သမိုင်းဝင် Hollywood ဆိုင်းဘုတ် မီးလောင်နေတဲ့ဓာတ်ပုံတွေဟာ အတုအယောင်သာဖြစ်
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 14 ဇန်နဝါရီ 2025 အချိန် 06h51
- ဖတ်ရန် ကြာချိန် 5 မိနစ်
- Bill MCCARTHY, AFP USA
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ကမ္ဘာကျော် Hollywood Hills ကြီး တောမီးလောင်ကျွမ်းခံနေရပါတယ်။ လူတွေကို အရေးပေါ်ကယ်ထုတ်နေပြီး နာမည်ကျော် မင်းသား မင်းသမီးအိမ်တွေ၊ Studio city တွေ မီးထဲပါသွားပါပြီ။ မီးက လျင်လျင်မြန်မြန် ပျံ့နှံ့နေပါတယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်က ဒီပို့စ်မှာ မျှဝေထားပါတယ်။
လော့စ်အိန်ဂျလိစ်မြို့၊ Griffith ပန်းခြံထဲက Mount Lee တောင်ကုန်းပေါ်မှာတည်ရှိတဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Hollywood ဆိုင်းဘုတ်ကြီးမီးလောင်ကျွမ်းနေတာကိုပြတဲ့ ဆင်တူတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေဟာလည်း X အပြင် Instagram နဲ့ Facebook တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
လောင်ကျွမ်းမှုမြန်ဆန်တဲ့ဒီတောမီးဟာ လော့စ်အိန်ဂျလိစ်မြို့အနှံ့အပြားကို ဝါးမြိုလောင်ကျွမ်းခဲ့တဲ့အတွက် သောင်းနဲ့ချီတဲ့ပြည်သူတွေ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ကြရပြီး ထိခိုက်သေဆုံးမှုအချို့ရှိခဲ့တဲ့နောက် ဒီမှားယွင်းတဲ့ပို့စ်တွေပျံ့နှံ့လာတာဖြစ်ပါတယ်။ တုန်လှုပ်ခြောက်ခြားနေတဲ့ပြည်သူတွေက သူတို့ရဲ့ပျက်စီးသွားတဲ့ ပိုင်ဆိုင်မှုတွေကို ရှာဖွေစစ်ဆေးနေချိန်မှာဘဲ ကျယ်ပြန့်တဲ့မီးငြှိမ်းသတ်မှုတွေကို ဇန်နဝါရီလ ၁၀ ရက်နေ့အထိလုပ်ဆောင်လျက်ရှိနေပါတယ်။ ဒါအပြင် အကြီးမားဆုံးမီးလောင်ကျွမ်းမှုကို အပြည့်အဝငြှိမ်းသတ်နိုင်ခြင်းမရှိသေးဘူးလို့ အာဏာပိုင်တွေကသတိပေးထားပါတယ်။
ဒီတောမီးကြောင့် Hollywood Hills အနီးတဝိုက် ကနေရာအချို့ မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒါအပြင် အချို့လမ်းတွေမှာ လွတ်ရာတိမ်းရှောင်ဖို့အမိန့်ထုတ်ပြန်ထားပြီး ကောင်းကင်ကနေ မီးသတ်လေယာဥ်တွေနဲ့ ပျံသန်းမီးသတ်ခဲ့ရပါတယ်။
ဒါပေမဲ့ သမိုင်းဝင် Hollywood ဆိုင်းဘုတ်ဟာ ဇန်နဝါရီလ ၁၀ ရက်အထိ မီးဘေးအန္တရာယ်ကနေဘေးကင်းစွာရပ်တည်လျက်ရှိတယ်လို့ မြို့တွင်း AFP သတင်းထောက်တွေက အတည်ပြုခဲ့ပါတယ်။
ဇန်နဝါရီလ ၉ ရက်မှာ ပျက်စီးမှုတစ်စုံတစ်ရာမရှိဘဲ ရပ်တည်နေတဲ့ Hollywood ဆိုင်းဘုတ်ကို AFP က Gower လမ်းနဲ့ Temple Hill Drive လမ်းထောင့်ကနေ ရိုက်ကူးခဲ့ပါတယ်။
The Hollywood Sign Trust ရဲ့ ဥက္ကဌဖြစ်သူ Jeff Zarrinnam က Griffith ပန်းခြံကို လုံခြုံရေးအတွက် ယာယီပိတ်ထားပေမယ့် Hollywood ဆိုင်းဘုတ်ဟာ လက်ရှိမှာ "မီးအန္တရာယ်ကနေ ဘေးကင်းလုံခြုံ" စွာရှိနေတယ်လို့ ဇန်နဝါရီလ ၉ ရက်မှာ AFP ကို အီးမေးလ်ကတဆင့် ပြောပါတယ်။ အထင်ကရဆိုင်းဘုတ်မီးလောင်ကျွမ်းမှုဓာတ်ပုံတွေဟာ အတုအယောင်တွေဖြစ်တယ်လို့ ဆိုင်းဘုတ်ထိန်းသိမ်းရေးနဲ့ webcam တွေကို ကိုင်တွယ်တဲ့ the Hollywood Sign Trust အဖွဲ့က Instagram မှာ ထုတ်ပြန်ထားပါတယ်။ (Archived here)
