အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ မဲခိုးနိုင်ချေရှိတယ်ဆိုတဲ့ ပြုပြင်ဖန်တီးထားတဲ့ သတင်းခေါင်းစဥ် မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 01 နိုဝင်ဘာ 2024 အချိန် 03h42
  • ဖတ်ရန် ကြာချိန် 4 မိနစ်
  • Rob Lever, AFP USA
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း

လာမယ့် ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ ကာမလာဟဲရစ်အနေနဲ့ မဲခိုးဖို့လိုအပ်တယ်လို့ဆိုထားတဲ့ The Atlantic မဂ္ဂဇင်းဆောင်းပါးခေါင်းစဥ်တစ်ခုရဲ့ Screenshot ကို ရီပတ်ဘလစ်ကန်ပါတီထောက်ခံသူ ရှေးရိုးစွဲဝါဒီတွေက မျှဝေနေကြပါတယ်။ ဒါပေမဲ့ အဲဒီ သတင်းခေါင်းစဉ်က လုပ်ကြံဖန်တီးမှုတစ်ခုသာဖြစ်ပြီး စာသားတွေကတော့ ၂၀၂၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဆောင်းပါးတစ်ခုကပဲဖြစ်ပါတယ်။   

ဒီ Screenshot ကို "ဘယ် သူ နိုင် မ လဲ" (မူရင်းအတိုင်း) ဆိုတဲ့ ခေါင်းစဥ်နဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်က ဒီ Facebook ပို့စ်မှာ မျှဝေထားပါတယ်။   

"ဒီ မို က ရေ စီ ကို ထ ရမ့် က ခြိမ်း ခြောက် နေ တယ် လို့ ပြော နေ တဲ့ သူ တွေ က သာ ဒီ မို က ရေ စီ ကို ခြိမ်း ခြောက် နေ တာ လို့ အီ လွန် မတ် ပြော ခဲ့ တယ် ။ အဲ့ ဒီ စ ကား မှန် တယ် ။ ဒီ မို က ရေ စီ ကို ခြိမ်း ခြောက် တဲ့ သူ ဆို တာ ပြိုင် ဖက် ကို မ မှန် တဲ့ နည်း နဲ့ နိုင် ချင် ကြ တဲ့ သူ တွေ ကို ခေါ် တာ ။" (မူရင်းအတိုင်း) ဆိုပြီး ရေးသားထားပါတယ်။  

 "ပုံ မှန် အ တိုင်း ဆို ရွေး ကောက် ပွဲ မှာ ထ ရမ့် နိုင် ပါ လိမ့် မယ် ။ ဒီ မို က ရက် တွေ ရဲ့ ဒီ မို က ရေ စီ ကို ကာ ကွယ် ရ မယ် ဆို တဲ့ ကိ စ္စ ကို အ ကောင် အ ထည် မ ဖော် ခဲ့ ကြ ရင် ပေါ့ ။" (မူရင်းအတိုင်း) ဆိုပြီးလည်း ဖြည့်စွက်ရေးသားထားပါတယ်။   

Image
မှားယွင်းတဲ့ Facebook ပိုစ့်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်က ရယူထားတဲ့ Screenshot

ရီပတ်ပလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ မဟာမိတ်ထောက်ခံသူတစ်ဦးဖြစ်ပြီး ယခင်ကလည်း အချက်အလက်တွေကိုလုပ်ကြံရေးသားပြီးမျှဝေဖူးသူ Laura Loomer က ဒီမှားယွင်းပြောဆိုမှုကို X စာမျက်နှာမှာ စတင်မျှဝေခဲ့ပါတယ်။ (Archived link) 

"ဒီမိုကရက်တွေက ရွေးကောက်ပွဲမှာ မဲခိုးမယ်လို့ ပွင့်ပွင့်လင်းလင်းထွက်ဆိုလာကြပြီ" ဆိုပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က မျှဝေထားတဲ့ ပို့စ်မှာ ရေးသားထားပါတယ်။   

Image
မှားယွင်းမျှဝေထားတဲ့ Laura Loomer ရဲ့ X ပိုစ့်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က ရယူထားတဲ့ Screenshot

X အသုံးပြုသူတွေရဲ့ ထောင်နဲ့ချီတဲ့ တုန့်ပြန်ချက်တွေရရှိထားတဲ့ ဒီပို့စ်မှာ "ဒီမိုကရေစီကို ကယ်တင်ရန် ဟဲရစ်သည် ရွေးကောက်ပွဲတွင် မဲခိုးရန်လိုအပ်" ဆိုပြီး Atlantic မဂ္ဂဇင်းရဲ့ သတင်းခေါင်းစဉ်နဲ့ Screenshot ကိုထည့်သွင်းဖော်ပြထားပါတယ်။ 

