၂၀၂၂ ခုနှစ်ကဓာတ်ပုံဟောင်းကို ၂၀၂၅ မှာပျက်ကျခဲ့တဲ့ စစ်တပ်ရဟတ်ယာဥ်ဆိုပြီး မှားယွင်းပြောဆို

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 03 ဇွန် 2025 အချိန် 11h10
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
စစ်တပ်ဆန့်ကျင်ရေးအဖွဲ့တွေက စစ်ရဟတ်ယာဉ်တစ်စင်းကို ပစ်ချခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြခဲ့တဲ့နောက် ဓာတ်ပုံဟောင်းတစ်ပုံကို ပစ်ချခံခဲ့ရတဲ့ ရဟတ်ယာဉ်ဆိုပြီး လူမှုကွန်ရက်မှာ မှားယွင်းမျှဝေနေကြပါတယ်။ တကယ်တော့ အဲဒီဓာတ်ပုံဟာ ၂၀၂၂ ခုနှစ်၊ မတ်လက ချင်းပြည်နယ်မှာ ပျက်ကျခဲ့တဲ့ စစ်ရဟတ်ယာဉ်ပဲ ဖြစ်ပါတယ်။  

တောင်ကုန်းပေါ်မှာ ပျက်ကျနေတဲ့ ရဟတ်ယာဉ်ရဲ့ ဓာတ်ပုံကို ဒီ Facebook ပိုစ့် မှာ ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်ကမျှဝေထားပါတယ်။ 

"ဗန်းမော် ပုဇင်းကင် ပွဲရလာဒ် (၂၀/၅- နေ့ ၁:၀၀)" (မူရင်းအတိုင်း) ဆိုပြီးစာသားပါရှိပါတယ်။  

Image
မှားယွင်းတဲ့ Facebook ပိုစ့်ကို ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်က ရယူထားတဲ့ Screenshot

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်တပ်ရဟတ်ယာဉ်နှစ်စင်းကို ပစ်ချခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြခဲ့တဲ့နောက် အဲဒီဓာတ်ပုံ ပျံ့နှံ့လာတာပဲ ဖြစ်ပါတယ်။ (Archived links here and here 

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ငလျင်ပြန်လည်ထူထောင်ရေးအတွက် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား အပစ်အခတ်ရပ်စဲပြီးနောက် မြန်မာစစ်အစိုးရကို KIA က ထိုးစစ်တွေပြန်လည်စတင်နေပြီလို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ (Archived link)   

မတ်လနှောင်းပိုင်းမှာ လူပေါင်း ၃,၈၀၀ နီးပါး အသက်ဆုံးရှုံးပြီး သောင်းနှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့တာကြောင့် ဘက်ပေါင်းစုံဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြား စစ်တပ်က အပစ်အခတ်ရပ်စဲကြောင်း စတင်ကြေညာခဲ့ပါတယ်။ (Archived link) 

ပြည်တွင်းစစ်တိုက်ပွဲတွေဟာ ကျေးလက်နဲ့ တောတွင်းဒေသတွေမှာပဲ ဖြစ်ပွားနေကြပေမယ့် စစ်တပ်၊ ရဲ တွေနဲ့ ဆက်စပ်တဲ့ တည်နေရာတွေကို ရှောင်တစ်ခင် လက်ပစ်ဗုံး၊ သေနတ်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကိုတော့ ရန်ကုန်လိုမြို့ကြီးတွေမှာ ပုံမှန်တွေ့ရပါတယ်။  

တူညီတဲ့ မှားယွင်းပြောဆိုမှုတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာတွေ့နိုင်ပါတယ်။   

ဒါပေမဲ့ အဲဒီဓာတ်ပုံက ၂၀၂၂ ခုနှစ်၊ မတ်လကတည်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ်။  

Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ထပ်တူညီတဲ့ဓာတ်ပုံကို "ဟားခါးတွင် တပ်မတော်ရဟတ်ယာဉ်တစ်စီး တောင်စောင်းပေါ် ပျက်ကျရာ လူ ၅ဦး ဒဏ်ရာရရှိ" ဆိုတဲ့ သတင်းခေါင်းစဥ်နဲ့ တရုတ်အစိုးရသတင်းဌာနတစ်ခုဖြစ်တဲ့  Xinhua ရဲ့  ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်က မြန်မာဘာသာပိုင်းထုတ်ဝေမှုမှာ တွေ့ခဲ့ရပါတယ်။ (Archived link) 

Image
မှားယွင်းမျှဝေထားတဲ့ ဓာတ်ပုံ (ဘယ်) နဲ့ Xinhua သတင်းဌာနရဲ့ ဓာတ်ပုံ (ညာ) ကို နှိုင်းယှဉ်ထားတဲ့ Screenshot

"ယနေ့ ဟားခါးမြို့တွင် ပျက်ကျခဲ့သည့် တပ်မတော်ရဟတ်ယာဉ်အားတွေ့ရစဉ်(MRTV)" ဆိုပြီး ဓာတ်ပုံအညွှန်းစာပါရှိပါတယ်။  

ဟားခါးမြို့ဟာ ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၈၀၀ နီးပါးအကွာမှာ တည်ရှိပါတယ်။ 

စာမေးပွဲမေးခွန်းစာရွက်တွေသယ်ဆောင်လာတဲ့ ဒီစစ်တပ်လေယာဥ်ဟာ "လေတိုက်ကြမ်းမှုကြောင့်" တောင်ပေါ်တစ်နေရာမှာ ပျက်ကျခဲ့တယ်လို့ သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။ 

မြန်မာအစိုးရပိုင် မီဒီယာဖြစ်တဲ့ Myanmar International TV ရဲ့  ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်ကထုတ်ဝေတဲ့ သတင်းဆောင်းပါးမှာလည်း တူညီတဲ့ဓာတ်ပုံ ပါရှိပါတယ်။ (Archived link) 

"ရဟတ်ယာဉ်ပျက်ကျမှု - ဟားခါးလေဆိပ်အနီး တပ်မတော်ရဟတ်ယာဉ်ပျက်ကျကြောင်း အတည်ပြု" ဆိုပြီး ခေါင်းစဥ်ရေးသားထားပါတယ်။  

အခြားပြည်တွင်းသတင်းဌာနတွေကလည်း ရဟတ်ယာဉ်ပျက်ကျမှုအကြောင်းကို ဒီလင့်ခ့်နဲ့ ဒီလင့်ခ့်တွေမှာ ဖော်ပြထားပါတယ်။ (Archived links here and here  

တူညီတဲ့ ရဟတ်ယာဉ်ပျက်ကျမှုက ဓာတ်ပုံတစ်ပုံကို စစ်တပ်ဆန့်ကျင်ရေးတပ်ဖွဲ့တွေ ပစ်ချခဲ့တဲ့ ရဟတ်ယာဉ်ဆိုပြီး မှားယွင်းတဲ့ပြောဆိုချက်ကို AFP အနေနဲ့ ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။    

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်