AI နဲ့ဖန်တီးထားတဲ့ 'ပန်းရောင်လင်းပိုင်ပုံ' ကို Facebook အသုံးပြုသူတွေ လွဲမှားယုံကြည်
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 12 ဇူလိုင် 2024 အချိန် 09h29
- ဖတ်ရန် ကြာချိန် 3 မိနစ်
- AFP ဖိလစ်ပိုင်, AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ကွန်ပျူတာဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြုဖန်တီးထားတဲ့ ပန်းရောင်လင်းပိုင်ပုံကို ကာရိုးလိုင်းနား ကမ်းရိုးတမ်းဒေသတစ်ခုမှာတွေ့ရတဲ့ လင်းပိုင်အစစ်ဆိုပြီး မှားယွင်းမျှဝေနေကြပါတယ်။ အဏ္ဏဝါတိရိစ္ဆာန်ဆိုင်ရာ ကျွမ်းကျင်သူများက ကွန်ပျူတာဉာဏ်ရည်တုနည်းပညာ (AI) နဲ့ဖန်တီးထားပြီး Facebook မှာမျှဝေနေတဲ့ပုံတွေဟာ ရှားပါးတဲ့လင်းပိုင်မျိုးစိတ်ကို ကိုယ်စားမပြုဘူးလို့ AFP ကို ပြောပါတယ်။
ဒီဓာတ်ပုံတွေကို "ကာရိုလိုင်းနား ကမ်းရိုးတန်းမှာ တွေ့ရတဲ့ ပန်းရောင်လင်းပိုင် ချစ်စရာလေး " (မူရင်းအတိုင်း) လို့ရေးသားထားတဲ့ Facebook ပို့စ်မှာ ၂၀၂၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က မျှဝေထားပါတယ်။
ဒီဓာတ်ပုံတွေကို အကြိမ်ပေါင်း ၈,၀၀ နီးပါး မျှဝေထားပြီး ရေပေါ်မှာ ခုန်ကူးနေတဲ့ ပန်းရောင်လင်းပိုင်တစ်ကောင်ကို တွေ့ရပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံတွေကို Facebook ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ မျှဝေထားပြီး "ဖိလစ်ပိုင်နိုင်ငံ ဘိုဟိုကျွန်းမှာ ပန်းရောင်လင်းပိုင်ကိုတစ်ကောင်ကိုတွေ့ရှိ" ဆိုတဲ့မှားယွင်းပြောဆိုမှုတွေနဲ့လည်း ဖိလစ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
အချို့ Facebook အသုံးပြုသူတွေဟာ ဒီပုံကို အစစ်အမှန်လို့ ယုံကြည်နေကြဟန်ရှိပါတယ်။
Facebook အသုံးပြုသူတစ်ဦးက "ချစ်စရာကြီး ချစ်လိုက်တာ" (မူရင်းအတိုင်း) လို့ရေးထားပါတယ်။
"ငယ်ငယ်က ကာတွန်းကားလေးထဲက ဇာတ်ရုပ်လေးလိုပဲ" (မူရင်းအတိုင်း) ဆိုပြီး နောက်တစ်ယောက်က မှတ်ချက်ရေးထားပါတယ်။
ဒါပေမဲ့ ဒီပုံကို Google မှာဓာတ်ပုံရာဇဝင်ရှာကြည့်ရာမှာ ဒီပုံက အစစ်မဟုတ်ပါဘူးလို့ရေးထားတဲ့ Facebook ပို့စ်တစ်ခုမှာ ပထမဆုံး မျှဝေထားတာကို တွေ့ ရပါတယ်။(archived link)
"Outer Banks Vibes" လို့ခေါ်တဲ့ Facebook စာမျက်နှာမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လက ၁၈ရက်က ဒီလင်းပိုင်ကို မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရဲ့ကမ်းခြေမှာ တွေ့ရတယ်လို့ဆိုထားပါတယ်။
ဒါပေမဲ့ ဒီပိုစ့်ကို အကြိမ်ပေါင်း ၇၄,၀၀၀ ကျော်မျှဝေထားကြပြီးနောက်ပိုင်းမှာ AI နဲ့ဖန်တီးထားတဲ့ပုံဖြစ်တယ်လို့ ပြန်လည်ပြင်ဆင်ထားပါတယ်။
အဲဒီ Facebook စာမျက်နှာမှာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ကမ်းခြေမှာ လှိုင်းနဲ့ပါလာပြီး သောင်ပြင်မှာတင်နေတဲ့ပုံတွေကို ဖော်ပြခဲ့ပြီးနောက် AI နဲ့ ဖန်တီးထားတဲ့ပုံဖြစ်တယ်လို့ ပြန်လည်ရေးသားထားပါတယ်။ (Archived link)
