ဆီးချိုရောဂါပျောက်ကင်းစေတဲ့ နို့မှုန့်လို့ မှားယွင်းကြော်ငြာမှုနဲ့ လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေ ပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 27 ဇွန် 2024 အချိန် 06h45
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
ဆီးချိုရောဂါကို အပြည့်အဝ ပျောက်ကင်းစေတယ်ဆိုပြီး မှားယွင်းပြောဆိုမှုနဲ့ နို့မှုန့်တစ်မျိုး ကြော်ငြာရောင်းချနေတဲ့ ဗီဒီယိုကို အင်တာနက်လူမှုကွန်ရက်ပို့စ်တော်တော်များများမှာ မျှဝေနေကြပါတယ်။ ဒါပေမဲ့ အဲဒီအဆိုကို ကျန်းမာရေးကျွမ်းကျင်သူတွေက ငြင်းဆိုထားပြီး ဆီးချိုရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမရှိသေးဘူးလို့ ပြောဆိုကြပါတယ်။ အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ပို့စ်တွေမှာ CNN နဲ့ The New York Times သတင်းဌာနတွေက အဲဒီနို့မှုန့်ကို ထောက်ခံကြော်ငြာထားတယ်လို့ ဆိုထားပေမယ့် အဲဒီသတင်းဌာနတွေရဲ့တာဝန်ရှိသူတွေကတော့ ဒီရုပ်ပုံတွေဟာ လုပ်ကြံဖန်တီးထားတာတွေ ဖြစ်တယ်လို့ AFP ကို ပြောပါတယ်။

"Gludiabetic Plus" လို့ အမည်ပေးထားတဲ့ နို့မှုန့်ကို ဝယ်ယူကြဖို့ ကြော်ငြာထားတဲ့ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေထားတာ ဖြစ်ပြီး အကြိမ်ရေ ၄၅၀,၀၀၀ ကျော် ကြည့်ရှုထားကြပါတယ်။ 

အဲဒီဗီဒီယိုမှာ နို့မှုန့်ဘူးတွေရဲ့ဘေးမှာ စကားပြောနေတဲ့ အမျိုးသမီးတစ်ဦး ပါဝင်ပြီး "Gludiabetic Plus" ကို တစ်နေ့နှစ်ခွက်သောက်ရုံနဲ့ Type 1 နဲ့ Type 2 ဆီးချိုနှစ်မျိုးလုံးကို ၁၅ ရက်အတွင်း ပျောက်ကင်းစေနိုင်တယ်လို့ ပြောဆိုထားပါတယ်။ 

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်က ရိုက်ယူထားတဲ့ Screenshot

အဲဒီပို့စ်မှာ "Gludiabetic Plus နို့မှုန့်က ထိရောက်မှုရှိလို့ သတင်းတွေမှာပါ ဖော်ပြထားကြပါတယ်"(မူရင်းအတိုင်း) လို့ တစိတ်တပိုင်းရေးသားထားတဲ့ ဘလော့ဂ်ပို့စ်တစ်ခုကိုလည်း မျှဝေထားပါတယ်။ 

"အမေရိကန် FDAမှ အသိအမှတ်ပြုထားတဲ့ ပစ္စည်းဖြစ်လို့ ပြည်တွင်းရော ပြည်ပမှာပါ ဆီးချိုရောဂါသမားတွေ သန်းချီကို ကူညီပေးနေပါတယ်" (မူရင်းအတိုင်း) ဆိုပြီးလည်း  ပို့စ်မှာ ဖော်ပြထားပါတယ်။ 

နောက်ပြီး FDA အသိအမှတ်ပြုလက်မှတ်၊ CNN နဲ့ The New York Times သတင်းဌာနတွေက နို့မှုန့်အကြောင်းရေးသားထားတဲ့ သတင်းတွေလို့ မှားယွင်းပြောဆိုထားတဲ့ ဓာတ်ပုံတွေကိုလည်း ပို့စ်မှာ တွဲဖက်ဖော်ပြထားတာ တွေ့ရပါတယ်။

အလားတူပြောဆိုကြော်ငြာထားတဲ့ပို့စ်တွေကိုလည်း Facebook မှာအကြိမ်ကြိမ် မျှဝေထားကြတာတွေ့ရပါတယ်။ 

ဆီးချိုကိုကုသနိုင်တဲဆေးဝါးမရှိ 

ဒါပေမဲ့ ဆီးချိုရောဂါကို ကုသနိုင်တဲ့နည်းလမ်း မရှိသေးဘူးလို့ အမေရိကန်နိုင်ငံရောဂါထိန်းချုပ်ရေးနဲ့ကြိုတင်ကာကွယ်ရေးစင်တာ (CDC) ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP ကိုဇွန်လ ၁၄ ရက်မှာပြောပါတယ်။

"ဒါပေမဲ့ ကျန်းမာစေမယ့် အစားအသောက်တွေစားတာပိုပြီးလှုပ်လှုပ်ရှားရှားနေထိုင်တာဆေးဝါးသောက်တာစတဲ့နည်းတွေနဲ့ သွေးတွင်းသကြားဓာတ်ကို မျှတအောင် ထိန်းသိမ်းထားနိုင်တယ်" လို့ သူက ဆိုပါတယ်။ 

