ဉာဏ်ရည်တုနည်းပညာနဲ့ ဖန်တီးထားတဲ့ဓာတ်ပုံ ယူအေအီးလေယာဥ်ပျက်ကျမှုကဆိုပြီး မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 10 ဇန်နဝါရီ 2025 အချိန် 10h12
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • Raevathi SUPRAMANIAM, AFP မလေးရှား
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ အပေါ့စားလေယာဥ်တစ်စင်း အာရပ်စော်ဘွားများပြည်ထောင်စုမှာ ပျက်ကျခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ ရေပြင်ပေါ်ကလေယာဥ်တစ်စင်းရဲ့ ဓာတ်ပုံဟာ ဒီလေယာဥ်ပျက်ကျမှုကမဟုတ်ပါဘူး။ လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေတဲ့ ဓာတ်ပုံဟာ ဉာဏ်ရည်တုနည်းပညာ (AI) နဲ့ဖန်တီးထားတာဖြစ်ပြီး ဒီလေယာဥ်ပျက်ကျမှုရဲ့ မှန်ကန်တဲ့ပုံဖော်မှုမဟုတ်ပါဘူး။  

"ယူအေအီး အပေါ့စားလေယာဉ် ပျက်ကျမှု လေယာဉ်မှူး နှင့်တွဲဖက်လေယာဉ်မှူး သေဆုံး ဂျာဇီရာ လေကြောင်းကလပ်မှ အပေါ့စားလေယာဉ်တစ်စင်း အာရပ်စော်ဘွားမြောက်ပိုင်းရှိ ရာစ် အယ်လ်ခိုင်မာ ကမ်းရိုးတန်းတွင် ပျက်ကျခဲ့ လေယာဉ်မှူးရော တွဲဖက်လေယာဉ်မှူးပါ အသက်ဆုံးရှုံးခဲ့ရ" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့် မှာ ရေးသားထားပါတယ်။  

ရေပြင်ပေါ်ကလေယာဥ်တစ်စင်းရဲ့ဓာတ်ပုံကိုလည်း ဒီပို့စ်နဲ့အတူမျှဝေထားပါတယ်။  

Image
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်မှာ အာရပ်စော်ဘွားများ ပြည်ထောင်စုရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ Ras Al Khaimah ကမ်းရိုးတမ်းလွန် ပင်လယ်ပြင်မှာ အပေါ့စားလေယာဥ်တစ်စင်း ပျက်ကျခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့တယ်လို့ Emirati လေကြာင်းအာဏာပိုင်တွေက ထုတ်ပြန်ခဲ့တဲ့နောက် ဒီဓာတ်ပုံ ပျံ့နှံ့လာတာဖြစ်ပါတယ်။ (Archived link)

ပျက်ကျသွားတဲ့လေယာဥ်ဟာ Jazirah Avaiation Club ပိုင်တဲ့ လေယာဥ်တစ်စင်းဖြစ်ပြီး ဒီပျက်ကျမှုမှာ လေယာဥ်မှူးနဲ့ လက်ထောက်လေယာဥ်မှူးတို့ သေဆုံးခဲ့တယ်လို့ အထွေထွေမြို့ပြလေကြောင်းအာဏာပိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

လေကြောင်းအာဏာပိုင်တွေက ဒီလေယာဥ်ပျက်ကျမှုရဲ့ဖြစ်စဥ်ကို စုံစမ်းမှုတွေပြုလုပ်နေတယ်လို့ပြောဆိုခဲ့ပေမဲ့ ဒီဖြစ်စဥ်နဲ့ပက်သက်ပြီး အခြားအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုထာမျိုးမရှိခဲ့ပါဘူး။ ဒါအပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့အထိ လေယာဥ်ပျက်ကျမှုကဓာတ်ပုံတွေ ထုတ်ဖော်ခဲ့တာမျိုးလည်း မရှိပါဘူး။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို မြန်မာနိုင်ငံအပြင် မလေးရှားဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတွေမှာလည်း ပျံ့နှံ့ခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေတဲ့ တချို့ပို့စ်တွေမှာ ဆင်တူတဲ့ ဒုတိယဓာတ်ပုံတစ်ပုံလည်းပါရှိပါတယ်။ 

မှားယွင်းဖော်ပြမှု 

Jazirah Aviation Club ရဲ့ Instagram အကောင့်ကို စစ်ဆေးကြည့်တဲ့အခါ ကလပ်က အပေါ့စားလေယာဥ်တွေကို အသုံးပြုပြီး လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေတဲ့ ဓာတ်ပုံထဲက ဂျက်လေယာဥ်နဲ့ မတူညီတာကို တွေ့ရပါတယ်။ (Archived link)

