ဂျပန်ကိုရိုက်ခတ်လာတဲ့ဆူနာမီလှိုင်းတွေဆိုပြီး AI ဗီဒီယို မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 14 ဇူလိုင် 2025 အချိန် 09h34
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • Jan Cuyco, AFP ဖိလစ်ပိုင်
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
၂၀၂၅ ခုနှစ်၊ ဇူလိုင်လနှောင်းပိုင်းက ရုရှားနိုင်ငံ အရှေ့ဖျားဒေသမှာ ၈ ဒဿမ ၈ မဂ္ဂနီကျုအဆင့်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံအပါအဝင် ပစိဖိတ်သမုဒ္ဒရာတစ်ဝိုက်က နိုင်ငံတွေမှာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ ဒါပေမဲ့ Facebook နဲ့ TikTok မှာ ကြည့်ရှုမှုအကြိမ်ရေ ၃၉ သန်းကျော်ရှိတဲ့ ဂျပန်နိုင်ငံက ကျွန်းတစ်ခုကို ရိုက်ခတ်လာတဲ့ ဆူနာမီလှိုင်းတွေရဲ့ ဝေဟင်မြင်ကွင်းဟာ ဥာဏ်ရည်တုနည်းပညာ (AI) နဲ့ ဖန်တီးထားတာပဲဖြစ်ပါတယ်။  

ကမ်းရိုးတန်းတစ်လျှောက်လှိုင်းလုံးတွေချဥ်းကပ်လာတာကို လေယာဥ်ပေါ်ကနေရိုက်ကူးထားပုံရတဲ့ ဗီဒီယိုတစ်ခုကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်က ဒီ Facebook ပိုစ့်မှာ မျှဝေထားပါတယ်။  

"ဒီကနေ့ ဂျပန်မှာဝင်သွားတဲ့ ဆူနာမီ မုန်တိုင်းကို လေယာဉ်အပေါ်ကနေရိုက်ကူးမိခဲ့တဲ့ vd ဖိုင်ပဲဖြစ်ပါတယ် အလျား 30000 ထိရှိတယ်လို့ ပြောထားကြပါတယ်" (မူရင်းအတိုင်း) ဆိုပြီး တစ်စိတ်တစ်ပိုင်းရေးသားထားတဲ့ အပြင် "ဂျပန်မှာဝင်သွားတဲ့ ဆူနာမီမုန်တိုင်း" (မူရင်းအတိုင်း) ဆိုတဲ့ စာသားကိုလည်း ဗီဒီယိုထဲမှာ ထည့်သွင်းရေးသားထားပါတယ်။  

Image
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်က ရယူထားတဲ့မှားယွင်း Facebook ပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုထား

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်က ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်မှာ အင်အား ၈ ဒဿမ ၈ မဂ္ဂနီကျုအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့တဲ့နောက် ပစိဖိတ်သမုဒ္ဒရာတစ်လျှောက်မှာရှိတဲ့နိုင်ငံတွေက လူသန်းပေါင်းများစွာကို ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ (Archived link)  

၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံမှာ ငလျင်ကြီးလှုပ်ခတ်မှုနဲ့ ဆူနာမီရေလှိုင်းတို့ကြောင့် လူပေါင်း ၁၅,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်း နှစ်သန်းနီးပါးကို ကုန်းမြင့်ပေါ်ရွှေ့ပြောင်းစေခဲ့ရပါတယ်။ အဲဒီအချိန်က အမြင့်ဆုံးရေလှိုင်းဟာ ၁.၃ မီတာ (လေးပေ) အထိရှိခဲ့ပါတယ်။  

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နှောင်းပိုင်းမှာ ဂျပန်နိုင်ငံက  ဆူနာမီသတိပေးချက်ကို အကြံပေးချက်အဆင့်အထိ လျှော့ချလိုက်ပါတယ်။ နောက်နေ့မှာလည်း ၀.၇ မီတာအထိမြင့်တဲ့ ရေလှိုင်းတွေကိုသာ တွေ့ခဲ့ရပါတယ်။   

ဖန်တီးပြုလုပ်ထားတဲ့ ရေလှိုင်းတွေရဲ့ ဗီဒီယိုကို စာလုံးပေါင်းမှန်ကန်မှုမရှိတဲ့ စာသားတွေနဲ့ Facebook စာမျက်နှာ ၁၇၀ ကျော်ကမျှဝေနေကြပြီး အများစုက အိမ်သုံးပစ္စည်းအရောင်း ဝဘ်ဆိုဒ်တွေရဲ့ လင့်ခ်တွေကို ထည့်သွင်းထားကြပါတယ်။  

