အင်ဒိုနီးရှားက စက်လှေမတော်တဆမှုဗီဒီယိုကို မြန်မာနိုင်ငံကဆိုပြီး မှားယွင်းမျှဝေ

စက်လှေတစ်စင်းကို ဆွဲသင်္ဘောက တိုက်မိစဥ် လှေပေါ်ကလူတွေ မြစ်ထဲခုန်ချနေတဲ့ ဗီဒီယိုကို ပြည်တွင်းစစ်တွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ ဧရာဝတီမြစ်ထဲမှာ စစ်တပ်သင်္ဘောတစ်စင်းက ခရီးသည်တင်လှေတစ်စင်းကို တိုက်မိခဲ့တယ်ဆိုပြီး မှားယွင်းမျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဟာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ Kalimantan အလယ်ပိုင်းဒေသမှာ လူသေဆုံးမှုရှိခဲ့တဲ့ လှေတိုက်မှုတစ်ခုအကြောင်းဖော်ပြထားတဲ့ သတင်းဆောင်းပါးတွေမှာ ယခင်ကတည်းက ပျံ့နှံ့နေပါတယ်။  

"မန္တလေး ဂေါဝန်ဆိပ်က တက်လာတဲ့ စစ်သင်္ဘောအုပ်စု ဆွဲသင်္ဘောတစ်စီး ပြည်သူ့တွေ့ လိုက်ပါလာတဲ့ စက်လှေကို ကျော်တက်ရင် စစ်ဆေးမေးမြန်းနေချိန် ဆွဲသင်္ဘော ကပ္ပတိန်မှ အတင်း ဆွဲလို့ လှေကို ဝင်ကြိတ်ပြီ။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၉ ရက်ကမျှဝေထားတဲ့ Facebook ပို့စ်မှာ တစ်စိတ်တစ်ပိုင်းရေးသားထားပါတယ်။  

ကြည့်ရှုမှုအကြိမ်ရေ ၅ သိန်းကျော်ရှိနေတဲ့ ဒီဗီဒီယိုထဲမှာ ခရီးသည်တင်သစ်သားစက်လှေတစ်စင်းဟာ သင်္ဘောတစ်စင်းနဲ့ ဆွဲလှေတစ်စင်းအကြား ညှပ်မိနေတာကို တွေ့ရပါတယ်။ အဲဒီနောက် သင်္ဘောဟာခရီးသည်တင်စက်လှေနဲ့ တိုက်မိခဲ့ပြီး ခရီးသည်တွေဟာ မြစ်ထဲခုန်ဆင်းခဲ့ကြတာကို တွေ့ရပါတယ်။  

ဒီဖြစ်ရပ်ဟာ ဧရာဝတီမြစ်ကမ်းပါးမှာတည်ရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသကကျေးရွာတွေဖြစ်တဲ့ တကောင်းနဲ့ ကသာမြို့ကြားမှာ ဖြစ်ပွားခဲ့တယ်လို့ မှားယွင်းပို့စ်ကဆိုပါတယ်။  

Image
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ကို AFP က X အမှတ်အသားပြုလုပ်ထား

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဒီဗီဒီယိုကို Facebook မှာ ပို့စ်အတော်များများက ပြန်လည်မျှဝေနေကြပါတယ်။ ဒါဟာ မန္တလေးတိုင်းဒေသကြီးထဲက စစ်ရေးအရအဓိကကျတဲ့ မြို့တွေကို မြန်မာစစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကြေညာခဲ့တဲ့နောက် ပျံ့နှံလာတာဖြစ်ပါတယ်။ (Archived link)

စစ်တပ်ရဲ့ရေယာဥ်တွေ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွေ့ရတယ်လို့ မဇ္ဈိမသတင်းဌာနကဖော်ပြထားပြီး ဒါဟာ ဒေသတွင်းစစ်တပ်ရဲ့ ထိုးစစ်အရှိန်မြင့်လှုပ်ရှားမှု လက္ခဏာတစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။ (Archived link)

၂၀၂၁ ခုနှစ်မှာ စစ်တပ်က ပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့ NLD အစိုးရကို ဖြုတ်ချအာဏာသိမ်းယူခဲ့တဲ့နောက် လူထုအုံကြွမှုတွေဖြစ်ပွားခဲ့ပြီး ဒီမိုကရေစီလိုလားတဲ့ ဆန့်ကျင်ရေးတပ်ဖွဲ့တွေအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ မြန်မာနိုင်ငံတစ်ဝှမ်းဖြစ်ပွားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ စစ်တပ်ဆန့်ကျင်ရေးမဟာမိတ်တပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို တရုတ်နဲ့ ရုရှားတို့ကထောက်ခံတဲ့ မြန်မာစစ်တပ်ဟာ ယခုလပိုင်းတွေမှာ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။   

