်ခုမှ စိတ်ကူးပုံဖော်ထားခြင်း ဖြစ်သည်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။
"၎င်းဂိမ်းကို လူမရှိသောမြေအောက် ကတုတ်ကျင်းတစ်ခုတွင် လူများကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး အသက်ရှင်ရန်တွက် ဂိမ်းများစွာကို ပြီးမြောက်အောင် ကစားစေခဲ့ခြင်းဖြစ်သည်။" (မူရင်းအတိုင်း) ဆိုပြီးလည်း ဆက်လက်ရေးသားထားပါတယ်။
အဲဒီပိုစ့်မှာ အစိမ်းရောင်နဲ့ ပန်းရောင်ခြယ်သထားတဲ့ မှိန်ပြပြ စင်္ကြံလမ်းပုံတွေအပြင် အဆောင်တစ်ခုမှာ တန်းစီပြီးထိုင်နေကြတဲ့ အပြာရောင်အားကစားဝတ်စုံတွေနဲ့ အမျိုးသားတွေပုံလည်း ပါဝင်ပါတယ်။
Netflix ကနေ Squid Game ရဲ့ ဒုတိယမြောက်ရုပ်သံဇာတ်လမ်းတွဲကို ထုတ်လွှင့်ခဲ့တဲ့နောက် ဒီမှားယွင်းပြောဆိုမှုနဲ့အတူ ဓာတ်ပုံတွေဟာ မြန်မာဘာသာအပြင် တရုတ်၊ အင်္ဂလိပ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စပိန်၊ တူရကီ နဲ့ ထိုင်း စတဲ့ဘာသာစကားတွေနဲ့ ကမ္ဘာတစ်ဝှမ်းလုံး ပျံ့နှံ့ခဲ့ပါတယ်။
ဒီဇာတ်လမ်းတွဲဟာ တရားမျှတမှုမရှိတဲ့ အနာဂတ်တောင်ကိုရီးယားနိုင်ငံမှာ ကြံရာမရအောင်အခက်တွေ့နေသူတွေက ရိုးရာကလေးကစားနည်းတွေကို များပြားလှတဲ့ဆုကြေးငွေတွေအတွက် အသက်ပေးပြီး ယှဥ်ပြိုင်ကစားကြတဲ့ ဖြစ်ရပ်ကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ (Archived link)
လူမှုကွန်ရက်အသုံးပြုသူတော်တော်များများက AI နဲ့ဖန်တီးထားတဲ့ရုပ်ပုံတွေကို အမှန်တကယ်ဆိုပြီး ယုံကြည်နေကြပါတယ်။
"Ttမှာတင်ထားတာတွေ့တယ်ဆင်းရဲနွမ်းပါးပပျောက်ရေဆိုပြီးအဲ့ဂိမ်းကရှိခဲ့တာတဲ့" (မူရင်းအတိုင်း) ဆိုပြီး Facebook အသုံးပြုသူတစ်ယောက်က မှတ်ချက်ပြုထားပါတယ်။
"ဒါဆို ဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံ ပြီး ရိုက်ကူခဲ့တာပေါ့နော် ပိုတောင်ကြည့်ချင်သွားပြီ" (မူရင်းအတိုင်း) လို့လည်း အခြားတစ်ယောက်က ရေးသားထားပါတယ်။
ဒါပေမဲ့ Squid Game ရဲ့ ထုတ်လုပ်ဖန်တီးသူ Hwang Dong-hyuk က ဂျပန်ရုပ်ပြကာတွန်းတွေကို အခြေခံပြီး ဇာတ်လမ်းကို မှီငြမ်းပုံဖော်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
Hwang က သူဖတ်ခဲ့ဘူးတဲ့ "Battle Royale" နဲ့ "Liar Game" တို့လို ထိပ်လန့်ဖွယ် ဂျပန်ရုပ်ပြကာတွန်းတွေရဲ့ လွှမ်းမိုးမှုကိုခံခဲ့ရတယ်ဆိုပြီး Variety သတင်းဌာနကို ၂၀၂၁ ခုနှစ်က ပြောကြားခဲ့ပါတယ်။ (Archived link)
အဓိကဇာတ်ကောင် Gi-hun ရဲ့နောက်ခံဖြစ်ရပ်ကိုလည်း ဆိုးရွားတဲ့ Ssangyong အကြမ်းဖက်မှုကို မှီငြမ်းထားတယ်ဆိုပြီးလည်း ဒါရိုက်တာက AFP ကို ပြောပါတယ်။
