
'ပင်လယ်နီအတွင်းလေယာဥ်ပျက်ကျ' ဆိုတဲ့အခြေအမြစ်မရှိတဲ့ပြောဆိုမှုနဲ့အတူ လေယာဥ်နှစ်မြှုပ်မှုဗီဒီယို မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 06 ဇွန် 2025 အချိန် 10h02
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Chayanit ITTHIPONGMAETEE, AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ဆော်ဒီကို ဘုရားဖူးလိုက်ပါလာတဲ့ အစ္စလာမ်ဘာသာဝင် ၂၂၀ကျော်ဟာ မေလ၂၉ရက်ဒီနေ့ လေယာဉ်ပျက်ကျမှုကြောင့် အားလုံးသေဆုံးခဲ့တယ်လို့ ကနဦးသိရပါတယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
စက်လှေတွေဝန်းရံထားတဲ့ လေယာဥ်တစ်စင်း ဖြည်းဖြည်းချင်း ရေအောက်နစ်မြုပ်သွားတာကို ဒီ ၂၄ စက္ကန့်ကြာဗီဒီယိုမှာ တွေ့ရပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို မြန်မာဘာသာအပြင် ထိုင်း၊အာရဗီဘာသာစကားတွေနဲ့လည်း မျှဝေနေကြပါတယ်။ ဇွန်လ ၄ ရက်မှာစတင်တဲ့ ဟဂျ်ပွဲတော်ကိုဆင်နွှဲဖို့ သန်းနဲ့ချီတဲ့ မွတ်စလင်ဘုရားဖူးတွေ ဘာသာရေးအရအရေးပါတဲ့ မက္ကာမြို့တော်ကို သွားရောက်ချိန်မှာ ဒီမှားယွင်းပြောဆိုမှုဟာ ပျံ့နှံ့လာတာဖြစ်ပါတယ်။ (Archived links here and here)
ဒါပေမဲ့ ၂၀၂၅ ခုနှစ်၊ မေလထဲမှာ မွတ်စလင်အများစုဖြစ်ကြတဲ့ မော်ရီတေးနီးယန်းဘုရားဖူးသူတွေလိုက်ပါလာတဲ့ လေယာဥ်တစ်စင်းပျက်ကျခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းဖော်ပြမှုတွေမရှိပါဘူး။
မော်ရီတေးနီးယားလေကြောင်းလိုင်းက ဒီမှားယွင်းပြောဆိုမှုနဲ့ပက်သက်ပြီး တုန့်ပြန်ချက်ကို လေကြောင်းလိုင်းရဲ့ တရားဝင် Facebook စာမျက်နှာမှာ ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ (Archived link)
"အချို့သော ပြည်ပလူမှုကွန်ရက်စာမျက်နှာတွေက မော်ရီတေးနီးယန်းဘုရားဖူးတွေသယ်ဆောင်လာတဲ့ လေယာဥ်တစ်စင်း ပင်လယ်နီထဲပျက်ကျခဲ့တယ်ဆိုတဲ့ အန္တရာယ်ရှိ ကောလဟလတွေကို မျှဝေနေကြပါတယ်။ ဒါဟာ အခြေအမြစ်မရှိတဲ့ သတင်းတစ်ခုသာဖြစ်ပါတယ်။" ဆိုပြီး ဒီထုတ်ပြန်ချက်မှာ တစ်စိတ်တစ်ပိုင်း ဆိုထားပါတယ်။
မော်ရီတေးနီးယန်း ဘုရားဖူးတွေကို သယ်ဆောင်ခဲ့တဲ့ လေယာဥ်သုံးစင်းလုံး မေလ ၂၃ ရက်၊ ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ ဆော်ဒီအာရေဗျကို အန္တရာယ်ကင်းစွာ ဆိုက်ရောက်ခဲ့ကြောင်းကိုလည်း ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တူရကီနိုင်ငံက ဗီဒီယိုဟောင်း
မှားယွင်းပို့မှာဖော်ပြထားတဲ့ ဗီဒီယိုထဲကရုပ်ပုံတွေကို ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်မှာ မျှဝေထားတဲ့ ထပ်တူညီတဲ့ YouTube ဗီဒီယိုတစ်ခုကို တွေ့ရပါတယ်။ (Archived link)
"Turkey Airbus A330 နစ်မြုပ်ခြင်း။ Ibrice မြို့၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်" ဆိုပြီး ခေါင်းစဥ်ပါရှိပါတယ်။
မှားယွင်းပို့စ်မှာတွေ့ရတဲ့ ဗီဒီယိုအပိုင်းအစကို YouTube ဗီဒီယိုရဲ့ ၂ မိနစ်နဲ့ ၅ စက္ကန့်ကြာချိန်မှာ တွေ့နိုင်ပါတယ်။

တူရကီနိုင်ငံရဲ့ အနောက်မြောက်ကမ်းရိုးတန်းဒေသမှာ သန္တာကျောက်တန်းအတုဖန်တီးဖို့အတွက် Airbus A330 တစ်စင်းကို တမင်တကာနှစ်မြှုပ်ခဲ့တဲ့အကြောင်းကို ဖော်ပြထားတဲ့ တူရကီသတင်းဌာန Anadolu Agency နဲ့ BBC တို့ရဲ့ ဆောင်းပါးတွေမှာလည်း ဒီဗီဒီယိုကို ဖော်ပြထားပါတယ်။ (Archived links here and here)
"Edirne ပြည်နယ်ရှိ Ibrice ဆိပ်ကမ်းအလွန် Aegean ပင်လယ်တွင်း ၃၀ မီတာအနက်သို့ အလျား ၆၅ မီတာ (၂၁၃ ပေ) ရှိ လေယာဥ်အားနှစ်မြှုပ်ခဲ့သည်။" ဆိုပြီး BBC ဆောင်းပါမှာ ဖော်ပြထားပါတယ်။
တူရကီပိုက်လိုင်းကုမ္ပဏီဖြစ်တဲ့ the Trans-Anatolian Natural Gas Pipeline (TANAP) က လေယာဥ်ကိုယ်ထည်ကိုပိုင်ဆိုင်တဲ့အပြင် ခရီးသွားလုပ်ငန်းအတွက် သန္တာကျောက်တန်းအတုပြုလုပ်ဖို့ လေယာဥ်နှစ်မြှုပ်မှုကိုလည်း ပံ့ပိုးခဲ့တယ်လို့ Anadolu ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်