The Hollywood Walk of Fame ရဲ့ လူထုပြန်ကြားရေးမှူးတစ်ဦးကလည်း ဒီဓာတ်ပုံတွေဟာ အတုအယောင်ဖြစ်တယ်လို့ ဆိုပါတယ်။
Deepfake တွေကို လေ့လာဖော်ထုတ်မှုတွေပြုလုပ်တဲ့ GetReal Labs က ဆိုင်းဘုတ်မီးလောင်တာကိုပြတဲ့ရုပ်ပုံအတော်များများကို စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့သဲလွန်စတွေ တွေ့ရပြီး အချို့ဓာတ်ပုံတွေကို AI နည်းပညာနဲ့ ဖန်တီးထားတာတွေ့ရတယ်လို့ ဇန်နဝါရီလ ၉ ရက်က AFP ကို ပေးပို့လာတဲ့ အီးမေးလ်မှာ ဆိုပါတယ်။
အစစ်အမှန်မဟုတ်တာသိသာတဲ့ သဲလွန်စတွေကို ဒီဓာတ်ပုံတွေမှာ တွေ့ရတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
"ဓာတ်ပုံတွေထဲက စာလုံးပုံသဏ္ဌာန်၊ အနီးတဝိုက်ကအဆောက်အအုံတွေဟာ အစစ်အမှန် သမိုင်းဝင် Hollywood ဆိုင်းဘုတ်က ပုံပန်းသဏ္ဌာန်တွေနဲ့ကွဲပြားနေတာကို ရုပ်ပုံစစ်ဆေးမှုမှာ တွေ့ရပါတယ်" လို့ the University of California-Berkeley က media forensic ကျွမ်းကျင်သူဖြစ်ပြီး GetReal Labs ရဲ့ တွဲဖက်တည်ထောင်သူ Hany Farid က ဒီထုတ်ပြန်ချက်မှာ ဆိုပါတယ်။ (Archived here)
ဆိုင်းဘုတ်ရဲ့ အစစ်အမှန်ဓာတ်ပုံနဲ့ နှိုင်းယှဥ်ကြည့်ရင် လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံတစ်ပုံက ဆိုင်းဘုတ်စာလုံးနောက်က တည်ဆောက်မှုတွေဟာ ညီညာမှုမရှိတာကို တွေ့ရတယ်လို့ Buffalo တက္ကသိုလ်ရဲ့ Media Forensic Lab ဒါရိုက်တာ Siwei Lyu က ပြောပါတယ်။ (Archived here)
နောက်ထပ်ဗီဒီယိုတစ်ခုမှာလည်း ဒီလိုပုံမှန်မဟုတ်တဲ့ ရုပ်ပုံသဲလွန်စတွေတွေ့ရပြီး ဒီဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို Midjourney၊ Runway သို့မဟုတ် Grok စတဲ့ စာသားကနေ ရုပ်ပုံဖန်တီးပေးတဲ့ AI နည်းပညာနဲ့ ဖန်တီးထားတာဖြစ်နိုင်ကြောင်း သူ့ရဲ့ ကိုယ်ပိုင် deepfake ရှာဖွေရေးစနစ်ကနေ စုံစမ်းတွေ့ရှိရတယ်လို့ Lyu က ပြောပါတယ်။
အွန်လိုင်းပေါ်မှာပျံ့နှံ့နေတဲ့ဓာတ်ပုံတွေထဲက တတိယမြောက်ဓာတ်ပုံမှာ X ကုမ္ပဏီကတည်ထောင်ထားတဲ့ Grok ရဲ့ အမှတ်အသားပါရှိနေတာတွေ့ရပါတယ်။ ဒီဓာတ်ပုံကို ဦးစွာဖော်ပြခဲ့သူကလည်း ဓာတ်ပုံကို AI အသုံးပြုပြီး ဖန်တီးထားတာဖြစ်တယ်လို့ နောက်ထပ်ပိုစ့်တစ်ခုမှာ ရှင်းလင်းထားပါတယ်။
ဒါပေမဲ့ နောက်ထပ်အတုအယောင်ဓာတ်ပုံကို "ရုပ်ပုံတွေ"နဲ့ "ဗီဒီယိုမြင်ကွင်းတွေ" ဖန်တီးသူ အနုပညာရှင်အဖြစ် အတ္ထုပ္ပတ္တိမှာဖော်ပြထားတဲ့ TikTok အသုံးပြုသူတစ်ဦးက ဦးစွာမျှဝေထားတာတွေ့ရပါတယ်။ ဒီအကောင့်နဲ့စပ်ဆက်နေတဲ့ Paypal အကောင့်မှာ "ကျွန်တော်တို့ ဟာ မူရင်းသံစဥ်၊ ရုပ်ပုံတွေနဲ့ ဗီဒီယိုမြင်ကွင်းတွေကို ဖန်တီးသူတွေဖြစ်တယ်။" လို့ ဖော်ပြထားပါတယ်။ (Archived here)
AFP က အချက်အလက်စုံစမ်းဖို့ ဒီအကောင့်ကို ချဥ်းကပ်ခဲ့တဲ့နောက်မှာ မူရင်း TikTok ဗီဒီယိုကို ဒီအသုံးပြုသူက ဖြုတ်ချခဲ့ပါတယ်။
ပဥ္စမမြောက်ဓာတ်ပုံမှာတော့ Hollywood ဆိုတဲ့ ဆိုင်းဘုတ်စာသားသတ်ပုံမှားယွင်းနေပြီး 'd' စာလုံးအပိုပါရှိနေပါတယ်။ ဒါအပြင် Grok အမှတ်အသားလည်း ပါရှိပါတယ်။
ဒီတောမီးလောင်မှုနဲ့သက်ဆိုင်တဲ့ အတုအယောင်ဓာတ်ပုံတွေအပြင် အခြားမှားယွင်းပြောဆိုမှုတွေကိုလည်း AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်