၂၀၂၁ ခုနှစ် ဆွီဒင်နိုင်ငံက ဆန္ဒပြပွဲဓာတ်ပုံကို ဖင်လန်မှာ သမ္မတဂျိုးဘိုင်ဒန်ကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲကဆိုပြီး မှားယွင်းဖြန့်ဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 31 ဇူလိုင် 2023 အချိန် 05h37
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ဖင်လန်နိုင်ငံကိုသွားရောက်ခဲ့တဲ့အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို ဖင်လန်ပြည်သူတွေကဆန္ဒပြနေတယ်ဆိုတဲ့မှားယွင်းပြောဆိုမှုနဲ့ ဆန္ဒပြပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ဓာတ်ပုံတစ်ပုံကိုမျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ်က ဆွီဒင်နိုင်ငံမှာ ကိုဗစ်ရောဂါဆိုင်ရာတားမြစ်ချက်တွေကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲကဓာတ်ပုံဖြစ်ပါတယ်။

လူတစ်စုကရဲတပ်ဖွဲ့ဝင်တွေနဲ့ထိပ်တိုက်ရင်ဆိုင်နေတာကိုပြတဲ့ဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားပါတယ်။

“အမေရိကန်နိုင်ငံက စစ်မီးမွှေးနေတဲ့နိုင်ငံဖြစ်တယ်လို့ ကြွေးကြော်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို ဖင်လန်နိုင်ငံပြည်သူများ ဆန္ဒပြ” (မူရင်းအတိုင်း) ဆိုပြီး ဓာတ်ပုံနဲ့အတူစာသားဖော်ပြထားပါတယ်။

Image
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ကရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားပါတယ်။

စစ်တပ်ထောက်ခံတဲ့ NP News ကလည်း ဒီဓာတ်ပုံကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ဖင်လန်နိုင်ငံကို သွားရောက်ခဲ့တဲ့သတင်းနဲ့အတူ ၎င်းတို့ရဲ့ ဝဘ်ဆိုက်နဲ့ Telegram ချန်နယ်တွေမှာ မျှဝေထားပါတယ်။

လစ်သူယေးနီးယားက နေတိုးထိပ်သီးအစည်းအဝေးအပြီး ဖင်လန်နဲ့အခြားနော်ဒစ်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှာ ဟယ်လ်စင်ကီမြို့တော်ကိုရောက်ရှိခဲ့ပြီးနောက် ဒီပို့စ်ဟာ အွန်လိုင်းပေါ်ပျံ့နှံ့လာတာဖြစ်ပါတယ်။

ဒီလာရောက်လည်ပတ်မှုကြောင့် ဟယ်လ်စင်ကီမြို့တော်မှာ သမ္မတဂျိုးဘိုင်ဒန်နဲ့ နေတိုးအဖွဲ့ဝင်အသစ်ဖြစ်တဲ့ဖင်လန်မှာ နေတိုးတပ်စခန်းထူထောင်မှုတွေကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဖင်လန်ရုပ်မြင်သံကြားသတင်းဌာန YLE က ဖော်ပြခဲ့ပါတယ်။ (archived link)

ဒါပေမဲ့ ဒီဓာတ်ပုံကို အချက်အလက်မှားယွင်းဖော်ပြထားတာဖြစ်ပါတယ်။

ကိုဗစ်တားမြစ်ချက်တွေကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲ

အဓိကကျတဲ့စကားလုံးတွေနဲ့ Google မှာဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံကို ဆွီဒင်မြို့တော်စတော့ဟုမ်းမှာ အပြင်မထွက်ရတားမြစ်ချက်တွေကိုဆန့်ကျင်တဲ့ ၂၀၂၁ ခုနှစ်၊ မတ်လ ဆန္ဒပြပွဲတစ်ခုက ရိုက်ကူးထားတာတွေ့ရပါတယ်။

ဒီဓာတ်ပုံကို AFP Forum ဝဘ်ဆိုက်မှာဖော်ပြထားပြီး ဆွီဒင်အခြေစိုက် TT News Agency ရဲ့ ဓာတ်ပုံဆရာဖြစ်သူ Henrik Montgomery နဲ့ AFP ကို ခရက်ဒစ်ပေးထားပါတယ်။ (archived link here and here)

Image
AFP Forum ကမူရင်းဓာတ်ပုံ Screenshot

"ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကို တိုက်ဖျက်ရန် ဆွီဒင်အစိုးရ၏ အရေးယူဆောင်ရွက်မှုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတွင်ပါဝင်ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များနှင့် စတော့ဟုမ်းမြို့တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်" ဆိုပြီး ဓာတ်ပုံနဲ့အတူစာသားဖော်ပြထားပါတယ်။

"လူထုစုဝေးမှုခွင့်ပြုချက်မရှိသည့်ဆန္ဒပြမှုများအား ရဲတပ်ဖွဲ့ကဖြိုခွင်းခဲ့သည်။ ရဲတပ်ဖွဲ့နှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ဆန္ဒပြသူများသည် မြောက်ဘက်စတော့ဟုမ်းမြို့လယ်ဘက်သို့ဆက်လက်ချီတက်ခဲ့သည်။"

အောက်မှာနားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို AFP Forum ကမူရင်းဓာတ်ပုံ (ညာ) နဲ့နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို AFP Forum ကမူရင်းဓာတ်ပုံ (ညာ) နဲ့နှိုင်းယှဥ်ထားတဲ့ Screenshot

ဒီဓာတ်ပုံကို Reuters သတင်းဌာနက စတော့ဟုမ်း ကိုဗစ်-၁၉ ဆန္ဒပြပွဲဆောင်းပါးနဲ့အတူ ဖော်ပြခဲ့ပြီး အလားတူဓာတ်ပုံဆရာကို ခရက်ဒစ်ပေးထားတာတွေ့ရပါတယ်။ (archived link)

ဒီဆန္ဒပြပွဲက အခြားဓာတ်ပုံတွေကို AFPက တစ်နေ့တည်းမှာ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ဖော်ပြခဲ့ပါတယ်။

AFP Forum မှာဖော်ပြထားတဲ့ ၂၀၂၁ ခုနှစ် စတော့ဟုမ်းဆန္ဒပြပွဲကဓာတ်ပုံတစ်ပုံကို အောက်က Screenshot မှာတွေ့နိုင်ပါတယ်။

Image
AFP Forum မှာဖော်ပြထားတဲ့ ၂၀၂၁ ခုနှစ် စတော့ဟုမ်းဆန္ဒပြပွဲကဓာတ်ပုံတစ်ပုံ ( Yenni KWOK)

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်