ဆီးချိုကို ကြိုတင်ကာကွယ်ကုသနိုင်တယ်လို့ဆိုတဲ့ အထောက်အထားမခိုင်လုံတဲ့နို့မှုန့်ရောင်းချ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 15 ဇူလိုင် 2023 အချိန် 13h32
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
တစ်ရက်ကို နှစ်ခွက်သောက်ရင် ဆီးချိုရောဂါကို ကုသပျောက်ကင်းနိုင်သလို ဆီးချိုလက္ခဏာတွေကိုလည်း ကြိုတင်ကာကွယ်နိုင်၊ လျှော့ချနိုင်တယ်လို့ဆိုထားတဲ့ ဖြည့်စွက်စာတစ်မျိုးကို မြန်မာအွန်လိုင်းသုံးစွဲသူတွေကြား ကြော်ငြာရောင်းချလျက်ရှိပါတယ်။ ဒါပေမဲ့ ဆီးချိုကို ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးသလို ဆီးချိုပျောက်ကင်းအောင် ကုနိုင်တဲ့ ဆေးဝါး သို့မဟုတ် ဖြည့်စွက်စာလည်း မရှိသေးပါဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ အဲဒါအပြင် type 2 ဆီးချိုကိုပဲ အစားအသောက်အနေအထိုင်ဆင်ခြင်ပြီး ကြိုတင်ကာကွယ်နိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက AFP ကို ပြောပါတယ်။

ဒီလိုကြော်ငြာစာသားတွေပါဝင်တဲ့ ဗီဒီယိုကို ၂၀၂၃ ခုနှစ်၊ ဇွန် ၂၁ က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး အဲဒီအချိန်ကတည်းက ကြည့်ရှုတဲ့အကြိမ်ရေ ၃၆၈,၀၀၀ ကျော် ရှိခဲ့ပါတယ်။

ဗီဒီယိုထဲမှာတော့ Diaglusure တံဆိပ်ကပ်ထားတဲ့ဗူးတွေဘေးမှာ မတ်တပ်ရပ်နေတဲ့ အမျိုးသမီးတစ်ဦးပါဝင်ပြီး ဒီထုတ်အကြောင်းရှင်းပြတာအပြင် ဒီထုတ်ကုန်ဟာ ဆီးချိုကို ကြိုတင်ကာကွယ်နိုင်သလို၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ဆီးချိုရောဂါလက္ခဏာတွေကို သက်သာစေတယ်လို့ ပြောဆိုထားတာ တွေ့ရပါတယ်။

ဗီဒီယိုထဲ ဖော်ပြထားတဲ့ပုံရိပ်တစ်ခုမှာတော့ “14 ရက်အတွင်း ဆီးချိုရောဂါကို ပျောက်ကင်းစေပါသည်။ (မူရင်းအတိုင်း)” လို့ ရေးထားတာ တွေ့ရပါတယ်။

ဒီပို့စ်မှာ ဝဘ်ဆိုဒ်လင့်ခ်တစ်ခုလည်း ပါဝင်ပြီး ဝဘ်ဆိုဒ်ထဲမှာတော့ အလားတူပြောဆိုမှုတွေအပြင် ဒီထုတ်ကုန်ကို နယူးဇီလန်အာဟာရဌာနက သုတေသနလုပ်ပြီး ထုတ်လုပ်တယ်လို့ ဆိုထားပါတယ်။

Image
နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို ၂၀၂၃၊ ဇူလိုင် ၂၁ က ရယူထားတဲ့ screenshot

အလားတူ ထုတ်ကုန်ကို ကြော်ငြာထားတဲ့ပို့စ်တွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည် မျှဝေထားပါသေးတယ်။

ဒါပေမဲ့ ပို့စ်မှာ ပါဝင်တဲ့အချက်တွေဟာ မှားယွင်းပါတယ်။ လောလောဆယ် ဆီးချိုကို ကုသနိုင်ခြင်းမရှိသေးသလို ဆေးဝါး သို့မဟုတ် ဖြည့်စွက်စာတွေမှီဝဲလို့ ဆီးချိုကို ကြိုတင်ကာကွယ်နိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားမျိုး မရှိသေးဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက AFP ကို ပြောပါတယ်။

