
Final Destination ရုပ်ရှင်အသစ်ကြောင့် ဓာတ်ပုံဟောင်းတွေနဲ့ အချက်အလက်မှားတွေ ပျံ့နှံ့မှုဖြစ်ပွား
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05 ဇွန် 2025 အချိန် 10h49
- ဖတ်ရန် ကြာချိန် 6 မိနစ်
- AFP အင်ဒိုနီးရှား, AFP ထိုင်း
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"သိပြီးကြပြီလား။ ဖိလစ်ပိုင်မှာ Final Destination 6 ပြနေတုန်း ရုပ်ရှင်ရုံ မျက်နှာကျက်ပြိုကျတာ။ တကယ့်ကို အဆိုးရွားဆုံး အတွေ့အကြုံပဲ"ဆိုပြီး အင်ဒီုနီးရှားဘာသာစကားနဲ့ ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာရေးသားထားပါတယ်။
မျက်နှာကျက်ပေါ်ကနေရေတွေကျလာပြီး အချို့အစိတ်အပိုင်းတွေ ပြုတ်ကျလာတာကြောင့် ကြောက်လန့်တကြားအော်ဟစ်နေတဲ့လူတွေပါဝင်တဲ့ နှစ်မိနစ်ကြာ ဗီဒီယိုတစ်ခု ပိုစ့်မှာပါရှိပါတယ်။
ရုပ်ရှင်ရုံအတွင်းပိုင်း အပျက်အစီးတွေရဲ့ ဓာတ်ပုံတစ်ခုဟာလည်း အဲဒီနေ့မှာပဲ မြန်မာဘာသာနဲ့ ပျံ့နှံ့လာပါတယ်။ "Final Destination ပြနေစဉ် ရုပ်ရှင်ရုံ မျက်နှာကျက် ပြိုကျ"(မူရင်းအတိုင်း) ဆိုပြီးရေးသားထားပါတယ်။


၂၀၂၅ ခုနှစ်၊ မေလလယ်မှာရုံတင်ခဲ့တဲ့ ထိတ်လန့်ဖွယ်ရုပ်ရှင် ဇာတ်ကားသစ် "Final Destination: Bloodlines"ဟာ မြောက်အမေရိက Box Office ရဲ့ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။ (Archivedlink)
ရုပ်ရှင်ပြသနေစဥ် မျက်နှာကျက်ပြိုကျတယ်ဆိုတဲ့ တူညီတဲ့ မှားယွင်းပြောဆိုမှုတွေဟာ X၊ Instagram နဲ့ TikTok တို့မှာ ပျံ့နှံ့နေခဲ့ပြီး မြန်မာဘာသာအပြင် ဟိန္ဒီ၊ အင်္ဂလိပ်နဲ့ တဂါလော့ စတဲ့ဘာသာစကားတွေနဲ့လည်း မျှဝေနေကြပါတယ်။
၂၀၂၅ ခုနှစ်၊ မေလအတွင်း အာဂျင်တီးနားမြို့တော် Buenos Aires မှာ အဆိုပါဖြစ်ရပ်မျိုး ရှိခဲ့ပေမယ့် ပျံ့နှံ့နေတဲ့ ရုပ်ပုံနဲ့ ဗီဒီယိုတွေကတော့ ဒီရုပ်ရှင်ရုံတင်ပြသမှုနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ (Archived link)
ဗီဒီယိုကရုပ်ပုံတွေအသုံးပြုပြီး Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ABC7 News အပါအဝင် အခြားသတင်းဌာနပေါင်းများစွာရဲ့ ၂၀၁၅ ခုနှစ်၊ ဇွန်လက ထုတ်ဝေထားတဲ့ သတင်းဖော်ပြချက်တွေကို တွေ့ခဲ့ရပါတယ်။ (Archived link)
"ဖိလစ်ပိုင်နိုင်ငံ Cebu မြို့တွင် တနင်္လာနေ့ညက Ayala Center Cebu ရုပ်ရှင်ရုံ၏ မျက်နှာကျက် အစိတ်အပိုင်းများ ပြိုကျမှုကြောင့် လူခြောက်ဦးထိခိုက်ဒဏ်ရာရ"ဆိုပြီး သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။ Cebu မြို့ဟာ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းက မြို့ကြီးတစ်မြို့ပဲ ဖြစ်ပါတယ်။
ကုန်ပစ္စည်းတစ်ခု ပြန်လည်မိတ်ဆက်မှု အခမ်းအနားကျင်းပနေတဲ့ အဲဒီခန်းမထဲမှာ လူပေါင်း ၃၅၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်အခြေစိုက်သတင်းဌာနတွေဖြစ်တဲ့ Sunstar နဲ့ Rappler တို့ရဲ့ သတင်းဖော်ပြချက်တွေမှာလည်း တူညီတဲ့ဖြစ်ရပ်ကို အခြားရှုထောင့်ကနေရိုက်ကူးထားတဲ့ အလားတူ ဗီဒီယိုတစ်ခုပါရှိပါတယ်။ (Archived links here and here)
နောက်ထပ် Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ပျက်စီးနေတဲ့ ရုပ်ရှင်ရုံရဲ့ ဓာတ်ပုံကို "Final Destination: Bloodlines" ရုံတင်ပြသခြင်းမတိုင်မီ လပိုင်းအလို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်က ထုတ်ဝေတဲ့ NBC News ရဲ့ သတင်းဆောင်းပါးမှာ တွေ့ခဲ့ရပါတယ်။ (Archived link)
"'Captain America: Brave New World' ပြသနေစဥ် ရုပ်ရှင်ရုံ မျက်နှာကျက်ပြိုကျ"ဆိုပြီး သတင်းခေါင်းစဥ်ရေးသားထားပါတယ်။
"Washington မြို့တော် Wenatchee ရှိ သမိုင်းဝင် Liberty ရုပ်ရှင်ရုံ။ အခင်းဖြစ်ပွားချိန် ရုပ်ရှင်ရုံထဲတွင် လူနှစ်ဦးသာရှိပြီး ဒဏ်ရာရရှိသူမရှိ"ဆိုတဲ့ ဓာတ်ပုံအညွှန်းစာ ပါရှိပါတယ်။

Wenatchee Valley မီးသတ်ဌာနက ရိုက်ကူးထားတဲ့ ဓာတ်ပုံအဖြစ်ရည်ညွှန်းဖော်ပြထားပါတယ်။ အဲဒီမီးသတ်ဌာနရဲ့ Instagram စာမျက်နှာမှာလည်း တူညီတဲ့အကြောင်းအရာကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်က မျှဝေထားပါတယ်။ (Archived here and here).
"Wenatchee Valley ၏ မီးသတ်သမားများက Liberty ရုပ်ရှင်ရုံမျက်နှာကျက်ပြိုကျရာနေရာသို့ ည ၈ နာရီခန့်တွင်သွားရောက်ခဲ့။ ရုပ်ရှင်ရုံထဲတွင် လူနှစ်ဦးသာရှိပြီး ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာရရှိသူမရှိ။ ပြိုကျရသည့် အကြောင်းအရင်းကိုစုံစမ်းစစ်ဆေးနေဆဲ။"ဆိုပြီး ပိုစ့်မှာရေးသားထားပါတယ်။
ထင်ရှားတဲ့ ရုပ်ရှင်တွေနဲ့ ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP အနေနဲ့ ယခင်ကလည်း ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်