၂၀၂၅ ခုနှစ် တိဗက်ငလျင်လှုပ်ခတ်ပြီးနောက် နီပေါနိုင်ငံက ဆယ်စုနှစ်တစ်ခုကြာဗီဒီယိုတစ်ခု မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 14 ဇန်နဝါရီ 2025 အချိန် 04h17
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • Chayanit ITTHIPONGMAETEE, AFP ထိုင်း
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်က တရုတ်နိုင်ငံရဲ့ အစွန်အဖျား တိဗက်ကုန်းမြင့်ဒေသအပါအဝင် အိမ်နီးချင်း အိန္ဒိယနဲ့ နီပေါနိုင်ငံတွေမှာပါ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အနည်းဆုံး လူပေါင်း ၁၂၆ ဦးသေဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝှမ်းက လူမှုကွန်ရက်တွေပေါ်ပျံ့နှံ့နေပြီး ထိုင်းနိုင်ငံအခြေစိုက် ရုပ်သံတစ်ခုကနေထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုကတော့ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကမဟုတ်ဘဲ နီပေါနိုင်ငံမြို့တော် Kathmandu မှာ ၂၀၁၅ ခုနှစ်၊ ဧပြီလက လှုပ်ခတ်ခဲ့တဲ့ ငလျင်ပဲဖြစ်ပါတယ်။  

"တိဘက်တွင် ပြင်းအား ၆.၈ ရှိ ငလျင်လှုပ်၊ သေဆုံးသူ ၅၀ ကျော်ရှိလာ" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။  

"ငလျင်ကြေင့် အင်္ဂါနေ့ ၁၂ နာရီခွဲအထိ လူပေါင်း ၅၃ ယောက် သေဆုံးထားပြီး ၆၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း တိုင်းဒေသကြီး သဘာဝဘေးကယ်ဆယ်ရေး ဌာနချုပ်ကနေ သိရပါတယ်။" (မူရင်းအတိုင်း) ဆိုပြီးဆက်လက်ရေးသားထားပါတယ်။   

တစ်မိနစ်ကြာတဲ့ ဗီဒီယိုမှာ လူတွေသွားလာနေကြတဲ့လမ်းမပေါ်က  အဝိုင်းပတ်ရဲ့ အလယ်မှာရှိတဲ့ အဆောက်အအုံငယ်တစ်ခု ငလျင်လှုပ်ခတ်မှုတစ်ခုကြောင့် ပြိုကျသွားတာကိုတွေ့ရပါတယ်။  

Image
မှားယွင်းတဲ့ Facebook ပိုစ့်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်က ရယူထားတဲ့ Screenshot

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ နဲ့ နီပေါနိုင်ငံနယ်စပ်အနီး ဧဝရတ်တောင်ရဲ့ မြောက်ဘက် ကီလိုမီတာ ၈၀ (မိုင် ၅၀) ခန့်အကွာ ကျေးလက်တောင်ပေါ်ဒေသ Tingri ခရိုင်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တစ်ခုကြောင့် အနည်းဆုံး လူ ၁၂၆ ဦးသေဆုံးပြီး ၁၈၈ ဦး ဒဏ်ရာရရှိခဲ့တဲ့နောက် အဲဒီမှားယွင်းပြောဆိုမှုတွေ ပျံ့နှံ့လာတာပဲဖြစ်ပါတယ်။ (Archived link) 

China Earthquake Networks Center (CENC) က ငလျင်ရဲ့ ပြင်းအားကို ရစ်ချ်တာစကေး ၆.၈ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ US Geological Survey ကတော့   ငလျင်ရဲ့ ပြင်းအားကို  ရစ်ချ်တာစကေး ၇.၁ ရှိတယ်လို့ဆိုပါတယ်။  

ငလျင်လှုပ်ခတ်မှုက အိမ်နီးချင်းနီပေါ နဲ့ အိန္ဒိယနိုင်ငံတို့ကိုပါ သက်ရောက်ခဲ့ပေမဲ့ အဲဒီနေရာတွေမှာ လူသေဆုံးထိခိုက်တာမျိုးတော့ မရှိပါဘူး။ 

ထိုင်းနိုင်ငံအခြေစိုက် One News မီဒီယာကလည်း  တိဗက်ငလျင်ရဲ့ သတင်းဖော်ပြမှုတစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါ ဗီဒီယိုကိုဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ မျှဝေခဲ့ပါတယ်။ မကြာသေးမီကလှုပ်ခတ်ခဲ့တဲ့ငလျင်ဆိုပြီး တူညီတဲ့မှားယွင်းပြောဆိုမှုနဲ့ ဗီဒီယိုတွေက မြန်မာဘာသာအပြင် အင်္ဂလိပ်၊ ဟိန္ဒီ ၊ တမီးလ် နဲ့ စပိန်ဘာသာစကားတွေနဲ့လည်း မျှဝေနေကြပါတယ်။  

