လုပ်ကြံခံရမှုဖြစ်စဥ်အတွင်း Donald Trump အနောက်ကအမျိုးသမီးဟာ FBI အရာရှိတစ်ဦးဖြစ်တယ်ဆိုတဲ့ မှားယွင်းပြောဆိုမှု ပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 26 ဇူလိုင် 2024 အချိန် 10h01
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • Bill MCCARTHY, AFP USA, AFP ထိုင်း
အမေရိကန်သမ္မတဟောင်း Donald Trump ဟာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်က မဲဆွယ်စည်းရုံးရေးဟောပြောပွဲမှာ ပစ်ခတ်လုပ်ကြံခံခဲ့ရပြီး ဒီကြံစည်မှုဟာ 'အတွင်းလူလုပ်ရပ်' ဖြစ်တယ်လို့ဆိုထားတဲ့ပို့စ်တွေ ပျံ့နှံ့နေပြီး သူ့အနောက်မှာ ထိုင်နေတဲ့အမျိုးသမီးဟာ FBI Insider Threat ဌာနရဲ့ လက်ထောက်ဒါရိုက်တာ Janeen DiGuiseppi ဖြစ်တယ်လို့ မှားယွင်းဖော်ပြထားကြပါတယ်။ ဒါပေမဲ့ AFP ရဲ့ စိစစ်ချက်အရ ဒီအမျိုးသမီးနှစ်ဦးဟာ မတူညီတဲ့မျက်နှာအသွင်အပြင်တွေရှိကြပြီး FBI ကလည်း ဒါဟာ "မှားယွင်းတဲ့ပြောဆိုမှု" လို့ ဆိုပါတယ်။

"ထရမ့် သေနတ်ပစ်ခံရပြီး နောက်တရက်မှာ ရိုက်ထားတဲ့ Video ကိုအထပ်ထပ်ကြည့်ကြပြီး၊ ထရမ့်အနောက်မှာထိုင်နေတဲ့ အမျိုးသမီးကို သင်္ကာမကင်း ဖြစ်ကြတယ်၊ Conspiracy theory ဖြစ်လာပြီ၊ သေနတ်သံကြား၊ ထရမ့်နားရွက်ထိပြီး ရုတ်ရုတ်သဲသဲဖြစ်ကြချိန်မှာ အဲ့ဒီအမျိုးသမီးက မတုန်မလှုပ်နဲ့ တည်တည်ငြိမ်ငြိမ်ပဲတဲ့၊ ဆက်ပြီးပေါ်လာတဲ့သတင်းတွေအရ သူမနာမယ်က - Janeen Diguiseppi ဖြစ်ပြီး၊ FBI ရဲ့ လက်ထောက်ညွှန်မှုး ( လက်ထောက်အကြီးအကဲ ) ဖြစ်တယ်လို့ဆိုတယ်၊ သေနတ်သမား Matthew Crooks ကို ညွှန်ကြားချက်ပေးနေသူလို့လဲ ပြောလာကြတယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်က မျှဝေထားတဲ့ ဒီပို့စ်မှာ တစိတ်တပိုင်း ရေးသားထားပါတယ်။  

Pennsylvania ပြည်နယ်၊ Butler မြို့မှာပြုလုပ်ခဲ့တဲ့ ဟောပြောပွဲမှာ Trump နောက်က အနက်ရောင်ဦးထုပ်ဆောင်းထားပြီး နေကာမျက်မှန်နဲ့ အမျိုးသမီးတစ်ဦးရဲ့ မှုန်မှုန်ဝါးဝါးဗီဒီယိုကို DiGuiseppi ရဲ့ ရုပ်ပုံတွေနဲ့ ဒီပို့စ်မှာ နှိုင်းယှဥ်ပြထားပါတယ်။  

