![](/sites/default/files/medias/factchecking/g2/2024-07/643a0cd0d44f53bb8616ac6c8a23f73741b1a0bd.jpeg)
'မြစ်ကြီးနားမြို့ရေကြီးနေတဲ့မြင်ကွင်း'ဆိုပြီး ဘရာဇီးရေကြီးမှုကဗီဒီယို မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 15 ဇူလိုင် 2024 အချိန် 06h22
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"မြစ်ကြီးနားရေကြီးမှုကို အပေါ်စီးကနေမြင်ရချင်း" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က မျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။ ဒီဗီဒီယိုကို ပြန်လည်မျှဝေမှုအကြိမ်ရေ ၄,၆၀၀ ကျော်ရှိနေပါတယ်။
မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လထဲ ရေလွှမ်းမိုးမှုတွေဖြစ်ပွားခဲ့ပြီး ထောင်နဲ့ချီတဲ့ မြို့နေပြည်သူတွေ ရေပြည့်လျှံနေတဲ့အိမ်တွေမှာ ပိတ်မိနေခဲ့ပါတယ်။
မိုးရာသီအချိန်မှာ မြန်မာနိုင်ငံတွင်း ပြင်းထန်တဲ့မိုးရွာသွန်းမှုတွေဖြစ်ပွားလေ့ရှိပါတယ်။
လူသားတွေရဲ့ လုပ်ဆောင်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတုပြောင်းလဲမှုဟာ ကမ္ဘာတဝန်း ပိုမိုဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေဖြစ်ပေါ်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးကြပါတယ်။
အညိုရောင်ရေတွေလွှမ်းမိုးနေတဲ့ မြို့တစ်မြို့ရဲ့ အပေါ်စီးကမြင်ကွင်းကို ဒီ Facebook ပို့စ်က ဗီဒီယိုမှာ တွေ့နိုင်ပါတယ်။
![](/sites/default/files/styles/image_in_article/public/medias/factchecking/g2/2024-07/338cdc5f15d7ae7351465917ff539317624be0d0.jpeg?itok=Y9O5E5YZ)
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရေကြီးမှုကဆိုတဲ့ တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။
ဒါပေမဲ့ ဒီဗီဒီယိုကို ဘရာဇီးနိုင်ငံရဲ့ Porto Alegre မြို့က ရေကြီးမှုမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံက ရေကြီးမှု
ဗီဒီယိုထဲမှာပါတဲ့ TikTok အမှတ်အသားကို အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဒီဗီဒီယိုကို Uesley Moreira ဆိုတဲ့ TikTok အသုံးပြုသူက ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်က မျှဝေထားတာတွေ့ရပါတယ်။ (Archived link)
“Porto Alegre မှာ ကယ်ဆယ်ရေးတတိယမြောက်နေ့ #ajudeors #riograndedosul” ဆိုပြီး ပေါ်တူဂီဘာသာစကားနဲ့ စာသားကိုလည်း ဒီပိုစ့်မှာ တွေ့ရပါတယ်။
Porto Alegre ဟာ ဘရာဇီးနိုင်ငံ တောင်ပိုင်းအစွန်အဖျားပြည်နယ် Rio Grande do Sul ရဲ့ မြို့တော်ဖြစ်ပါတယ်။
Rio Grande do Sul ရေကြီးမှုမှာ အနည်းဆုံး လူ ၁၇၀ သေဆုံးခဲ့ပြီး လူပေါင်း ၆၀၀,၀၀ ကျော် အိုးမဲအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ အယ်နီညိုကြောင့် ရာသီဥတု ဖောက်ပြန်မှု ပိုမိုဆိုးရွားမှုကနေ ဒီရေကြီးမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ပညာရှင်များက ယူဆကြပါတယ်။ (Archived link)
အောက်မှာ မှားယွင်းပြောဆိုထားတဲ့ Facebook ပိုစ့် (ဘယ်) ကို မူရင်း TikTok ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။
![](/sites/default/files/styles/image_in_article/public/medias/factchecking/g2/2024-07/ace07c676aabcda4ae6dbac010f9063eda8d60bc.jpeg?itok=clvOniQS)
ရေကြီးနေချိန် Porto Alegre ကို သူကိုယ်တိုင်သွားရောက်ခဲ့ပြီး ဒီဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်မှာ ရိုက်ကူးခဲ့တယ်လို့ Moreira က AFP ကိုပြောပါတယ်။
"ဒီဗီဒီယိုကို ကျွန်တော်ကိုယ်တိုင် Rio Grade do Sul ကိုသွားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မေလထဲမှာ ရိုက်ကူးခဲ့ပါတယ်။"
TikTok ဗီဒီယိုထဲကအချက်အလက်တွေနဲ့ ရုပ်ပုံသဲလွန်စတွေအသုံးပြုပြီး ဒီဗီဒီယိုရိုက်ကူးခဲ့တဲ့ Porto Alegre မြို့က တည်နေရာကို Google Maps ပေါ်မှာ AFP က ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အောက်မှာ ဗီဒီယိုရဲ့ ၃၅ စက္ကန့်ကြာချိန်ကရုပ်ပုံ Screenshot (ဘယ်) ကို Porto Alegre မြို့တစ်နေရာရဲ့ ဂြိုလ်တုရုပ်ပုံ (ညာ) နဲ့ တူညီမှုတွေကို AFP က အမှတ်အသားပြုလုပ်ထားပါတယ်။
![](/sites/default/files/styles/image_in_article/public/medias/factchecking/g2/2024-07/bc257cd552b9455bdb379436ac3718bd0a53a20f.jpeg?itok=kjMsqC2Y)
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်