အမေရိကန်က တိုက်လေယာဉ်ပျက်ကျမှု ဗီဒီယိုကို မြန်မာနိုင်ငံကဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 11 ဇူလိုင် 2026 အချိန် 07h11
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း မှော်ဘီမြို့နယ်မှာ စစ်လေယာဉ်တစ်စင်း ပျက်ကျခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့တဲ့နောက် အဲဒီပျက်ကျသွားတဲ့ လေယာဉ်မောင်းနှင်ခန်းအတွင်းက ဗီဒီယိုဆိုပြီး ရုပ်သံဟောင်းတစ်ခုကို လူမှုကွန်ရက်အသုံးပြုသူတွေက မှားယွင်းမျှဝေနေကြပါတယ်။ အဲဒါဟာ ၂၀၂၂ ခုနှစ်က အမေရိကန် စစ်ဘက်ဆိုင်ရာမှတ်တမ်းဝဘ်ဆိုဒ်တစ်ခုမှာ မျှဝေခဲ့တာဖြစ်ပြီး တက္ကဆပ်ပြည်နယ်၊ လိခ်ဝေါ့သ် (Lake Worth) မြို့မှာ ရိုက်ကူးခဲ့တာဖြစ်တယ်လို့ AFP က စိစစ်တွေ့ရှိခဲ့ပါတယ်။
"တပ်မတော် တိုက်လေယာဉ်ပျက်ကျမှု Black Box မှတ်တမ်း" ဆိုပြီး ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၄ ရက်က မျှဝေထားတဲ့ ဒီ TikTok ဗီဒီယိုမှာ စာသားထည့်သွင်းရေးသားထားပါတယ်။
ဗီဒီယိုဟာ ၁၅ စက္ကန့်ကြာမြင့်ပြီး ပြေးလမ်းဆီ ဦးတည်ဆင်းသက်နေတဲ့ လေယာဉ်ရဲ့ မောင်းနှင်ခန်းကနေ တွေ့ရတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။ အဲဒီနောက် ငှက်တစ်ကောင် ရုတ်တရက် ပေါ်လာပြီး လေယာဉ်မှူးက လေယာဉ်ကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ လူနေရပ်ကွက်အတွင်းကို ပျက်ကျသွားခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်ရဲ့လေယာဉ်တစ်စင်း ပျက်ကျခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အလားတူသတင်းမှားတွေဟာ Facebook နဲ့ TikTok ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ (Archived link)
ပြန်ကြားရေးဝန်ကြီးဌာနကတော့ လေယာဉ်ဟာ လေ့ကျင့်ပျံသန်းနေစဉ်အတွင်း ငှက်တစ်ကောင်နဲ့ တိုက်မိတာကြောင့် အင်ဂျင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ (Archived link)
၂၀၂၁ ခုနှစ်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က ဖြုတ်ချခဲ့တဲ့နောက် နိုင်ငံအတွင်း ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရပါတယ်။ စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို နှစ်စဉ်တိုးမြှင့်လုပ်ဆောင်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားလျက်ရှိပါတယ်။ (Archived links here and here)
အာဏာသိမ်းဆန့်ကျင်ရေးတပ်ဖွဲ့တွေက ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း စစ်ကိုင်းတိုင်း အလယ်ပိုင်းမှာ လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ပြောဆိုခဲ့ပေမဲ့ စစ်တပ်ကတော့ "ရုတ်တရက် အင်ဂျင်ချို့ယွင်းမှု" ကြောင့် ပျက်ကျခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
