တံတားတစ်စင်းကို ဇက်သင်္ဘောတွေတိုက်မိတဲ့ဗီဒီယိုဟာ မြန်မာနိုင်ငံကမဟုတ်

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 09 ဇွန် 2025 အချိန် 08h54
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • Jan Cuyco, AFP ဖိလစ်ပိုင်
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေတာကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွင်း ရေဘေးအန္တရာယ် စိုးရိမ်မှုတွေရှိနေချိန် ရန်ကုန်မြို့က ဆောက်လက်စဒလတံတားကို သုံးထပ်သင်္ဘောက တိုက်မိတယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ တကယ်တော့ ဗီဒီယိုဟာ တိုင်ဖွန်း Gaemi တိုက်ခတ်စဥ်က ဇက်သင်္ဘောတွေနဲ့ တိုက်မိခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ၊ Pasig မြို့က F.Manalo တံတားပဲဖြစ်ပါတယ်။  

"ရန်ကုန်မြို့ ဒလ တံတားကျိုးသွားသည့် မြင်ကွင်းဖြစ်ပါတယ်။ ၃ ထပ်သင်္ဘောကြီးဖြတ်သွားရင်း အရှိန်မထိန်းနိုင်လို့ ဆြိပါတယ်။ ယနေ့ ဇွန်လ 3ရက် ညနေ့ ၁နာရီ15မိနစ်မှာ ကျိုးသွားခဲ့တာဖြစ်ပါတယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက်မှာပဲ မျှဝေထားတဲ့ ဒီ Facebook ဗီဒီယိုမှာရေးသားထားပါတယ်။ ဗီဒီယိုကို ဝင်ရောက်ကြည့်ရှုမှု အကြိမ်ရေပေါင်း ၁၀,၀၀၀ ကျော်နေပြီဖြစ်ပါတယ်။   

ကြမ်းတမ်းတဲ့ရေစီးနဲ့ မျောပါလာတဲ့ ဇက်သင်္ဘောတွေဟာ နှစ်လမ်းသွားလမ်းမတစ်ခုပါဝင်တဲ့ တံတားတစ်စင်းကိုတိုက်မိပြီး တံတားရဲ့ လူသွားလမ်းနေရာအချို့ ထိခိုက်ပျက်စီးသွားတဲ့ မြင်ကွင်းကို ဗီဒီယိုထဲမှာ တွေ့နိုင်ပါတယ်။

Image
မှားယွင်းတဲ့ Facebook ပိုစ့်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်က ရယူထားတဲ့ Screenshot

တူညီတဲ့မှားယွင်းပြောဆိုမှုနဲ့ ဗီဒီယိုကို Facebook ရဲ့ ဒီလင့်ခ်နဲ့  ဒီလင့်ခ် တွေအပြင် TikTok မှာပါမျှဝေနေကြပါတယ်။   

မုတ်သုံရာသီဝင်ရောက်လာတာနဲ့အမျှ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေတာကြောင့် မြစ်ဝကျွန်းပေါ်ဒေသခံ ပြည်သူတွေဟာ ရေဘေးအန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်နေချိန်မှာ ဒီမှားယွင်းပြောဆိုမှုတွေပျံ့နှံ့လာတာပဲဖြစ်ပါတယ်။(Archived link

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်နဲ့ ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမယ့် ဆောက်လုပ်ဆဲ ရန်ကုန်မြစ်ကူး ဒလတံတားဟာ တောင်ကိုရီးယားနိုင်ငံ Economic Development Cooperation Fund (EDCF) ရဲ့ချေးငွေအများစုနဲ့အတူ မြန်မာအစိုးရထည့်ဝင်ငွေတွေနဲ့ ၂၀၁၈ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ (Archived links here and here)  

ဒါပေမဲ့ ဗီဒီယိုဟာ ဖိလစ်ပိုင်မှာ တိုင်ဖွန်း Gaemi ဝင်ရောက်တိုက်ခတ်စဥ်က ရိုက်ကူးထားတာဖြစ်ပြီး ရန်ကုန်မြို့က ဆောက်လက်စ ဒလတံတားမဟုတ်ပါဘူး။  

Pasig မြို့ကတံတား  

ဗီဒီယိုကရုပ်ပုံတွေ အသုံးပြုပြီး Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ထပ်တူညီတဲ့ဗီဒီယိုကို ဖိလစ်ပိုင်အခြေစိုက်မီဒီယာဖြစ်တဲ့ ABS-CBN News ရဲ့ တရားဝငFacebookစာမျက်နှာကနေ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်က မျှဝေထားတာကိုတွေ့ရပါတယ်။ (Archived link)

"၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့၊ Pasig မြို့ တွင် မိုးသည်းထန်စွာ ရွာသွန်းရာမှ ဆောက်လုပ်ရေးပစ္စည်းများနှင့် အကြီးစားကိရိယာများ တင်ဆောင်ထားသည့် ဇက်သင်္ဘောအများအပြား F. Manalo တံတားအောက်သို့ မျောပါ" ဆိုပြီး တဂါလော့ဘာသာစကားနဲ့ စာသားပါရှိပါတယ်။  

Image
မှားယွင်းတဲ့ Facebook ပိုစ့် (ဘယ်) နဲ့ ABS-CBN News ရဲ့သတင်းဓာတ်ပုံ (ညာ) ကိုနှိုင်းယှဉ်ထားတဲ့ Screenshot

Rappler နဲ့ Inquirer.net တို့အပါအဝင် အခြားဒေသတွင်းမီဒီယာတွေကလည်း အဲဒီဗီဒီယိုကို သူတို့ရဲ့ တရားဝင် Facebook စာမျက်နှာတွေပေါ်မှာ မျှဝေထားကြပါတယ်။ (Archived links here and here 

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က Facebook စာမျက်နှာမှာ အစောဆုံးမျှဝေထားတဲ့ Alex Rellosa ကို ဗီဒီယိုရိုက်ကူးသူအဖြစ် ရည်ညွှန်းဖော်ပြထားကြပါတယ်။ ဗီဒီယိုမှာပါတဲ့ တံတားက Pasig မြို့က Caruncho (ခေါ်) F. Manalo  တံတားလို့ဖော်ပြထားပါတယ်။ (Archived link) 

Rellosa က တံတားအနီးရှိ သူမရဲ့ တိုက်ခန်း လသာဆောင်ပေါ်ကနေ ဗီဒီယိုကိုရိုက်ကူးခဲ့တယ်လို့ AFP ကိုပြောပါတယ်။  

"အော်သံတွေကြားလို့ ကျမလသာဆောင်ကိုထွက်ကြည့်လိုက်တာ။ ဇက်သင်္ဘောတွေပေါ်မှာ လူတွေပိတ်မိနေတာ တွေ့ခဲ့ရတယ်" ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်က ဆိုပါတယ်။  

သူမရဲ့  ဗီဒီယိုမှာပါတဲ့ Metadata အရ ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်မှာ ရိုက်ကူးခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။  

F. Manalo တံတားရဲ့ Google Street View ဓာတ်ပုံကလည်း လူမှုကွန်ရက်မှာ မျှဝေထားတဲ့  ဗီဒီယိုထဲက တံတားရဲ့ ပုံစံနဲ့ ကိုက်ညီမှုရှိပါတယ်။ (Archived link  

Image
မှားယွင်းတဲ့ Facebook ဗီဒီယို (ဘယ်) နဲ့ Google Map က F.Manalo တံတားရဲ့ ဓာတ်ပုံ (ညာ) တို့ကိုနှိုင်းယှဉ်ထားပြီး တူညီမှုတွေကို AFP မှမြင်သာအောင်ပြုလုပ်ထားတဲ့ Screenshot

တိုင်ဖွန်း Gaemi ကြောင့် ဖိလစ်ပိုင်ရဲ့ မုတ်သုံမိုးရွာသွန်းမှု ပိုမိုပြင်းထန်ခဲ့ပြီး ရေလွှမ်းမိုးမှုတွေဖြစ်ပွားခဲ့တဲ့နောက် အစိုးရရုံး၊ စာသင်ကြောင်းရပ်နားမှုအပြင် ပြည်တွင်း၊ပြည်ပလေကြောင်းခရီးစဥ် ၇၀ ကျော် ဖျက်သိမ်းခဲ့ရပါတယ်။ (Archived link)   

ဒါအပြင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်ကကိန်းဂဏန်းတွေအရ  ထိုင်ဝမ်ကိုဦးတည်နေတဲ့ တိုင်းဖွန်း Gaemi ကြောင့် ဖိလစ်ပိုင်မှာ လူပေါင်း ၃၀ အသက်ဆုံးရှုံးစေခဲ့ကြောင်း သိရပါတယ်။    

ဇက်သင်္ဘောတွေနဲ့ တိုက်မိတာကြောင့်  F. Manalo တံတားကို နောက်တစ်ကြိမ်ကြေညာချက် မထုတ်ပြန်မီအထိ ယာယီပိတ်ထားကြောင်း Pasig မြို့ ပြည်သူ့သတင်းပြန်ကြားရေးရုံးရဲ့  သီးခြားအကြံပြုချက်နှစ်ခုကို ဒီလင့်ခ် နဲ့ ဒီလင့််တွေမှာတွေ့နိုင်ပါတယ်။ (Archived links here and here)   

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်