ဆီးချို ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်း

The Charity Diabetes UK ရဲ့ အဆိုအရ ဆီးချိုမှာ type 1 နဲ့ type 2 ဆိုပြီး အဓိက အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်ပြီး ဘယ်အမျိုးအစားကိုမှ ပျောက်ကင်းအောင် မကုနိုင်သေးဘူးလို့ သိရပါတယ် (archived link)။

အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ကြိုတင်ကာကွယ်ရေးစင်တာ (CDC) ကလည်း အခုလိုရှင်းပြပါတယ် (archived link)။ ဆီးချို type 1 ရှိသူတွေဟာ မိမိတို့စားတဲ့အစားအသောက်ထဲက သကြားဓာတ်တွေကို စွမ်းအင်အဖြစ် ပြောင်းပေးရာမှာ အကူအညီပေးတဲ့ ဟော်မုန်းအင်ဆူလင် ပေးလို့မရပါဘူး။ ဒီလိုပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ပမာဏကို မြင့်တက်စေပြီး ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေကို ဖြစ်လာစေပါတယ်။

ဆီးချို type 1 ရှိသူတွေအနေနဲ့ အင်ဆူလင်ကို နေ့တိုင်းထိုးဖို့လိုအပ်မှာဖြစ်ပေမယ့် ဆီးချိုကိုတော့ ကြိုတင်ကာကွယ်တားဆီးနိုင်ခြင်းမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ဆိုပါတယ် (archived link)။

အင်ဆူလင်မတိုးတော့တဲ့ ဆီးချို type 2 ကိုတော့ ကျန်းမာစွာစားသောက်ခြင်း၊ ပုံမှန်ထက်ပိုပြီး ကိုယ်လက်လှုပ်ရှားလုပ်ခြင်းစတဲ့ အစားအသောက်အနေအထိုင် ပြောင်းလဲလိုက်ခြင်းအားဖြင့် ကြိုတင်ကာကွယ်နိုင်တယ်လို့ CDC က ဆိုပါတယ် (archived link)။

ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချက်အလက်မှားတွေကို ကိုင်တွယ်ဖြေရှင်းနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Meedan's Digital Health Lab က ပရိုဂရမ်မန်နေဂျာ Jenna Sherman ကလည်း ဆီးချို type 2 ကို ပျောက်အောင် ကုသနိုင်တဲ့ဆေးဝါး၊ ထုတ်ကုန် စတာတွေနဲ့ပတ်သက်လို့ သက်သေအထောက်အထား မတွေ့ရှိရဘူးလို့ AFP ကို ပြောပါတယ် (archived link)။

ကုသမှုအများစုဟာ လေ့ကျင့်ခန်းပိုလုပ်တာမျိုး၊ ပိုမိုကျန်းမာစွာ စားသောက်တာမျိုး စတဲ့ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲတာတွေပဲလို့ Jenna က ဆိုပါတယ်။

အစားအသောက် ချင့်ချိန်စားသောက်မှုနဲ့ဆက်စပ် ဖြည့်စွက်စာတွေကတော့ ကျန်းမာစွာစားသောက်မှုအတွက် အထောက်အကူပြုနိုင်ချေရှိပေမယ့် ဖြည့်စွက်စာမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ပတ်သက်လို့ အာမခံချက်ပေးနိုင်မှုမရှိရင် ဒါမှမဟုတ် ဒီဖြည့်စွက်စာနဲ့ပတ်သက်လို့ လေ့လာသုတေသနပြုထားတာမျိုး မရှိဘူးဆိုရင်တော့ ခုနက ပြောခဲ့သလို ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ခြေရှိတယ်ဆိုတဲ့အချက်ကလည်း မမှန်နိုင်တော့ပါဘူး" လို့ Jenna က ဇူလိုင် ၁၃ မှာ ပြောပါတယ်။