"လက်တွေ့မဆန်တဲ့ ဓာတ်ပုံ"
ဘိုဟိုနဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်နှစ်ခုစလုံးမှာ ရှားပါးတဲ့ သွေးနွေးနို့တိုက်သတ္တဝါရှိတယ်ဆိုတဲ့ မှတ်တမ်းမရှိပါဘူးလို့ အဏ္ဏဝါအာဏာပိုင်တွေက ပြောပါတယ်။
"ဘိုဟိုမှာ ပန်းရောင်လင်းပိုင်ကိုတွေ့ခဲ့တာမရှိဘူး" လို့ ဖိလစ်ပိုင်နိုင်ငံ ငါးဖမ်းလုပ်ငန်း နှင့် ရေအရင်းမြစ်များဆိုင်ရာဗျူရိုရှိ ဇီဝဗေဒပညာရှင် Johann Tejada က AFP ကိုပြောပါတယ်။
Tejada က Facebook မှာပျံ့နှံ့နေတဲ့ပုံက "မူရင်းပုံကို လုံးဝ သို့မဟုတ် အနည်းငယ်ပြင်ထားတာ" ဖြစ်ပြီးတော့ ပန်းရောင်လင်းပိုင်အစစ်မဟုတ်ဘူးလို့ ဆိုပါတယ်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ် အဏ္ဏဝါငါးဖမ်းလုပ်ငန်းဌာနခွဲမှ ပြောရေးဆိုခွင့်ရှိသူက "မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရဲ့ ရေထဲမှာ ပန်းရောင်လင်းပိုင်တွေကိုတွေ့ရတယ်လို့ အတည်ပြုလို့ရတဲ့ မြင်တွေ့ရမှုမရှိပါဘူး"လို့ AFP ကို ပြောပါတယ်။
ယူကေနိုင်ငံအခြေစိုက် ပရဟိတအဖွဲ့ဖြစ်တဲ့ ဝေလငါးနဲ့ လင်းပိုင်ထိမ်းသိမ်းရေးအဖွဲ့အစည်းရဲ့ အဆိုအရ အမေဇုန်မြစ်လင်းပိုင်နဲ့ အင်ဒို-ပစိဖိတ်လင်းပိုင်လို့ခေါ်တဲ့ ပန်းရောင်ဝေလငါးမျိုးစိတ် ၂ မျိုးသာရှိပြီး ၎င်းတို့ဟာ မျိုးသုဥ်းမယ့်အန္တရာယ်ကြုံနေရတယ်လို့ ဆိုပါတယ်။ (archived link)
အမေဇုန်မြစ်လင်းပိုင်အမျိုးအစားက တောင်အမေရိကရဲ့ မိုးသစ်တောရေစီးကြောင်းတွေမှာ ပေါက်ဖွားရှင်သန်တာဖြစ်ပြီး ထင်ရှားတဲ့ နှုတ်သီးအရှည်ရှိပါတယ်။ အရွယ်ရောက်လာတာနဲ့အမျှ ပန်းရောင် (သို့မဟုတ်) ပန်းရောင်သန်းတဲ့မီးခိုးရောင်ဖြစ်လာပါတယ်။ (archived link)
အင်ဒို-ပစိဖိတ်လင်းပိုင်းအမျိုးအစားတွေကိုတော့ တရုတ်ပြည်မကြီး၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်မှာ မီးခိုးရောင်ကနေ အဖြူရောင် (သို့မဟုတ်) ပန်းရောင်ဖျော့ဖျော့အထိ တွေ့ရပါတယ်။ (archived link)
ဖိလစ်ပိုင်နိုင်ငံ၊ အဏ္ဏဝါ တောရိုင်းတိရစ္ဆာန်များ စောင့်ကြည့်ရေးအဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ AA Yaptinchay က က ဒီပုံထဲက လင်းပိုင်ဟာ အပြင်က အခြားဘယ်မျိုးစိတ်နဲ့မှ ကိုက်ညီမှုမရှိဘူးလို့ ပြောပါတယ်။
"ပုံထဲမှာပါတဲ့လင်းပိုင်က အယ်လ်ဘိုင်းနိုး ပုလင်းပုံစံနှုတ်သီးရှိတဲ့လင်းပိုင်ရဲ့ နဂိုအဖြူရောင်အစား ပန်းရောင်ဖြစ်အောင်ပြောင်းလဲထားတာဖြစ်နိုင်တယ်"လို့ သူက AFP ကိုဆက်ပြောပါတယ်။
AI နည်းပညာအသုံးပြုထားတဲ့ တိရိစ္ဆာန်ပုံတွေကို ပုံအစစ်လို့ပြောထားတဲ့ ကြီးမားတဲ့ ရေဘဝဲကြီး နဲ့ သစ်ပင်ပေါ်တက်တဲ့ဆင် စတဲ့ လူမှုကွန်ယက်ကပို့စ်တွေကို AFP က အကြိမ်တော်တော်များများအချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်