ရေနစ်မြုပ်မှုကနေ ကယ်ဆယ်ထားတဲ့ ခွေးတွေရဲ့ ဓာတ်ပုံတွေဟာ မြန်မာနိုင်ငံက မဟုတ်
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 11 ဇူလိုင် 2024 အချိန် 11h15
- ဖတ်ရန် ကြာချိန် 3 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"မြစ်ကြီးနားမြို့က ရေတွေကြီး ရေတွေမြုပ်နေတဲ့နေရာတွေက လမ်းဘေးအာဝုလေးတွေကို လဲ ကယ်တင်ကူညီ အစာလေးကျွေးပေးကြပါဉီးနော် ဉီးဉီးဒေါ်ဒေါ်ကိုကိုမမဟူးမန်းများ အာဝု လေးတွေကိုလဲချန်မထားခဲ့ကြပါနဲ့နော်"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်က ဒီ Facebook ပို့စ်မှာ မျှဝေထားပါတယ်။
ရေနစ်မြုပ်နေတဲ့နေရာတစ်နေရာမှာ ခွေးတွေရေကူးနေတဲ့ဓာတ်ပုံ၊ ခွေးတစ်ကောင်က တိုင်တစ်တိုင်မှာ ကြိုးချည်ခံထားရတဲ့ဓာတ်ပုံနဲ့ ခွေးတွေကို တိရိစ္ဆာန်ကယ်ဆယ်ရေးက ကယ်ထုတ်နေတဲ့ ဓာတ်ပုံ စတဲ့ ဓာတ်ပုံလေးပုံကိုလည်း ဒီပို့စ်မှာ ဖော်ပြထားပါတယ်။ ပို့စ်ကို ပြန်လည်မျှဝေထားတဲ့ အကြိမ်ရေ ၇,၀၀၀ ကျော်အထိရှိနေပါတယ်။
ကချင်ပြည်နယ်မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး ထောင်နဲ့ချီတဲ့ မြို့နေပြည်သူတွေ မိမိတို့နေအိမ်မှာပိတ်မိခဲ့တဲ့နောက် ဒီဓာတ်ပုံတွေအခုလို ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံတွေကို Facebook ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။
ဒါပေမဲ့ ဒီဓာတ်ပုံတွေဟာ ၂၀၂၂ ခုနှစ် ထိုင်းနိုင်ငံရေကြီးမှုအပြင် ၂၀၁၇ ခုနှစ်၊ အမေရိကန်နိုင်ငံရေကြီးမှုတွေနဲ့ သက်ဆိုင်တဲ့ သတင်းဆောင်းပါးတွေမှာ ယခင်ကတည်း ပျံ့နှံ့နေခဲ့ပါတယ်။
ထိုင်းနိုင်ငံက ရေကြီးမှု
Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ မှားယွင်းပြောဆိုထားတဲ့ ပို့စ်က ဓာတ်ပုံနှစ်ပုံကို ထိုင်းနိုင်ငံအခြေစိုက် Soi Dog Foundation တိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့က ဒီ Facebook ပို့စ်မှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက မျှဝေထားတာ တွေ့ရပါတယ်။ (Archived link)
"နှစ်ပေါင်းများစွာထဲမှာအဆိုးရွားဆုံးရေကြီးမှုကို ကျွန်တော်တို့တွေ လက်ရှိကြုံတွေ့နေရပါတယ်။ ထောင်နဲ့ချီတဲ့ ခွေးတွေကြောင်တွေအတွက် အခြေအနေတွေက အရမ်းကို ဆိုးရွားပါတယ်။" ဆိုပြီး အင်္ဂလိပ်ဘာသာစကားနဲ့ စာသားပါရှိပါတယ်။
ဒေသတွင်းရေနစ်မြုပ်မှုကြောင့် ဒုက္ခရောက်နေကြတဲ့ တိရိစ္ဆာန်တွေကို ကူညီကယ်ဆယ်ဖို့ လှူဒါန်းကြဖို့ ဒီပို့စ်မှာ တိုက်တွန်းနှိုးဆော်ထားပါတယ်။
အောက်မှာ မှားယွင်းပြောဆိုထားတဲ့ပို့စ်က ဓာတ်ပုံတွေ (ဘယ်) နဲ့ Soi Dog Foundation ပိုစ့်ကဓာတ်ပုံတွေ (ညာ) တို့ကို နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။
၂၀၂၃ ခုနှစ်က ယူကရိန်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေကာတာတိုက်ခိုက်ခံရမှုနဲ့ပက်သက်တဲ့ပိုစ့်တွေနဲ့အတူ ဒီဓာတ်ပုံတွေကို မှားယွင်းမျှဝေခဲ့ကြတာကိုလည်း AFP က ဒီလင့်ခ့်မှာ အချက်အလက်စိစစ်ခဲ့ပါတယ်။
