
အစ္စရေးစစ်သားတွေကို ပြည်သူတွေအားပေးနေတဲ့ ဗီဒီယိုဟာ AI ဖန်တီးမှုသာဖြစ်
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 19 ဇူလိုင် 2025 အချိန် 07h01
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"Gaza ကိုစစ်ရေးအရအပြီးတိုင်သိမ်းပိုက်ဖို့ အစ္စရေးစစ်သည်တော်များ မိမိနိုင်ငံမှစစ်ရေးချီတက်နေစဉ် အစ္စရေးပြည်သူများမှ ကြိုဆိုချီးမွမ်းထောက်ခံနေကြစဉ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ တစ်စိတ်တစ်ပိုင်းရေးသားထားပါတယ်။
ကြည့်ရှုမှုအကြိမ်ရေ ၁၅၄,၀၀၀ ကျော်ရှိတဲ့ ၈ စက္ကန့်ကြာဗီဒီယိုမှာ လူအုပ်ကြီးက အစ္စရေးအလံတွေကို ဝှေ့ယမ်းကာ စစ်သားတွေနဲ့ တင့်ကားတွေကို ကြိုဆိုနှုတ်ဆက်နေကြပါတယ်။

ပြည်တွင်းရော ပြည်ပကပါ ဝေဖန်သံတွေထွက်ပေါ်ခဲ့တဲ့ အစ္စရေးစစ်တပ်ရဲ့ ဂါဇာမြို့တော်ကို ထိန်းချုပ်ဖို့ အစီအစဥ်သစ်တစ်ရပ် ကြေညာခဲ့တဲ့နောက် ဒီမှားယွင်းပြောဆိုမှုနဲ့ ဗီဒီယိုတွေဟာ Facebook မှာပျံ့နှံ့လာတာပဲဖြစ်ပါတယ်။ (Archived link)
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်က ဟာမက်စ်တို့ရဲ့ အစ္စရေးကို မကြုံစဖူးတိုက်ခိုက်မှုကနေ စတင်ခဲ့တဲ့ ဂါဇာစစ်ပွဲဟာ ၂၂ လကျော်ကြာမြင့်နေပြီဖြစ်ပြီး နိုင်ငံအတွင်းမှာ ဓားစာခံတွေရဲ့ လွတ်မြောက်ရေးသဘောတူညီချက်ကိုရယူပြီး ဒီပဋိပက္ခကို အဆုံးသတ်လိုသူတွေကတစ်ဘက် ပါလက်စတိုင်းလက်နက်ကိုင်တွေကို တစ်ကြိမ်တည်း အပြီးတိုင်နိမ်နင်းလိုသူတွေကတစ်ဘက်နဲ့ အားပြိုင်လွန်ဆွဲလျက်ရှိနေပါတယ်။
တရားဝင်ကိန်းဂဏန်းတွေကိုအခြေခံပြီး AFP ရဲ့ ရေတွက်မှုအရ ဟာမက်စ်ရဲ့ တိုက်ခိုက်မှုကြောင့်လူပေါင်း ၁,၂၁၉ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ တိုက်ခိုက်မှုအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ဓားစာခံ ၂၅၁ ဦးအနက် ၄၉ ဦးကို ဂါဇာမှာထိန်းသိမ်းထားဆဲဖြစ်ပြီး ၂၇ ဦးကတော့ သေဆုံးသွားခဲ့ပြီလို့ အစ္စရေးစစ်တပ်ကပြောပါတယ်။
အစ္စရေးရဲ့ထိုးစစ်ကြောင့် ပါလက်စတိုင်းနိုင်ငံသား အနည်းဆုံး ၆၁,၇၂၂ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဆိုထားပြီး ကုလသမဂ္ဂကလည်း ဒီကိန်းဂဏန်းတွေဟာ မှန်ကန်ကြောင်း အတည်ပြုထားပါတယ်။
ဒါပေမဲ့ ဗီဒီယိုဟာ AI နဲ့ဖန်တီးထားတာပဲဖြစ်ပါတယ်။
Veo AI နဲ့ ဖန်တီးထားတဲ့ ဗီဒီယို
ဗီဒီယိုကရုပ်ပုံတွေအသုံးပြုပြီး Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်က မျှဝေထားတဲ့ ဒီ TikTok ဗီဒီယိုကိုတွေ့ခဲ့ရပါတယ်။ "ရာနဲ့ချီတဲ့ အစ္စရေးတပ်တွေဟာ အီရန်ရဲ့တိုက်ခိုက်မှုကို လက်စားချေရန်အသင့်" ဆိုပြီး အင်ဒိုနီးရှားဘာသာနဲ့ စာသားပါရှိပါတယ်။
ဝဘ်ဆိုဒ်ရဲ့ "About this image" ဆိုတဲ့ စာတမ်းကို နှိပ်လိုက်ရာ ဗီဒီယိုကို Google ရဲ့ AI နည်းပညာကိုအသုံးပြုပြီး ဖန်တီးထားတယ်ဆိုတဲ့ ဖော်ပြချက်ကို တွေ့ခဲ့ရပါတယ်။
Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပျံ့နှံ့နေတဲ့ ဓာတ်ပုံမှာ SynthID ရဲ့ ရေစာအမှတ်သားကို တွေ့ရပြီး ဒါဟာ "AI နည်းပညာနဲ့ ဖန်တီးထားတာ ဒါမှမဟုတ် ပြုပြင်မွမ်းမံထားတာကြောင့်ဖြစ်တယ်" လို့ AFP ကို ပြောပါတယ်။
၂၀၂၃ ခုနှစ်မှာ Google ရဲ့ AI lab က ဖန်တီးထားတဲ့ SynthID ဟာ ဒစ်ဂျစ်တယ်ရေစာထုတ်လုပ်မှုအပြင် Google AI နဲ့ဖန်တီးထားတဲ့ ဓာတ်ပုံတွေကို စစ်ဆေးထုတ်ဖော်မှုတွေပြုလုပ်ပေးတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ (Archived links here and here)
ဗီဒီယိုနှစ်ခုလုံးရဲ့ အလယ်မှာ TikTok အကောင့်ရဲ့ အမည်နဲ့ ညာဘက်အောက်ထောင့်မှာ "Veo" ဆိုတဲ့ ရေစာအမှတ်အသားကိုတွေ့နိုင်ပါတယ်။
Veo ဟာ Google ရဲ့ ဗီဒီယိုထုတ်လုပ်ရေးပလက်ဖောင်းတစ်ခုဖြစ်ပြီး ရှစ်စက္ကန့်ကြာဗီဒီယိုတွေကို ဖန်တီးပေးပါတယ်။ (Archived link)

မှုန်ဝါးပြီး ပုံပျက်နေတဲ့ မျက်နှာတွေနဲ့ ပုံသဏ္ဌာန်လွဲမှားနေတဲ့ခြေလက်တွေ စတဲ့ ရုပ်ပုံကွဲလွဲမှုတွေက AI နဲ့ဖန်တီးထားတာကို သိသာစေပါတယ်။
AI နည်းပညာဟာ ယခုအချိန်မှာ တရှိန်ထိုးတိုးတက်နေပေမယ့် ဒီရုပ်ပုံကွဲလွဲမှုတွေက လုပ်ကြံဖန်တီးထားတဲ့ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုတွေဖြစ်ကြောင်း သိသာစေတဲ့ အကောင်းဆုံးသဲလွန်စတွေဖြစ်ပါတယ်။

ဂါဇာစစ်ပွဲနဲ့သက်ဆိုင်တဲ့ AI ဖန်တီးချက်တွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်