ဝေလငါးတွေ ရုရှားကမ်းရိုးတန်းမှာ သောင်တင်ခဲ့တဲ့ဗီဒီယိုဟောင်းကို ၂၀၂၅ ငလျင်နဲ့ မှားယွင်းချိတ်ဆက်မျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 15 ဇူလိုင် 2025 အချိန် 07h58
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • Sachin BAGHEL, AFP အိန္ဒိယ
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
ဇူလိုင်လ ၃၀ ရက်က ရုရှားနိုင်ငံရဲ့ လူသူအရောက်အပေါက်နည်းတဲ့အရှေ့ဖျားဒေသမှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် သောင်တင်ခဲ့တဲ့ beluga ဝေလငါးတွေဆိုပြီး ဗီဒီယိုဟောင်းတစ်ခုကို မှားယွင်းမျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဟာ ရုရှားနိုင်ငံအရှေ့ပိုင်း Kamchatka ဒေသမှာ ဝေလငါးသောင်တင်မှုအကြောင်း ဖော်ပြထားတဲ့ သတင်းဆောင်းပါးတွေမှာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လကတည်းကပျံ့နှံ့နေခဲ့ပါတယ်။ 

"ရုရှားနိုင်ငံ၌ ဆူနာမီရေလှိုင်းဝင်ရောက်ပြီးနောက်၊ ကမ်ချတ်ကာကမ်းခြေတွင် beluga ဝေလငါး(၅)ကောင် သောင်တင်နေခဲ့သည်။" (မူလအတိုင်း) ဆိုပြီး သြဂုတ်လ ၁ ရက်က မျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။

Image
သြဂုတ်လ ၁၅ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

ဒါအပြင် "ဒီသောင်တင်မှုဟာ မကြာခင်ကျရောက်တော့မယ် ငလျင်ဘေးအတွက် ကြိုတင်သတိပေးမှုဖြစ်တယ်"ဆိုတဲ့ ပြောဆိုမှုတွေနဲ့အတူ ဟိန္ဒီဘာသာစကားနဲ့လည်း အိန္ဒိယနိုင်ငံက လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပါသေးတယ်။  

Image
ဇူလိုင်လ ၃၁ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

ရုရှားနိုင်ငံအရှေ့ပိုင်းက လူသူအရောက်အပေါက်နည်းတဲ့ Kamchatka ကမ်းရိုးတန်းအနီး ပြင်းအား ၈ ဒဿမ ၈ မဂ္ဂနီကျုငလျင်လှုပ်ခတ်ခဲ့တဲ့နောက် ဒီမှားယွင်းပို့စ်တွေ ပျံ့နှံ့လာတာဖြစ်ပါတယ်။ (Archived link

အမြင့် လေးမီတာ (၁၂ ပေ) အထိရှိတဲ့ ရေလှိုင်းရိုက်ခတ်မှုတွေ ကြုံတွေ့နိုင်တဲ့ခန့်မှန်းချက်ကြောင့် ဂျပန်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုနဲ့ အီကွေဒေါနိုင်ငံတို့အထိ ပစိဖိတ်ဒေသတစ်လျှောက် ဒါဇင်ချီတဲ့နိုင်ငံတွေက ကမ်းရိုးတန်းနေပြည်သူတွေ ဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ရပါတယ်။  

နောက်ပိုင်းမှာ ဆူနာမီသတိပေးချက်တွေကို ပြန်လည်ရုတ်သိမ်းခဲ့ပြီး Kamchatka ဒေသက ပြည်သူတွေအပါအဝင် သန်းနဲ့ချီတဲ့ ယာယီရွှေ့ပြောင်းသူတွေ နေအိမ်ပြန်ခွင့်ရခဲ့ပါတယ်။

ဂျပန်နိုင်ငံက အမျိုးသမီးတစ်ဦးသာ ဘေးလွတ်ရာသို့ရှောင်တိမ်းစဥ် သူမရဲ့ကား ချောက်ကမ်းပါးထဲ ပြုတ်ကျခဲ့တဲ့အတွက် သေဆုံးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

တူညီတဲ့ပြောဆိုမှုတွေနဲ့ ဒီဗီဒီယိုကို Facebook နဲ့ X စာမျက်နှာတွေမှာလည်း မျှဝေနေကြပါတယ်။  

ဗီဒီယိုထဲကရုပ်ပုံတွေကိုအသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်မှာ မျှဝေထားတဲ့ YouTube ဗီဒီယိုတစ်ခုကို တွေ့ရပါတယ်။ မှားယွင်းပို့စ်က ဗီဒီယိုဟာ ဒီ YouTube ဗီဒီယိုကို ပြောင်းပြန်လှန်ထားတာဖြစ်ပါတယ်။ သောင်တင်လာတဲ့ beluga ဝေလငါးမိသားစုတစ်စုကို Kamchatka ဒေသခံတွေက ကယ်တင်နေတဲ့ဗီဒီယိုဆိုပြီး ခေါင်းစဥ်ဖော်ပြထားပါတယ်။ (Archived link

Image
မှားယွင်းပို့စ်ကဗီဒီယို (ဘယ်) ကို ၂၀၂၃ ခုနှစ်က YouTube ဗီဒီယိုနဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

ရုရှားသတင်းဌာနတစ်ခုဖြစ်တဲ့ Kamchatka Inform ရဲ့အမည်ကို ဗီဒီယိုထဲကစာသားမှာတွေ့ရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်က အရွယ်ရောက်ဝေလငါးကြီး လေးကောင်နဲ့ သားပေါက်တစ်ကောင်ပါဝင်တဲ့ beluga ဝေလငါးမိသားတစ်စုဟာ ဒီရေကျချိန် Tigil မြစ်ကမ်းဝမှာ သောင်တင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ (Archived here

ဒီရေပြန်တက်လာချိန်မှာ ဒီဝေလငါးအားလုံး ပင်လယ်ပြင်ထဲ ပြန်လည်ဝင်ရောက်နိုင်ခဲ့တယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။  

ငလျင်လှုပ်ခတ်မှုတွေမတိုင်ခင်မှာ တိရစ္ဆာန်တွေဟာ ထူးဆန်းတဲ့အပြုအမူတွေလုပ်ဆောင်တတ်ကြောင်း ပြောဆိုမှုတွေရှိပေမယ့် ဒီဆက်စပ်မှုကို သိပ္ပံနည်းကျအတည်ပြုနိုင်မှုမရှိသေးဘူးလို့ အမေရိကန်ဘူမိဗေဒစစ်တမ်းက ရှင်းလင်းထားပါတယ်။ (Archived here)

ရုရှားငလျင်နဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်