
သီရိလင်္ကာပြည်တွင်းစစ်ကဗီဒီယိုကို မြန်မာနိုင်ငံကဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 26 ဇူလိုင် 2025 အချိန် 09h32
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း, AFP သီရိလင်္ကာ
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"မင်းပြားက AA ခဲဝါစခန်းတွေကိုကျွေးနေတာပါတဲ့ Video ကတော့ AA အကြမ်းဖက်အဖွဲ့ကကောင်တွေ တင်ထားတာ" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်က မျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်ထဲက အရေးပါတဲ့မြို့အတော်များများကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းယူခဲ့တဲ့စစ်တပ်ကိုတွန်းလှန်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒီမိုကရေစီလိုလားသူတွေပူးပေါင်းပါဝင်တိုက်ခိုက်နေတဲ့ ပြည်တွင်းစစ်ကြီးမှာ ရခိုင်ပြည်နယ်ဟာ စစ်ရေးအရအရေးပါတဲ့ နယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်။ (Archived link)

တူညီတဲ့ပြောဆိုမှုတွေနဲ့ ဒီဗီဒီယိုကို Facebook ပို့စ်အတော်များများက ပြန်လည်မျှဝေနေကြပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံအခြားဒေသတွေမှာ အဓိကကျတဲ့ မြို့တစ်ချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။ (Archived link)
ဒါပေမဲ့ ဗီဒီယိုထဲကရုပ်ပုံတွေကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ပိုမိုရှည်လျားတဲ့ဗီဒီယိုတစ်ခုကို သတင်းထောက် Amal Samantha က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)
"သီရိလင်္ကာစစ်တပ်က Chalai နဲ့ Tiger တို့ရဲ့ စခန်းတွင်းသို့ဝင်ရောက်" ဆိုတဲ့ ဆင်ဟာလီဘာသာစကားနဲ့ ခေါင်းစဥ်ဖော်ပြထားပါတယ်။

AFP က သတင်းထောက် Samantha ကို ဆက်သွယ်ခဲ့ပြီး ဒီဗီဒီယိုကို သူကိုယ်တိုင်ရိုက်ကူးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
"ဒါဟာ ကျွန်တော့်ရဲ့ဗီဒီယိုပါ။ စစ်ကာလဖြစ်တဲ့ ၂၀၀၉ ခုနှစ်က သီရိလင်္ကာတောင်ပိုင်းဒေသမှာ LTTE လက်နက်ကိုင်အကြမ်းဖက်တွေရဲ့ ပုန်းခိုရာနေရာကို သီရိလင်္ကာလေတပ်ရဲ့ MI 24 ရဟတ်ယာဥ်က သေနတ်နဲ့ တိုက်ခိုက်နေတာဖြစ်ပါတယ်။" လို့ သူက ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်မှာ အီးမေးလ်ကတဆင့် AFP ကို ပြောပါတယ်။
သီရိလင်္ကာနိုင်ငံရဲ့ ၂၆ နှစ်ကြာ ပြည်တွင်းစစ်ကြောင့် လူပေါင်းတစ်သိန်းခန့်သေဆုံးခဲ့ပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ဆယ်စုနှစ်အတော်ကြာနှောင့်နှေးခဲ့ပါတယ်။ တမီလ်လူမျိုးတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကြိုးပမ်းနေတဲ့ Tamil Tiger သူပုန်တွေကို အစိုးရက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့နောက် ၂၀၀၉ ခုနှစ်မှာ ဒီစစ်ပွဲအဆုံးသတ်ခဲ့ပါတယ်။ အပြစ်မဲ့ပြည်သူတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုတွေကြောင့် ဒီစစ်ဆင်ရေးကို နိုင်ငံတကာအသိုင်းအဝန်းက အပြစ်တင်ရှုံ့ချခဲ့ကြပါတယ်။ (Archived link)
မြန်မာနိုင်ငံတွင်းက မတည်ငြိမ်မှုတွေနဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်