ဒီမှားယွင်းပြောဆိုမှုဟာ "Dom Lucre" ဆိုတဲ့ ကလောင်အမည်နဲ့ QAnon ယုံကြည်မှုတွေကို မျှဝေလေ့ရှိတဲ့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးကနေ စတင်ခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာဟာ မှားယွင်း၊လုပ်ကြံအချက်အလက်တွေကို ယခင်ကလည်းမျှဝေခဲ့ပြီး ကလေးသူငယ်တွေကိုအမြတ်ထုတ်တဲ့ရုပ်ပုံတွေကို မျှဝေခဲ့တဲ့အတွက်လည်း X လူမှုကွန်ရက်ပေါ်မှာ တားမြစ်ခြင်းခံခဲ့ရပါတယ်။  

Image
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်က ရယူထားတဲ့ X ပို့စ်ရဲ့ Screenshot

Trump ရဲ့ မဲဆွယ်စည်းရုံးရေးဟောပြောပွဲမှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် တက်ရောက်သူ တစ်ဦး သေဆုံးပြီး နောက်ထပ်လူနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့နောက် တစ်ပတ်နီးပါးအကြာမှာ အလားတူမှားယွင်းပြောဆိုမှုတွေ X နဲ့ အခြားလူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

ရီပတ်ဘလစ်ကန်သမ္မတလောင်းဖြစ်တဲ့ Trump က သူရဲ့ "ညာဘက်နားရွက် အပေါ်ဘက်ခြမ်းကို ထိုးဖောက်သွားတဲ့ ကျည်နဲ့ ပစ်ခတ်ခံခဲ့ရတယ်" လို့ Truth Social ပေါ်မှာ ပြောပါတယ်။ (Archived here)

New York၊ Albany မြို့မှာရှိတဲ့ FBI ရုံးကို ဦးဆောင်သူတစ်ဦးအဖြစ်ကနေ ၂၀၂၃ ခုနှစ်မှာ ရာထူးတိုးခြင်းခံခဲ့ရတဲ့ DiGuiseppi ကို "သူမ ကြိုသိနေတယ်" ဆိုတဲ့စာသားနဲ့ X ပို့စ်တစ်ခုမှာ မှားယွင်းဖော်ပြထားပါတယ်။

နောက်ထပ်ပို့စ်တစ်ခုမှာ သူမကို "ပူးပေါင်းကြံစည်သူ" အဖြစ် ဖော်ပြခဲ့ပါတယ်။  

Image
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်က ရယူထားတဲ့ X ပို့စ်ရဲ့ Screenshot

သေနတ်သမားဟာ Pennsylvania ပြည်နယ် Bethel Park က အသက် ၂၀ အရွယ်ရှိ Thomas Matthew Crooks ဖြစ်တယ်လို့ FBI က စုံစမ်းထုတ်ဖော်ခဲ့ပါတယ်။ ဒီလုပ်ကြံမှုဖြစ်စဥ်အပေါ် လွတ်လပ်တဲ့လေ့လာသုံးသပ်မှုတွေလည်း ဆောင်ရွက်နေကြပါတယ်။ (Archived here)

သေနတ်သမားရဲ့ ပြင်းထန်တဲ့အယူအဆတွေနဲ့ နိုင်ငံရေးယုံကြည်ချက်တွေကို မတွေ့ရှိခဲ့ပေမဲ့ သူဟာဒီလုပ်ကြံမှုကို တစ်ဦးတည်းလုပ်ဆောင်ကြံစည်ခဲ့တယ်လို့ ထောက်လှမ်းရေးအရာရှိတွေက ဆိုပါတယ်။

အခုလိုအွန်လိုင်းပေါ်မှာပျံ့နှံ့နေတဲ့ ဗီဒီယိုထဲကအမျိုးသမီးဟာ "လက်ထောက်ဒါရိုက်တာ DiGuiseppi မဟုတ်ဘူး" လို့ FBI က AFP ကို ဇူလိုင်လ ၉ ရက်မှာ ပြောပါတယ်။  