ဆီးချို type 2 ကို ကြိုတင်ကာကွယ်ဖို့အတွက်ဆိုရင် အစားအသောက်၊ အနေအထိုင်ပေါ်မှာပဲ အဓိကမူတည်တယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Hello Sayarwon ရဲ့ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာဖြစ်သူ ဒေါက်တာသူရိန်လှိုင်ဝင်းက AFP ကို ဩဂုတ် ၁၀ ရက်မှာ ပြောပါတယ် (archived here and here)။

“လက်ရှိအချိန်ထိ ဆီးချိုကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ ဆေးဝါး၊ ဖြည့်စွက်စာ ဘာတစ်ခုမှမရှိပါ”

“သူ့ဆီမှာ ဘာတွေနဲ့ ဖွဲ့စည်းထားမှန်းမသိဘဲတော့ ပြောရခက်တယ်။ ဆီးချိုသမားတွေအတွက် simple sugar နဲ့လုပ်ထားတဲ့ ပစ္စည်းတွေဟာ အင်မတန်အန္တရာယ်များပါတယ်။ သူ့ပစ္စည်းသာ သကြားဓာတ်များနေခဲ့ရင် ဆီးချိုသမားတွေအတွက် အကူအညီမဖြစ်တဲ့အပြင် ဘေးအန္တရာယ်တောင် ပိုဖြစ်နိုင်ပါသေးတယ်” လို့ ဒေါက်တာသူရိန်လှိုင်ဝင်းက ပြောပါတယ်။

'ဆေးဝါးအဖြစ် အတည်ပြုထားခြင်းမရှိ'

ဒီဖြည့်စွက်စာကို နယူးဇီလန်မှာ သုတေသနပြုလုပ်ပြီး ထုတ်ဝေတယ်ဆိုတဲ့အချက်နဲ့ပတ်သက်လို့ မေးမြန်းရာမှာ "ဒီထုတ်ကုန်တွေကို Medsafe ကနေ ဆေးဝါးအဖြစ် အတည်ပြုပေးထားခြင်းမရှိပါဘူး" လို့ နယူးဇီလန်ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇူလိုင် ၆ ရက်မှာ AFP ကို ပြောပါတယ်။

Medsafe ဟာ နယူးဇီလန် ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာကိရိယာဘေးကင်းရေးအာဏာပိုင်အဖွဲ့ဖြစ်ပြီး နိုင်ငံတွင်းက ဆေးဝါးကုသမှုနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေကို စည်းကမ်းချမှတ်ပြီး ထိန်းချုပ်ရတဲ့အဖွဲ့ဖြစ်ပါတယ် (archived link)။

ဩစတြေးလျနယူးဇီလန်အစားအစာစံနှုန်းများဆိုင်ရာသတ်မှတ်ချက်အရ နယူးဇီလန်နိုင်ငံမှာ အစားအသောက်တွေကို ရောဂါကုသနိုင်တဲ့ ထုတ်ကုန်တွေအနေနဲ့ ကြော်ငြာရောင်းခွင့် မရှိပါဘူး (archived link)။ အစားအသောက်တွေကို

"ဆိုလိုတာကတော့ အစားအသောက်တွေကို ရောဂါတစ်ခုခု ကြိုတင်ကာကွယ်တယ်တို့၊ ကုသတယ်တို့၊ ပျောက်ကင်းတယ်တို့၊ သက်သာစေတယ်တို့ စသည်ဖြင့် ရည်ညွှန်းပြီး ရောင်းလို့မရဘူးလို့ ပြောချင်တာပါ" ဆိုပြီး နယူးဇီလန် အစားအသောက်လုံခြုံရေးဆိုင်ရာ ယာယီဒုညွှန်ချုပ် Jenny Bishop က AFP ကို ဇူလိုင် ၇ မှာ ပြောပါတယ်။

AFP အနေနဲ့ ဆီးချိုနဲ့ဆက်စပ် အလားတူ ဖြည့်စွက်စာတွေအကြောင်း ဖော်ထုတ်ရေးသားခဲ့ပြီး ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်