တူညီတဲ့ မှားယွင်းပြောဆိုမှုတွေကို Facebook နဲ့ TikTok မှာ မြန်မာဘာသာအပြင် တဂါလော့ဘာသာစကားနဲ့ပါမျှဝေနေကြပြီး ကြည့်ရှုမှုအကြိမ်ရေစုစုပေါင်း ၃၉ သန်းခန့်ရှိပါတယ်။ 

ဒါပေမဲ့ ဒီဗီဒီယိုဟာ အစစ်အမှန်မဟုတ်ပါဘူး။  

ဗီဒီယိုကရုပ်ပုံတွေအသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်က မျှဝေထားတဲ့ ဒီ YouTube ဗီဒီယိုကို AFP ကတွေ့ခဲ့ပါတယ်။ အဲဒီ YouTube စာမျက်နှာက AI အထူးပြုလုပ်ချက်တွေမျှဝေဖို့ဆိုပြီး ဖော်ပြထားပါတယ်။ (Archived links here and here)    

"အမြင့်ပေ ၃၀,၀၀၀ ကနေတွေ့ခဲ့ရတာ" ဆိုတဲ့စာသားအပြင် ဗီဒီယိုကို AI နည်းပညာနဲ့ ပြုလုပ်ထားတယ်ဆိုတဲ့ hashtag တွေလည်းပါဝင်ပါတယ်။   

Image
မှားယွင်း Facebook ပိုစ့် (ဘယ်) နဲ့ YouTube ဗီဒီယို (ညာ) ကိုနှိုင်းယှဥ်ပြီး "ပြုပြင်ပြောင်းလဲထားတာ သို့မဟုတ် ဖန်တီးထားတာ" ဆိုတဲ့ အညွှန်းစာကို AFP က အမှတ်အသားပြုထား

"အမှန်တကယ်လို့ထင်ရအောင် ပြုပြင်ပြောင်းလဲထားတဲ့ သို့မဟုတ် ဖန်တီးထားတဲ့ အကြောင်းအရာတွေကို" မြင်သာအောင်ဖော်ပြဖို့ YouTube ရဲ့တိုက်တွန်းချက်အရ အဲဒီ ချန်နယ်က "ပြုပြင်ပြောင်းလဲထားတာ သို့မဟုတ် ဖန်တီးထားတာ" ဆိုတဲ့ အညွှန်းစာကို ဗီဒီယိုမှာ ထည့်သွင်းထားပါတယ်။ (Archived link

ဒါအပြင် ဗီဒီယိုထဲမှာ ရုပ်ပုံကွဲလွဲချက်တွေ ပါဝင်နေတာကို AFP ကတွေ့ခဲ့ရပါတယ်။  

အဖြူရောင်လှိုင်းလုံးတွေက ကမ်းခြေကိုရိုက်ခတ်တဲ့အခါ အခြားလှိုင်းတွေကနေ သဘာဝမကျစွာကွဲထွက်သွားတာကို တွေ့နိုင်ပါတယ်။  

Image
ရုပ်ပုံကွဲလွဲချက်ကို AFP ကမြင်သာအောင်အမှတ်အသားပြုထား

ဗီဒီယိုရိုက်ကူးနေတဲ့ လေယာဉ်ကလည်း အရှေ့ကို ရွေ့လျားနေပုံမရပါဘူး။  

မှားယွင်းပျံ့နှံ့နေတဲ့ ဗီဒီယိုဟာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်က ဂျပန်နိုင်ငံ အခြေစိုက် NHK ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ ဂျပန်နိုင်ငံ ကမ်းရိုးတန်းဒေသတွေကို ရိုက်ခတ်ခဲ့တဲ့ ဆူနာမီလှိုင်းတွေရဲ့ မြင်ကွင်းတွေနဲ့ တူညီမှုမရှိပါဘူး။ (Archived link

Hokkaido ကမ်းရိုးတန်းတစ်လျှောက် ရေလှိုင်းတွေဟာ အမြင့်ပေ ၅၀ ကနေ ၈၀ စင်တီမီတာ (၁.၆ ကနေ ၂.၆ ပေ) အထိရှိတယ်လို့ NHK ကဖော်ပြထားပါတယ်။  

ရုရှားငလျင်နဲ့ ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေအပြင် သဘာဝဘေးအန္တရာယ်တွေကဆိုပြီး AI နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုတွေကို AFP က အချက်အလက်စိစစ်ထားပါတယ်။   

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