ယခင်နီပေါငလျင်  

AFP အနေနဲ့ ဗီဒီယိုကပုံတွေအသုံးပြုပြီး ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ တူညီတဲ့ ဗီဒီယိုကို UK အခြေစိုက် The Guardian သတင်းစာက ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်မှာ  ထုတ်ဝေခဲ့တာကို တွေ့ခဲ့ရပါတယ်။ (Archived link)  

ဗီဒီယိုမှာ"နီပေါငလျင်ကြောင့် လူစည်ကားရာအဝိုင်းပတ်ပေါ်က အဆောက်အအုံပြိုကျခဲ့"ဆိုပြီး ခေါင်းစဥ်ရေးသားထားပါတယ်။ ဗီဒီယိုကို မြို့တော် Kathmandu ရဲ့ Tripureshwor ခရိုင်မှာ ရိုက်ကူးခဲ့တယ်ဆိုပြီးလည်း ဖော်ပြထားပါတယ်။  

အောက်မှာ မှားယွင်းတဲ့ ပိုစ့် (ဘယ်) နဲ့ The Guardian သတင်းစာရဲ့ ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ screenshot ကိုတွေ့နိုင်ပါတယ်။  

Image
မှားယွင်းတဲ့ ပိုစ့် (ဘယ်) နဲ့ The Guardian သတင်းစာရဲ့ ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ Screenshot

ဗီဒီယိုရဲ့ ညာဘက်အပေါ်ထောင့်မှာ ရိုက်ကူးခဲ့တဲ့ ရက်စွဲကိုဖော်ပြတဲ့ "2015-04-25" ဆိုတဲ့ အချိန်ပြစာတမ်းကိုလည်း တွေ့နိုင်ပါတယ်။  

Image
ဗီဒီယိုကအချိန်ပြစာတမ်းကို AFP ကမြင်သာအောင်အမှတ်အသားပြုလုပ်ထားတဲ့ Screenshot

၂၀၁၅ ခုနှစ်က နီပေါနိုင်ငံမှာ အင်အား ရစ်ခ်ျတာစကေး ၇.၈ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး နေအိမ်ပေါင်း သန်းတစ်ဝက်ကျော်ပျက်ဆီးခဲ့ရာက  လူပေါင်း ၉,၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး ၂၂,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။  

စာသင်ကျောင်းပေါင်း ၈,၀၀၀ နီးပါးပျက်စီးခဲ့တာကြောင့် ကလေးငယ်တစ်သန်းနီးပါး စာသင်ခန်းမရှိတော့တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။  

ငလျင်ကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ Kathmandu တောင်ကြားရှိ UNESCO ကမ္ဘာ့အမွေအနှစ်နေရာတွေအပါအဝင် ရာနဲ့ချီတဲ့ အထိမ်းအမှတ်နေရာတွေနဲ့ တော်ဝင်နန်းတော်တွေ ပျက်စီးခဲ့ရတာက ခရီးသွားလုပ်ငန်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။   

ဗီဒီယိုကပုံတွေနဲ့ Google Maps က Kathmandu အဝိုင်းရဲ့ ပုံတို့ကိုနှိုင်းယှဉ်ပြီး ဗီဒီယိုရဲ့ တည်နေရာကို AFP က အတည်ပြုနိုင်ခဲ့ပါတယ်။ (Archived link) 

အောက်မှာ မှားယွင်းတဲ့ ဗီဒီယို (ဘယ်) နဲ့ Google Maps မှာတွေ့ရတဲ့ပုံ (ညာ) တို့ကိုနှိုင်းယှဉ်ထားတဲ့  screenshot ကိုတွေ့နိုင်ပါတယ်။  

Image
မှားယွင်းတဲ့ ဗီဒီယို (ဘယ်) နဲ့ Google Maps မှာတွေ့ရတဲ့ပုံ (ညာ) တို့ကိုနှိုင်းယှဉ်ထားတဲ့  Screenshot

Euro News သတင်းဌာနကလည်း ထပ်တူညီတဲ့ ဗီဒီယိုကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်က သူတို့ရဲ့ YouTube စာမျက်နှာပေါ်မှာ မျှဝေခဲ့ပါတယ်။ (Archived link) 

တိဗက်ငလျင်ပြီးတဲ့နောက် မှားယွင်းစွာပျံ့နှံ့လာတဲ့ လူမှုကွန်ရက်က အခြားဓာတ်ပုံတွေကိုလည်း AFP က အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်