ကျန်းမာရေးစောင့်ရှောက်မှုဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Hello Sayarwonရဲ့ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာဖြစ်သူဒေါက်တာသူရိန်လှိုင်ဝင်းက Gludiabetic Plus နို့မှုန့်က ဆီးချိုဝေဒနာရှင်တွေအတွက် အကျိုးရှိတယ်ဆိုတဲ့ အထောက်အထားတစုံတရာမရှိဘူးလို့ AFP ကိုပြောပါတယ်။ 

"ဒီလိုဖြည့်စွက်စာတွေမှာသကြားဓာတ်တွေပါဝင်နိုင်ပြီးဆီးချိုရောဂါရှိသူတွေအတွက် အနုတ်သဘောဆောင်တဲ့ထိခိုက်မှုတွေဖြစ်စေနိုင်တယ်" လို့ သူကသတိပေးပါတယ်။ 

Type 1 အမျိုးအစား ဆီးချိုရှိသူတွေဟာ အင်ဆူလင် နေ့စဉ်ရရှိဖို့လိုအပ်ပြီး အဲဒီဆီးချိုကို ကြိုတင်မကာကွယ်နိုင်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ဆိုပါတယ်။ (Archived link) 

အစားအသောက်တွေမှာပါဝင်တဲ့ သကြားဓာတ်တွေကို စွမ်းအင်အဖြစ် ပြောင်းပေးရာမှာ အကူအညီပေးတဲ့ ဟော်မုန်းအင်ဆူလင်ကို ခန္ဓာကိုယ်က ထုတ်မပေးနိုင်တဲ့အတွက် ဆီးချိုရောဂါ ဖြစ်လာစေပါတယ်။  သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း မြင့်တက်စေပြီး ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေကို ဖြစ်လာစေပါတယ်။ (Archived link)

ခန္ဓာကိုယ်ကအင်ဆူလင်ကိုကောင်းမွန်စွာအသုံမပြုနိုင်တဲ့ Type 2 ဆီးချိုရောဂါကိုတော့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အစားအသောက်တွေစားသောက်တာကိုယ်လက်လှုပ်ရှားမှုပိုလုပ်တာစတဲ့  နေထိုင်မှုပုံစံပြောင်းလဲမှုတွေနဲ့ကာကွယ်နိုင်တယ်လို့ CDC က ဆိုပါတယ်။ (Archived link) 

လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေ

အဲဒါအပြင် နို့မှုန့်ကြော်ငြာမှာပါဝင်တဲ့ သတင်းဆောင်းပါးတွေဟာ သတင်းဌာနတွေကရေးသားထားတာမဟုတ်ဘဲလုပ်ကြံဖန်တီးထားတာတွေသာဖြစ်ပါတယ်။

"CNN အနေနဲ့ ဒီနို့မှုန့် ဒါမှဟုတ် အဲဒီကုမ္ပဏီအကြောင်းဘယ်တုန်းကမှ ရေးသားခဲ့ခြင်းမရှိပါဘူး" လို့ CNN Worldwide ရဲ့ ဆက်ဆံရေးဌာနအကြီးတန်းဒုတိယဥက္ကဌ Emily Kuhn က ဇွန်လ ၁၄ ရက်မှာ AFP ကိုပြောပါတယ်။

The New York Times သတင်းစာရဲ့ ပြင်ပဆက်ဆံရေးဌာနဦးဆောင်ညွှန်ကြားရေးမှူး Nicole Taylor ကလည်းကြော်ငြာမှာပါဝင်တဲ့ဓာတ်ပုံဟာ "ကွန်ပျုတာနည်းပညာနဲ့ လုပ်ကြံဖန်တီးထားတာ" ဖြစ်တယ်လို့ ပြောပါတယ်။ 

"Gludiabetic ဆိုတဲ့ ကုန်ပစ္စည်းကြော်ငြာမှာပါဝင်တဲ့ သတင်းခေါင်းစဉ် ၅ ခုအပါအဝင် အဲဒါနဲ့ ဆက်စပ်တဲ့ ဓာတ်ပုံတွေကိုလည်း The New York Times အနေနဲ့ ရေးသားခြင်းပုံနှိပ်ဖော်ပြခြင်းမရှိပါဘူး" လို့ သူကဆိုပါတယ်။ 

အဓိကစကားလုံးတွေအသုံးပြုပြီး Google မှာ အချက်အလက်ရှာဖွေကြည့်တဲ့အခါ CNN နဲ့ The New York Timesသတင်းဌာနတွေရဲ့ ဝဘ်ဆိုဒ်တွေမှာအဲဒီလိုသတင်းမျိုးဖော်ပြခဲ့တာမတွေ့ရပါဘူး

အမေရိကန်နိုင်ငံ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) က အသိအမှတ်ပြုထားတဲ့ ဆေးဝါးပစ္စည်းအမျိုးအမည်တွေစာရင်း အချက်အလက်ဒေတာဘေ့စ်မှာလည်း Gludiabetic Plus ကို အတည်ပြုထားတဲ့ အထောက်အထားမတွေ့ရပါဘူး။ (Archived links here and here)

ဆီးချိုရောဂါကိုကုသနိုင်တယ်ဆိုပြီးမှားယွင်းကြော်ငြာထားတဲ့ တခြားပို့စ်တွေကို AFP က ဒီလင့်ခ်ဒီလင့်ခ်တွေမှာအချက်အလက် စိစစ်ထားပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်