အလားတူဓာတ်ပုံကို ထရမ့်ကိုထောက်ခံတဲ့ ကာတွန်းဆရာ Scott Adams နဲ့ ရှေးရိုးစွဲဝါဒီ ဝေဖန်ရေးသမားတွေအပြင်  သမ္မတဟောင်းကိုထောက်ခံတဲ့ ကျောင်းသားအဖွဲ့အစည်းတည်ထောင်သူတစ်ဦးတို့ကလည်း ပြန်လည်မျှဝေခဲ့ကြပါတယ်။  တက္ကဆက်ပြည်နယ်ရဲ့ ရီပတ်ဘလစ်ကန်အောက်လွှတ်တော်အမတ် ChipRoy ကလည်း XInstagramTikTok စာမျက်နှာတွေပေါ်မှာပျံ့နှံ့နေတဲ့ ဒီ Screenshot ကို မျှဝေပြီး ပြန်ဖျက်ခဲ့ပါတယ်။ တချို့ကလည်း အမေရိကန် မဂ္ဂဇင်းက ခြိမ်းခြောက်တဲ့အရိပ်အယောင်ကို လျော့ပါးစေဖို့ သတင်းခေါင်းစဥ်ကို အလျင်အမြန်ပြောင်းလဲခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။  

Image
မှားယွင်းတဲ့ X ပိုစ့်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က ရယူထားတဲ့ Screenshot

The Atlantic မဂ္ဂဇင်းရဲ့ဆောင်းပါးတွေဆိုပြီး ပြုပြင်ဖန်တီးထားတဲ့ Screenshot တွေကို မှားယွင်းမျှဝေမှုဖြစ်စဥ်တွေထဲက တစ်ခုဖြစ်တဲ့ ဒီပို့စ်ဟာ ဂျိုးဘိုင်ဒန်က ထရမ့်ကို အနိုင်ယူနိုင်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကျယ်ပြန့်တဲ့ မဲမသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ မှားယွင်းပြောဆိုမှုတွေကို ပြန်လည်ပျံ့နှံ့စေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် အမေရိကန်  Capitol တိုက်ခိုက်မှုရဲ့ ထင်ရှားတဲ့ ဆောင်ပုဒ်တစ်ခုဖြစ်တဲ့ "မဲခိုးမှုတွေရပ်" ဆိုတဲ့ ဆောင်ပုဒ်ကို ရှေးရိုးစွဲဝါဒီတွေက မဲဆွဲပွဲတွေမှာ အသုံးပြုခဲ့ကြပါတယ်။ (Archived link)

ဒါပေမဲ့ ဒီ Screenshot ထဲက သတင်းခေါင်းစဉ်ဟာ လုပ်ကြံဖန်တီးထားတာပဲဖြစ်ပါတယ်။   

"The Atlantic မဂ္ဂဇင်းကနေ ဒီလိုဆောင်းပါးမျိုး တစ်ခါမှထုတ်ဝေဖူးတာမရှိပါဘူး" ဆိုပြီး ပြန်ကြားရေးအကြီးတန်းဒုတိယဥက္ကဌ Anna Bross က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှာ Email ကနေတစ်ဆင့်ပြောကြားခဲ့ပါတယ်။  

"ကာမလာဟဲရစ် အနေနဲ့ မဲခိုးမှုတွေကို တားမြစ်ရနိုင်သည်" ဆိုတဲ့ခေါင်းစဥ်နဲ့  ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်မှာထုတ်ဝေတဲ့ The Atlantic မဂ္ဂဇင်းရဲ့  ဆောင်းပါးအစစ တစ်ခုကို ပြုပြင်ပြောင်းလဲထားခြင်းသာဖြစ်ပါတယ်။ Internet Archive ရဲ့ Wayback Machine မှာ အစောဆုံးသိမ်းဆည်းထားတဲဆောင်းပါးမှာလည်း အဲဒီပြုပြင်ပြောင်းလဲထားတဲ့ သတင်းခေါင်းစဉ်တုကိုဖော်ပြထားခြင်းမရှိပါဘူး။    

"The Atlantic ၏ သတင်းခေါင်းစဥ်နှင့် လုပ်ကြံဖန်တီးထားသည့်ပုံများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ မှု မကြာခဏဖြစ်ပွားလျှက်ရှိနေ" ဆိုပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က မဂ္ဂဇင်းရဲ့သတင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ (Archived link)