၂၀၀၉ ခုနှစ်မှာ အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရတဲ့ Ssangyong ကားကုမ္ပဏီက သူတို့ရဲ့ လုပ်သားအင်အား ၄၀ ရာခိုင်နှုန်းနီးပါးကို အလုပ်ကနေရပ်စဲကြောင်းကြေညာခဲ့တဲ့နောက် အလုပ်သမားတွေရဲ့ သပိတ်မှောက်ဆန္ဒပြမှုကို ရင်ဆိုင်ခဲ့ရပြီး ရာဘာကျည်ဆန်နဲ့ ကျဥ်စက်တွေကိုင်ဆောင်ထားကြတဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေနဲ့ လောက်လေးခွနဲ့ သံမဏိပိုက်တွေ ကိုင်ဆောင်ထားကြတဲ့ အလုပ်သမားတွေအကြား ၇၇ ရက်ကြာအောင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
အလုပ်သမားသမဂ္ဂအဖွဲ့ဝင်အများအပြား ပြင်းထန်စွာရိုက်နှက်ခံခဲ့ရပြီး တချို့လည်းဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
"ဒီနေ့ ကျနော်တို့နေထိုင်ရာကမ္ဘာကြီးမှာ သာမန်လူလတ်တန်းစားတွေဟာ နေ့ချင်းညချင်း ဘယ်လိုစီးပွားပျက်သွားနိုင်တယ်ဆိုတာကို ပြချင်ခဲ့တာပါ" ဆိုပြီး Hwang က AFP ကို ၂၀၂၁ ခုနှစ်တုန်းက ပြောကြားခဲ့ပါတယ်။
ထိန်းသိမ်းရေးစခန်း
Google မှာဓာတ်ပုံရာဇဝင်ရှာကြည့်ရာ ပန်းရောင်နဲ့ အစိမ်းရောင်ခြယ်ထားတဲ့ စင်္ကြံလမ်းပုံတွေကို "cityhermitai" ဆိုတဲ့ Instagram စာမျက်နှာကနေပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်မှာ မျှဝေထားတာကို တွေ့ရပါတယ်။ (Archived link)
အဲဒီ Instagram စာမျက်နှာကို တူရကီစာရေးဆရာတစ်ဦးဖြစ်တဲ့ Efe Levent ကအသုံးပြုနေတာဖြစ်ပြီး AI နဲ့ဖန်တီးထားတဲ့ပုံတွေကို မျှဝေလေ့ရှိပါတယ်။ (Archived link)
Leventက AI နည်းပညာ ဆော့ဖ့်ဝဲလ်တစ်ခုဖြစ်တဲ့ 'Midjourney' ကိုအသုံးပြုပြီး ရုပ်ပုံတွေကိုဖန်တီးခဲ့တယ်လို့ AFP ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အားကစားဝတ်စုံတွေနဲ အမျိုးသားတွေရဲ့ပုံကို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Brother Home ထိန်းသိမ်းရေးစခန်းအကြောင်း ထုတ်ဖော်ထားတဲ့ ရုပ်သံမှတ်တမ်းတစ်ခုက ရယူထားတာဖြစ်ပါတယ်။ ဒီထိန်းသိမ်းရေးစခန်းဟာ တောင်ကိုရီးယားရဲ့ ဘူဆန်မြို့မှာတည်ရှိခဲ့ပြီး ၁၉၆၀ ခုနှစ်နဲ့ ၁၉၉၂ ခုနှစ်အကြား ကျယ်ပြန့်တဲ့ လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှုတွေဖြစ်ပွားခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ (Archived link)
အဓိကကျတဲ့ စကားလုံးတွေနဲ့ Google မှာရှာဖွေကြည့်ရာ ရုပ်ပုံကို Busan Ilbo လို့ခေါ်တဲ့ တောင်ကိုရီးယားသတင်းစာရဲ့ YouTube စာမျက်နှာက မျှဝေထားတဲ့ Brothers Home ရဲ့မှတ်တမ်းရုပ်ရှင်မှာ တွေ့ခဲ့ရပါတယ်။ (Archived link)
ဓာတ်ပုံကို ဗီဒီယိုရဲ့ ၁၈ မိနစ် ၅၅ စက္ဏန့် ကြာချိန်မှာတွေ့နိုင်ပါတယ်။
အောက်မှာမှားယွင်းတဲ့ ပိုစ့်ကပုံ (ဘယ်) ကို YouTube ဗီဒီယိုကပုံ (ညာ)နဲ့ နှိုင်းယှဥ်ထားတဲ့ screenshot ကိုတွေ့နိုင်ပါတယ်။
AI နဲ့ ဖန်တီးထားတဲ့ပုံတွေ စိစစ်အကဲဖြတ်နည်းဆိုင်ရာ လမ်းညွှန်ချက်ကို AFP က ဒီလင့်ခ် မှာ မျှဝေထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်