လအတော်ကြာက ဖလော်ရီဒါရေကြီးမှု ဗီဒီယိုကို ထိုင်းနိုင်ငံကရေကြီးမှုဆိုပြီး မှားယွင်းပြောဆို

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05 ဇွန် 2025 အချိန် 08h10
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
မုတ်သုံရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နေရာအချို့မှာ အသေးစားရေကြီးမှုတွေဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့လူမှုကွန်ရက်မှာပျံနှံ့နေတဲ့ ဗီဒီယိုတစ်ခုဟာ ဘန်ကောက်ရေကြီးမှုကမဟုတ်ပါဘူး။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက ဖလော်ရီဒါကမ်းရိုးတန်းကို ဟာရီကိန်းမီလ်တန်ရိုက်ခတ်ခဲ့စဥ်ကရိုက်ကူးထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။ ဒါအပြင် ဗီဒီယိုထဲက ရုပ်ပုံတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ Fort Myers ကမ်းခြေနဲ့ ကိုက်ညီမှုရှိနေပါတယ်။  

"ထိုင်းနိုင်ငံ မြို့အလယ် အနူစဝါလီမှာ ရေမြိုပ်ကုန်ပီ 27ရက်5လ2025 ညနေ့3နာရီ15မိနစ် မြန်မာတွေသတိထား" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်က မျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။  

ရေလွှမ်းမိုးနေတဲ့နေရာတစ်ခုမှာ တစ်စိတ်တစ်ပိုင်းရေအောက်ရောက်နေကြတဲ့ အိမ်တွေကို တွေ့ရတဲ့ ဒီဗီဒီယိုထဲမှာ "ထိုင်းမာရေကြီးနေပြီနော ပင်လယ်နဲ့နီးသူများခရုစိုက်ပါ" (မူရင်းအတိုင်း) ဆိုတဲ့စာသားကိုလည်း ထည့်သွင်းထားပါတယ်။  

Image
ဇွန်လ ၃ ရက်နေ့က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot

မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေနုတ်မြောင်းပိတ်ဆို့မှုတွေကြောင့် ဘန်ကောက်မြို့အချို့နေရာတွေမှာ ရေကြီးမှုတွေရှိခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းမီဒီယာတွေက ဖော်ပြခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ ဒီဗီဒီယို ပျံ့နှံ့လာတာဖြစ်ပါတယ်။ (Archived here and here)

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို FacebookInstagram နဲ့ TikTok တွေမှာ မျှဝေနေကြပါတယ်။  

ဒါပေမဲ့ ဒါဟာဗီဒီယိုဟောင်းတစ်ခုဖြစ်ပြီး ဘန်ကောက်မှာရိုက်ကူးထားတာမဟုတ်ပါဘူး။  

ဗီဒီယိုထဲကရုပ်ပုံတွေကိုအသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှာ မျှဝေထားတဲ့ ထပ်တူညီတဲ့ Instagram ဗီဒီယိုတစ်ခုကို တွေ့ရပါတယ်။ (Archived link)

"အောက်တိုဘာလ ၉ ရက်၊ ညနေ ၅ နာရီခွဲအချိန် Estero ကျွန်းအလယ်ဘက် Fort Myers ကမ်းခြေ။ မီလ်တန်ရဲ့ရေကြီးမှုက ဟယ်လင်းထက်နှစ်ဆပိုကြီးမားတယ်။" လို့အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်ဘာသာနဲ့ စာသားပါရှိပါတယ်။  

ဟာရီကိန်းဟယ်လင်းကြောင့် ပျက်စီးထိခိုက်မှုတွေ ခံစားနေရဆဲဖြစ်တဲ့ ဖလော်ရီဒါပင်လယ်ကွေ့က မြို့၊ ဒေသတွေကို နှစ်ပတ်ခန့်အကြာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှာ ပြင်းအားအဆင့် ၃ ရှိတဲ့ ဟာရီကိန်းမီလ်တန်က ထပ်မံရိုက်ခတ်ခဲ့ပါတယ်။  

မီလ်တန်ကြောင့် ဖလော်ရီဒါမှာ လေဆင်နှာမောင်းရိုက်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လူအနည်းဆုံး ၁၆ ဦးသေဆုံးခဲ့တဲ့အပြင် သန်းနဲ့ချီတဲ့ နေအိမ်အဆောက်အအုံတွေဟာ လျှပ်စစ်မီးပျက်တောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ (Archived link)

Image
မှားယွင်းပို့စ်က ဗီဒီယို (ဘယ်) ကို Instagram ဗီဒီယိုနဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

ဗီဒီယိုထဲက ရုပ်ပုံတွေဟာ Google Stree View မှာတွေ့ရတဲ့ Fort Myers ကမ်းခြေရဲ့ ဓာတ်ပုံနဲ့ ကိုက်ညီမှု ရှိနေပါတယ်။ (Archived link)

Image
မှားယွင်းပို့စ်ကဗီဒီယိုရုပ်ပုံတွေ (အပေါ်) ကို Google Street View က Fort Myers ကမ်းခြေရဲ့ ဓာတ်ပုံ(အောက်) နဲ့ တူညီမှုတွေကို AFP က အမှတ်အသားပြုလုပ်ထား

ထိုင်းနိုင်ငံကရေကြီးမှုတွေနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်