မှားယွင်းပျံ့နှံ့နေတဲ့ ဗီဒီယိုတွေက မှတ်ချက်တွေအရ တချို့သူတွေဟာ မြန်မာစစ်လေယာဥ်ပျက်ကျမှုက ဗီဒီယိုအစစ်အမှန်ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။
"ပြည်သူကိုသတ်မှာကို ငှက်ကတောင်နားလယ်လို့ ဖြက်စီလိုက်တာ အာဏာရှင်တွေ ငှက်တောင်မနိုင်မှတော့ လူ တွေတော်လှန်နေတဲ့ တော်လှန်ရေးဆိုပိုစိုး" (မူရင်းအတိုင်း) ဆိုပြီးလူမှုကွန်ရက်အသုံးပြုသူတစ်ယောက်က မှတ်ချက်ပြုထားပါတယ်။
"တကယ်ဟ mrtv က ကြော်ညာထားတာ" (မူရင်းအတိုင်း) ဆိုပြီးလည်း အခြားတစ်ယောက်ကရေးသားထားပါတယ်။
စစ်လေယာဉ်ပျက်ကျခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ပျံ့နှံ့ခဲ့တဲ့ အခြားသတင်းမှားတွေကိုလည်း AFP က အချက်အလက်စိစစ်ခဲ့ပါတယ်။
ဒါပေမဲ့ ပျံ့နှံ့နေတဲ့ ဗီဒီယိုဟာ မြန်မာနိုင်ငံကမဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုမှာ ရိုက်ကူးခဲ့တာ ဖြစ်ပြီး ၂၀၂၂ ခုနှစ်ကတည်းက မျှဝေခဲ့တာပဲဖြစ်ပါတယ်။
Google ရဲ့ Reverse image search နဲ့ Keyframes ကိုအသုံးပြုရှာဖွေမှုအပြင် အဓိကစကားလုံးတွေ (Keyword search)ကိုပါ ရှာဖွေကြည့်ရာ ပိုမိုကြည်လင်ပြတ်သားတဲ့ မူရင်းဗီဒီယိုကို အမေရိကန်စစ်ဘက်ဆိုင်ရာ မှတ်တမ်းဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Digital Visual Information Distribution Service (DVIDS) မှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်က မျှဝေထားတာကို တွေ့ခဲ့ရပါတယ်။ (Archived links here and here)
"T-45C Goshawk လေယာဉ်သည် တက္ကဆပ်ပြည်နယ်၊ Fort Worth ရှိ Naval Air Station Joint Reserve Base ပြေးလမ်းဆီ ဦးတည်ဆင်းသက်စဉ် မောင်းနှင်ခန်းမြင်ကွင်းပြ ဗီဒီယိုတွင် ငှက်ကြီးတစ်ကောင် လေယာဉ်အင်ဂျင်အတွင်း ဝင်ရောက်သွားခဲ့သည့် မြင်ကွင်း" ဆိုပြီး စာသားဖော်ပြထားပါတယ်။
အမေရိကန် ရေတပ်က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်မှာ T-45C Goshawk လေ့ကျင့်ရေး တိုက်လေယာဉ်တစ်စင်းဟာ လိခ်ဝေါ့သ် (Lake Worth) မြို့ရှိ လူနေရပ်ကွက်အတွင်း ပျက်ကျခဲ့ပြီး၊ အနည်းဆုံး နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ (Archived link) လူသေဆုံးမှုမရှိဘူးလို့လည်းထုတ်ပြန်ခဲ့ပါတယ်။
အလားတူဗီဒီယိုကို NBC News နဲ့ KDFW ရုပ်သံလိုင်း အပါအဝင် အမေရိကန် သတင်းမီဒီယာတွေကလည်း အဲဒီလေယာဉ်ပျက်ကျမှု သတင်းဖော်ပြချက်တွေမှာ ထည့်သွင်းဖော်ပြခဲ့ကြပါတယ်။ (Archived links here and here)
DVIDS ရဲ့ ဗီဒီယိုထဲက ရုပ်ပုံတွေဟာ တက္ကဆပ်ပြည်နယ်၊ Fort Worth မြို့ရဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက Google Earth ဂြိုဟ်တုဓာတ်ပုံတွေနဲ့လည်း ကိုက်ညီမှုရှိပါတယ်။ (Archived link)
မြန်မာနိုင်ငံရဲ့မငြိမ်မသက်မှုတွေနဲ့ ပတ်သက်တဲ့ အခြားသတင်းမှားတွေကိုလည်း AFP အနေနဲ့ ယခင်ကအချက်အလက်စိစစ်ခဲ့ပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်