ကင်ညာဆန္ဒပြပွဲက ရေအမြောက်ပစ်ခတ်မှုဗီဒီယိုကို အမေရိကန်ဆန္ဒပြပွဲကဆိုပြီး မှားယွင်းပြောဆို

ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ နေအိမ်တွေကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေး (ICE) က ဝင်ရောက်စီးနင်းဖမ်းဆီးမှုကို ဆန့်ကျင်တဲ့ လော့စ်အိန်ဂျလိစ်မြို့က ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ စေလွှတ်ခဲ့ပြီး ရဲတပ်ဖွဲ့တွေ့က ဆန္ဒပြသူတွေကို 'အသက်သေစေနိုင်မှုမရှိတဲ့လက်နက်တွေ' နဲ့ ပစ်ခတ်မှုတွေရှိခဲ့ကာ လူအများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ရဲကားတစ်စီးကနေ ရေအမြောက်ပစ်ခတ်နေတာပြတဲ့ ဗီဒီယိုဟာ လက်ရှိ LA ဆန္ဒပြပွဲက မဟုတ်ပါဘူး။ ဒီဗီဒီယိုကို ၂၀၂၄ ခုနှစ်မှာ ကင်ညာနိုင်ငံက ဆန္ဒပြပွဲတစ်ခုမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။   

"လော့စ်အိန်ဂျလိစ်မှာ ICE လူဝင်မှုကြီးကြပ်ရေး စီးနှင်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေအပေါ် တိုက်ဖျက်ဖို့ ထရမ့်အစိုးရက အမိန့်ပေးထားသလို ဒေသခံ မြို့ခံတွေကလည်း နောက်မှုကို တွေ့ရတာ မရှိသေးပါဘူး" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်ကမျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။

Image
ဇွန်လ ၁၁ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot

ရေအမြောက်နဲ့ ပန်းရောင်ရေတွေကို ရဲကားတစ်စီးကပက်ဖြန်းနေတာကို လူအုပ်ကြီးက ရှောင်ပြေးနေတဲ့  ဗီဒီယိုတစ်ခုကိုလည်း ဒီပို့စ်မှာ မျှဝေထားပါတယ်။  

အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေး (ICE) ရဲ့ ပြောင်းရွှေ့နေထိုင်သူတွေကို ပစ်မှတ်ထားတဲ့ နေအိမ်စီးနင်းဖမ်းဆီးမှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုကို ဖြိုခွင်းဖို့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့  ၂,၀၀၀ ကျော်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၈ ရက်မှာ စေလွှတ်ခဲ့တဲ့နောက် ဒီဗီဒီယို ပျံ့နှံ့လာတာဖြစ်ပါတယ်။ (Archived link here, and here)

အမေရိကန်ပြည်ထောင်စု ဒုတိယအကြီးဆုံးမြို့ရဲ့ မြို့လယ်ခေါင်နေရာအချို့နေရာတွေမှာ ဆန္ဒပြသူတွေက ကားမီးရှို့မှုတွေအပြင် စျေးဆိုင်တွေကို လုယက်မှုတွေပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ပစ်ခတ်တုန့်ပြန်ခဲ့ပါတယ်။ နှစ်ရက်အတွင်း အနည်းဆုံး လူ ၅၆ ဦး အဖမ်းခံခဲ့ရပြီး ရဲအရာရှိ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့ ဆိုပါတယ်။ ဒါအပြင် ဆန်ဖရန်စစ္စကိုမြို့က ဆန္ဒပြပွဲမှာလည်း လူ ၆၀ ခန့်အဖမ်းခံခဲ့ရပါတယ်။  

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook လူမှုကွန်ရက်အသုံးပြုသူတွေက ပြန်လည်မျှဝေနေကြပါတယ်။  

ဒါပေမဲ့ ဒီဗီဒီယိုကို ၂၀၂၄ ခုနှစ်က ကင်ညာနိုင်ငံမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး လက်တလော LA ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့က ရေအမြောက်အသုံးပြုတာတွေမရှိခဲ့ပါဘူး။  

ကင်ညာနိုင်ငံက ဗီဒီယို  

ဒီဗီဒီယိုထဲကရုပ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ Facebook အသုံးပြုသူတစ်ဦးက ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှာ မျှဝေထားတဲ့ တူညီတဲ့ဗီဒီယိုတစ်ခုကို တွေ့ရပါတယ်။ ဒီဗီဒီယိုကို ကင်ညာမှာရိုက်ကူးထားကြောင်း ဖော်ပြထားပါတယ်။ (Archived here)  