ဒါပေမဲ့ ဧရာဝတီမြစ်ထဲ စစ်တပ်ရဲ့စက်လှေတစ်စင်းက ခရီးသည်တင်လှေနဲ့ တိုက်မိခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းဖော်ပြမှုတွေမရှိခဲ့ပါဘူး။  

အင်ဒိုနီးရှားက လှေတိုက်မှု  

မှားယွင်းဖော်ပြထားတဲ့ ဗီဒီယိုထဲကရုပ်ပုံတွေကိုအသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဗီဒီယိုဖြန့်ချီရေးသတင်းဌာနတစ်ခုဖြစ်တဲ့ Newsflare က ဇူလိုင်လ ၈ ရက်မှာ မျှဝေထားတာ တွေ့ရပါတယ်။ (Archived link)

"ကူးတို့လှေတစ်စင်းအား ကျောက်မီးသွေးသယ်စက်လှေမှတိုက်မိစဥ် ခရီးသည်များ မြစ်အတွင်းသို့ ခုန်ချ" ဆိုတဲ့ခေါင်းစဥ်နဲ့ ဒီဖြစ်စဥ်ကို အခြားရှုထောင့်ကရိုက်ကူးထားတဲ့ ဗီဒီယိုအပြင် ကယ်ဆယ်ရေးဗီဒီယိုတွေကိုပါ ပူးတွဲတင်ပြထားတဲ့ ဗီဒီယိုမှာ ဖော်ပြထားပါတယ်။  

ဗီဒီယိုရဲ့ဖော်ပြချက်အရ ဒီဗီဒီယိုကို ဇူလိုင်လ ၈ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ၊ Kalimantan အလယ်ပိုင်းဒေသက Barito မြစ်ထဲရိုက်ကူးထားကြောင်း သိရပါတယ်။  

Image
မှားယွင်းပို့စ်ကဗီဒီယို (ဘယ်) ကို Newsflare ဗီဒီယိုနဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

Barito မြစ်ထဲက ကျောက်မီးသွေးဆိပ်ခံတံတားအနီးရိုက်ကူးထားတဲ့ Google Maps က မြင်ကွင်းတွေက ဗီဒီယိုထဲကမြင်ကွင်းတွေနဲ့ တူညီနေပါတယ်။ (Archived link)

Image
မှားယွင်းပို့စ်ကဗီဒီယို (ဘယ်) ကို Google Maps ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားပြီး တူညီမှုတွေကို AFP မှ အမှတ်အသားပြုလုပ်ထား

အင်ဒိုနီးရှားသတင်းဌာနတစ်ခုဖြစ်တဲ့ Metro TV ကလည်း ဒီမတော်တဆမှုအကြောင်းသတင်းတင်ပြမှုနဲ့အတူ ဗီဒီယိုကို ၎င်းတို့ရဲ့ YouTube ချန်နယ်မှာ ဇူလိုင်လ ၁၀ ရက်က မျှဝေထားပါတယ်။ (Archived link)

အင်ဒိုနီးရှားသတင်းဌာ Antara ရဲ့ ဇူလိုင် ၁၀ ရက် သတင်းတင်ပြမှုအရ ခရီးသည်အယောက် ၄၀ စီးနင်းလိုက်ပါလာတဲ့ ကူးတို့စက်လှေဟာ စက်ချို့ယွင်းမှုကြုံတွေ့ခဲ့ရပြီး ဆွဲသင်္ဘာရဲ့ လမ်းကြောင်းပေါ် မျောပါခဲ့တယ်လို့ သိရပါတယ်။ (Archived link)

ခရီးသည်နှစ်ဦးရဲ့ ရုပ်အလောင်းကို ကယ်ဆယ်ရေးလုပ်သားတွေက ဆယ်ယူနိုင်ခဲ့ပြီး တတိယမြောက်ခရီးသည်တစ်ဦး ပျောက်ဆုံးလျှက်ရှိနေပါတယ်။  

မြန်မာနိုင်ငံက မငြိမ်မသက်မှုတွေနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