ခွေးတစ်ကောင်က ကယ်ဆယ်ရေးလှေတစ်စီးဆီ ကူးခတ်နေတဲ့ဓာတ်ပုံကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်မှာ Soi Dog Foundation ရဲ့ ရေကြီးမှုအတွင်းတိရိစ္ဆာန်ကယ်ဆယ်ရေးလုပ်ငန်းစဥ်တွေအကြောင်း ရေးသားထားတဲ့ the Phuket News ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ (Archived link)
"ဆူကိုထိုင်း ရေကြီးမှုက ခွေးတစ်ကောင် စားစရာရှိရာသို့ ရေကူးနေပုံ" ဆိုပြီး ဓာတ်ပုံစာသားပါရှိပြီး Soi Dog Foundation ကို ရည်ညွှန်းဖော်ပြထားပါတယ်။
အောက်မှာ မှားယွင်းပြောဆိုထားတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို Phuket News ဆောင်းပါးကဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။
ဒီဓာတ်ပုံကို ၂၀၂၂ ခုနှစ် ဆူကိုထိုင်းပြည်နယ်မှာ ရေကြီးမှုဖြစ်ပွားခဲ့စဥ်က ရိုက်ကူးခဲ့တယ်လို့ ဖောင်ဒေးရှင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP ကို အတည်ပြုပြောဆိုခဲ့တယ်။
အမေရိကန် ဟာရီကိန်း
တိုင်တစ်တိုင်မှာ ကြိုးချည်ခံထားရတဲ့ ခွေးတစ်ကောင်ရဲ့ဓာတ်ပုံကို ဗြိတိန်အခြေစိုက် the Daily Mail က ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်မှာ ဖော်ပြထားတာတွေ့ရတယ်။ (Archived link)
ဒီခွေးတစ်ကောင်ဟာ ဟာရီကိန်းဟာဗီကြောင့် ရေကြီးမှုဖြစ်ပွားနေစဥ် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်က နေအိမ်တစ်ခုမှာ ပစ်ထားခံခဲ့ရတယ်လို့ ဓာတ်ပုံမှာ စာသားဖော်ပြထားပါတယ်။
အောက်မှာ မှားယွင်းပြောဆိုထားတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို Daily Mail ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။
ဒီဓာတ်ပုံကို ဓာတ်ပုံဆရာ Ruaridh Connellan က ရိုက်ကူးခဲ့ပြီး ဒီခွေးကို ကြိုးဖြည်ပေးပြီး ဘေးလွှတ်ရာကိုကယ်ထုတ်ခဲ့တယ်လို့ Daily Mail ရဲ့ နောက်ထပ် ဆောင်းပါးတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ (Archived link)
ရေကြီးမှုနောက်ပိုင်းမှာ ဒီခွေးနဲ့အတူ Connellan ရဲ့ ဓာတ်ပုံတွေကိုလည်း ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ဟာရီကိန်းဟာဗီကြောင့် တက္ကဆက်ပြည်နယ်မှာ အနည်းဆုံး လူ ၆၈ ဦး သေဆုံးခဲ့တယ်လို့ အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထု စီမံခန့်ခွဲရေးဌာနက ဆိုပါတယ်။ အမေရိကန်နိုင်ငံကို ရိုက်ခတ်ခဲ့တဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေထဲမှာ ကုန်ကျစရိတ်အများဆုံးမုန်တိုင်း တစ်ခုဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၅၈ ဘီလီယံကျော်ရှိတယ်လို့ သိရပါတယ်။ (Archived links here and here)
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်