"Pennsylvania ပြည်နယ်၊ Butler မြို့မှာပြုလုပ်ခဲ့တဲ့ စည်းရုံးရေးဟောပြောပွဲမှာ FBI ခေါင်းဆောင်အရာရှိတစ်ဦးတက်ရောက်ခဲ့တယ်ဆိုတဲ့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေက ပြောဆိုမှုဟာ မှားယွင်းပါတယ်။ ဒီဗီဒီယိုထဲကလူဟာ သူ မဟုတ်ပါဘူး။ သူဟာ ဟောပြောပွဲကို မတက်ရောက်ခဲ့ပါဘူး။"

၎င်းတို့ရဲ့ အရာရှိတွေကိုပြစ်မှတ်ထားတဲ့ မှားယွင်းပြောဆိုမှုတွေဟာ "ရွံရှာဖွယ်ရာကောင်းတဲ့ တာဝန်မဲ့လုပ်ရပ်" ဖြစ်ပြီး "သူတို့အပြင် သူတို့ရဲ့မိသားစုကို အန္တရာယ်ဖြစ်စေနိုင်တယ်" လို့ FBI က ဆိုပါတယ်။

DiGuiseppi ဟာ အဲဒီအချိန်မှာ Pennsylvania ပြည်နယ်မှာမဟုတ်ဘူးလို့ FBI က ထပ်လောင်းပြောခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့တည်နေရာကိုဖော်ပြခဲ့ခြင်းမရှိပါဘူး။  

"ယေရှုသည် ကျွန်ုပ်၏ ကယ်တင်ရှင် Trump သည် ကျွန်ုပ်၏ သမ္မတဖြစ်သည်" ဆိုတဲ့စာသားနဲ့ ဦးထုပ်ကိုဆောင်းထားတဲ့ ဗီဒီယိုထဲကအမျိုးသမီးကို AFP က ဖော်ထုတ်နိုင်ခြင်းမရှိပါဘူး။

လျှို့ဝှက်ဝန်ဆောင်မှုအရာရှိတွေက Trump ကိုကာကွယ်ပြီး စင်မြင့်ပေါ်ကနေထုတ်ခေါ်နေချိန်မှာ သူက ဒီဖြစ်စဥ်တွေကို ရိုက်ကူးမှတ်တမ်းတင်နေတာကို လုပ်ကြံပစ်ခတ်မှုဖြစ်စဥ်ရဲ့ဗီဒီယိုထဲမှာတွေ့ရတဲ့အတွက် သူဟာ သေနတ်သမားကိုသတင်းပေးသူ၊ သံသယရှိသူအဖြစ် ခိုင်လုံမှုမရှိတဲ့ပို့စ်တွေက ဖော်ပြခဲ့ကြပါတယ်။  

(DC POOL / Gregory WALTON, Anne LEBRETON, Gilles CLARENNE, Moisés ÁVILA)

ဒါပေမဲ့ ဒီဟောပြောပွဲက ဗီဒီယိုနဲ့ ဓာတ်ပုံတွေကိုကြည့်ရင် သူဟာ DiGuiseppi ရဲ့ မျက်နှာအသွင်အပြင်နဲ့မကိုက်ညီပဲ မတူညီတဲ့ မေးရိုးနဲ့ နှားရွက်ပုံစံ ရှိတာတွေ့ရပါတယ်။ (Archived here, here, here and here)

Image
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်က ရယူထားတဲ့ Getty Images ဓာတ်ပုံ Screenshot ကို AFP က အမှတ်အသားပြုလုပ်ထား
Image
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်က ရယူထားတဲ့ HaystackNews screenshot

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်က US Capitol အဆောက်အအုံတိုက်ခိုက်ခံရမှုဟာ FBI အဖွဲ့ရဲ့ လုပ်ရပ်တွေဖြစ်တယ်ဆိုပြီး လျှို့ဝှက်နက်နဲတဲ့ပူးပေါင်းကြံစည်မှုတွေရှိတယ်ဆိုတဲ့အယူအဆတွေ ယုံကြည်သူတွေရဲ့ မှားယွင်းပြောဆိုမှုတွေလည်း ယခင်က ပျံ့နှံ့ခဲ့ပါတယ်။  

Trump ရဲ့ဟောပြောပွဲပစ်ခတ်ခံရမှုနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်