အခွန်ကောက်ခံမှုနှုန်းတိုးမြင့်ဖို့ အဆိုတင်သွင်းမှုကြောင့် ကင်ညာနိုင်ငံရဲ့မြို့တော် နိုင်ရိုဘီမှာ  ဖြစ်ပွားခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ရေအမြောက်၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေအပြင် ကျည်အစစ်နဲ့ပစ်ခတ်မှုတွေကြောင့် လူသေဆုံးမှုတွေရှိခဲ့ပါတယ်။ လူ့အခွင့်အရေးစောင့်ကြည်သူတွေနဲ့ အတိုက်အခံခေါင်းဆောင်တွေက ကင်ညာရဲတပ်ဖွဲ့ဟာ မျှတမှုမရှိတဲ့အင်အားတွေကို အသုံးပြုခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ (Archived link

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်က နိုင်ရိုဘီမှာရိုက်ကူးထားတဲ့ AFP ရဲ့ ဓာတ်ပုံတွေမှာ ရဲတပ်ဖွဲ့က ရေအမြောက်အသုံးပြုနေတာကို တွေ့ရပါတယ်။  

Image
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက် နိုင်ရိုဘီမြို့လယ်တွင် အခွန်တိုးမြင့်ကောက်ခံမှုအဆိုတင်သွင်းချက်ကို ဆန့်ကျင်တဲ့ ဆန္ဒပြသူများနှင့် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားခဲ့ပြီး ကင်ညာရဲတပ်ဖွဲ့သည် ရေအမြောက်ယာဥ်နံဘေး ဝန်းရံရွှေ့လျားနေပုံ။ (AFP / LUIS TATO)

ကင်ညာသမ္မတ William Ruto က ဆန္ဒပြပွဲမှုနောက်ပိုင်း ဒီအခွန်ဥပဒေကြမ်းကို ရုတ်သိမ်းခဲ့ပေမယ့် အာဏာပိုင်တွေက ဒီဥပဒေကြမ်းရဲ့အချို့အစိတ်အပိုင်းတွေကို ဇန်နဝါရီလထဲမှာ လွှတ်တော်မှာပြန်လည်မိတ်ဆက်ခဲ့ပါတယ်။ (Archived link here, and here)  

နိုင်ရိုဘီက ၂၀၂၄ ခုနှစ်၊ ဇွန်လ ဆန္ဒပြပွဲနဲ့ပက်သက်ပြီး X မှာ အချက်အလက်ထပ်မံရှာဖွေကြည့်တဲ့အခါ မှားယွင်းမျှဝေထားတဲ့ ဗီဒီယိုထဲမှာတွေ့ရတဲ့ မြို့ရင်ပြင်နဲ့ အပြာရောင် အဆောက်အအုံရှေ့ ဆန္ဒပြသူတွေ စုဝေးနေတဲ့ ဗီဒီယိုတစ်ခုကို တွေ့ရပါတယ်။ ဗီဒီယိုရဲ့ ၂၄ စက္ကန့်ကြာချိန်မှာ "Cardinal Otunga St," ဆိုတဲ့ လမ်းမတစ်ခုရဲ့ ဆိုင်းဘုတ်ကို တွေ့ရပြီး ဒီလမ်းမဟာ မြို့တော်နိုင်ရိုဘီရဲ့ ဗဟိုစီးပွားရေးရပ်ကွက်အတွင်းမှာ တည်ရှိပါတယ်။ (Archived here

ဒီတည်နေရာကို Google က Street View နဲ့ တိုက်ကြည့်တဲ့အခါ အွန်လိုင်းက ဆန္ဒပြပွဲဗီဒီယိုတွေထဲမှာတွေ့ရတဲ့ တူညီတဲ့ အဆောက်အအုံတွေနဲ့ လမ်းဆိုင်းဘုတ်တွေကို တွေ့ရပါတယ်။ (Archived here)

Image
Facebook ဗီဒီယိုထဲက ရုပ်ပုံသဲလွန်စတွေကို AFP မှ အမှတ်အသားပြုလုပ်ထား
Image
Google Maps က ရုပ်ပုံသဲလွန်စတွေကို AFP မှ အမှတ်အသားပြုလုပ်ထား

အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