"ပုံတော်တော်များများသည် ပြတ်သားကြည်လင်မှုနည်းပါးပြီး အချို့တွင်ရိုင်းစိုင်းသည့်အပြောအဆိုများပါရှိကာ သိသာထင်ရှားသည့် အတုအယောင်များသာဖြစ်ပါသည်။"ဆိုပြီး ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ "ဤအတုအယောင်များသည် ဖတ်ရှုသူများအား အချက်အလက်မှားများဖြင့် လှည့်စားနိုင်သည်။ ရွေးကောက်ခံ ပုဂ္ဂိုလ်များအပါအဝင် Follower အများအပြားရှိသူများကလည်း ဤမှားယွင်းပို့စ်တွေကို ကျယ်ပြန့်ပြန့်မျှဝေနေကြပါသည်။" ဆိုပြီးလည်းထပ်မံရေးသားထားပါတယ်။ 

ကာမလာဟဲရစ်က သမ္မတလောင်းလျာအဖြစ် ရွေးကောက်ပွဲကို မဝင်ရောက်မီ ၂၀၂၁ ခုနှစ်မှာ ဖော်ပြထားတဲ့ ဒီဆောင်းပါးမှာ ပြည်နယ်အသီးသီးက တင်သွင်းတဲ့ ရွေးကောက်ပွဲရလဒ်တွေကို အတည်ပြုပေးတဲ့  အထက်လွှတ်တော် ဥက္ကဌအဖြစ် ထမ်းဆောင်ရမယ့် ဟဲရစ်ရဲ့ ဒုသမ္မတတာဝန်အကြောင်း ပြောဆိုဆွေးနွေးထားပါတယ်။ အဲဒီနှစ် ဇန်နဝါရီလမှာ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Mike Pence က ပြီးခဲ့တဲ့ရွေးကောက်ပွဲရလဒ်ကို ပြုပြင်ဖို့ ငြင်းဆန်ခဲ့တဲ့နောက် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ ထရမ့်ရှုံးနိမ့်ခဲ့ပါက ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်တဲ့ ပြည်နယ်တွေက မဲပေးရေးအဖွဲ့ဝင်အတုအယောင်တွေကို ဒုသမ္မတဖြစ်တဲ့ ကာမလာဟဲရစ်က ရင်ဆိုင်ရနိုင်တယ်လို့ ဒီဆောင်းပါးမှာ ဆိုထားပါတယ်။   

"အကယ်၍ လွှတ်တော်မှာ အများစုဖြစ်တဲ့ ရီပတ်ဘလစ်ကန်တွေအနေနဲ့  ဒီမိုကရက်တစ်တွေ အနိုင်ရတာကို တရားဝင်အတည်ပြုလက်ခံရန် ငြင်းဆိုပါက သူမဘာလုပ်နိုင်မလဲနဲ့ ဘာတွေလုပ်မှာလဲ" ဆိုပြီး သတင်းထောက် Russell Berman က မေးခွန်းထုတ်ထားပါတယ်။  

"ပြည်နယ်တစ်ခုရဲ့ လူထုမဲဆန္ဒကို ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူး ဒါမှမဟုတ် ပြည်နယ်အတွင်းရေးမှူးတစ်ဦးက လက်မခံပဲ ပြောင်းလဲအဆိုပြုတင်သွင်းခဲ့မယ်ဆိုရင် သူမအနေနဲ ဘယ်လိုကိုင်တွယ်မလဲ။ တစ်နည်းပြောရမယ်ဆိုရင် မဲခိုးမှုတွေရပ်တန့်နိုင်ဖို့ သူမအပေါ် ပဲမှီခိုနေရင်ရော ဘာတွေဖြစ်လာမှာလဲ။" ဆိုပြီး သူက ဆက်လက်ပြောကြားပါတယ်။ 

အဓိကကျတဲစကားလုံးတွေနဲ့ Atlantic မဂ္ဂဇင်းရဲ့ မော်ကွန်းတိုက်ကိုရှာဖွေကြည့်ရာ  Loomer နဲ့ အခြားသူတွေမျှဝေထားတဲ့ ခေါင်းစဥ်နဲ့ ဆင်တူတဲ့ အခြားခေါင်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပါဘူး။  

AFP က အချက်အလက်စိစစ်ထားတဲ့ ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲဆိုင်ရာ သတင်းမှားတွေကို ဒီလင့်ခ်မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။   

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