ကုမ္ပဏီရဲ့ ဝဘ်ဆိုဒ်အရ Jazirah Aviation Club ဟာ ယူအေအီးနိုင်ငံမှာ microlight နဲ့ light sport လေယာဥ်တွေကိုအသုံးပြုဖို့ အထွေထွေမြို့ပြလေကြောင်းအာဏာပိုင်ရဲ့ ခွင့်ပြုချက်ရရှိထားတဲ့ ပထမဆုံးကလပ်တစ်ခုဖြစ်ပါတယ်။ ဒီကုမ္ပဏီ ဟာ microlight, gyrocopters, powered parachutes နဲ့ paramotors စတဲ့ လေယာဥ် ၅၀ ခန့် ပိုင်ဆိုင်ထားပါတယ်။ (Archived link)

ဒီပို့စ်ထဲကဓာတ်ပုံကို အသေးစိတ်ထပ်မံစစ်ဆေးကြည့်တဲ့အခါ အောက်မှာ "Grok" ဆိုတဲ့ အမှတ်အသားပါရှိနေတာ တွေ့ရပါတယ်။ 

Image
"Grok" အမှတ်အသားကို ဓာတ်ပုံအောက်မှာတွေ့ရ

Grok ဟာ Elon Musk တည်ထောင်တဲ့ xAI ကုမ္ပဏီက တီထွင်ဖန်တီးထားတဲ့ ဉာဏ်ရည်တုနည်းပညာတစ်ခုဖြစ်ပြီး Aurora လို့ခေါ်တဲ့ စာသားကနေရုပ်ပုံကို ဖန်တီးပေးတဲ့ နည်းပညာကို အသုံးပြုပါတယ်။ (Archived links here and here)

အမေရိကန်ပြည်ထောင်စုက Purdue တက္ကသိုလ်ရဲ့ Purdue Machine Learning နှင့် Media Forensics Lab ဦးဆောင်သူဖြစ်တဲ့ Shu Hu က ဒီဓာတ်ပုံတွေဟာ AI နည်းပညာနဲ့ ဖန်တီးထားထာ သိသာတယ်လို့ AFP ကို ပြောပါတယ်။  

ဒီဓာတ်ပုံထဲက မှားယွင်းချက်တွေကို Hu က အောက်ကဓာတ်ပုံမှာအမှတ်အသားပြုလုပ်ပြီး AFP ကို ပေးပို့ခဲ့ပါတယ်။

ပထမဓာတ်ပုံထဲက ပြတင်းပေါက်တွေကို သူက အနီရောင်နဲ့အမှတ်အသားပြုလုပ်ပြီး ပြတင်းပေါက်တွေဟာ ပုံမှန် ညီညီညာညာမရှိတာကို ထောက်ပြခဲ့ပါတယ်။

Image
ဓာတ်ပုံတွေထဲက မမှန်ကန်မှုတွေကို Hu က အမှတ်အသားတွေနဲ့ ထောက်ပြ

"ဒါအပြင် အစိမ်းရောင်နဲ့အမှတ်အသားပြုလုပ်ထားတဲ့ လေယာဥ်ရဲ့ညာဘက်ကပ်လျက်က ပုံသဏ္ဍာန်ဟာ မှုန်ဝါးပြီး လေယာဥ်ရဲ့အစိတ်အပိုင်းဟုတ်မဟုတ်မသေချာပါဘူး" လို့ Hu က ပြောပါတယ်။  

ဒုတိယဓာတ်ပုံထဲက လေယာဥ်ရဲ့ ပြတင်းပေါက်တွေဟာ အရွယ်အစားမတူညီဘူးလို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။  

အစစ်အမှန်ဓာတ်ပုံဆိုရင် လေယာဥ်ရဲ့ ကိုယ်ထည်နဲ့ ပြတင်းပေါက်တွေတည်ရှိတဲ့မျဥ်းကြောင်းဟာ တည့်နေမှာဖြစ်တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

"ဓာတ်ပုံအစစ်သာဆိုရင် ဒီမျဥ်းသုံးကြောင်းဟာ အမှတ်တစ်ခုဆီမှာ ဆုံစည်းကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံထဲက မျဥ်းသုံးကြောင်းဟာ အမှတ်တစ်ခုမှာ မဆုံစည်းနေပါဘူး။"  

အောက်မှာ Hu ထောက်ပြထားတဲ့ အမှတ်အသားနဲ့ဓာတ်ပုံကို တွေ့နိုင်ပါတယ်။  

Image
လေယာဥ်ရဲ့ ကိုယ်ထည်နဲ့ ပြတင်းပေါက်တွေ တည့်ညီမှုမရှိတာကို Shu Hu က အမှတ်အသားတွေနဲ့ ထောက်ပြ

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