ကသစ်ရွက်ကို စားသုံးပြီး ကင်ဆာကို ကုသနိုင်တယ်ဆိုတဲ့ပို့စ်အအမှားတွေ ကျွမ်းကျင်သူတွေငြင်းဆို

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 27 ဇူလိုင် 2023 အချိန် 08h42
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
အာရှနိုင်ငံတွေမှာ တိုင်းရင်းဆေးအဖြစ်သုံးလေ့ရှိတဲ့ ကသစ်ပင်ရဲ့အရွက်ကိုထုထောင်းပြီး အရည်ကိုသောက်သုံးရင် ကင်ဆာရောဂါပျောက်တယ်လို့ ပြောဆိုထားတဲ့ပို့စ်တွေကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီမျှဝေနေကြပြီး ကျွမ်းကျင်သူတွေကတော့ အဲဒီအဆိုကို ငြင်းဆိုထားကြပါတယ်။ ဒီလို ကသစ်ပင်ရဲ့အစိတ်အပိုင်းတွေကို စားသုံးပြီး ကင်ဆာရောဂါကို ကုသတဲ့နည်းလမ်းဟာ အန္တရာယ်ကင်း၊ မကင်းနဲ့ ထိရောက်မှုရှိ၊ မရှိဆိုတာ သိနိုင်ဖို့ သိပ္ပံနည်းကျလေ့လာမှုတွေ ထပ်ပြီးလိုအပ်နေဆဲဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက AFP ကို ပြောပါတယ်။

ဒီပို့စ်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်က Facebook ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး အကြိမ်ရေ ၇၀၀ ကျော် မျှဝေထားကြပါတယ်။

အသည်းကင်ဆာခံစားနေတဲ့လူနာတစ်ယောက်ဟာ ရောဂါပြင်းထန်တဲ့အတွက် ဆေးရုံကဆရာဝန်တွေက လက်လျှော့ပြီး အိမ်ပြန်ခိုင်းခဲ့တယ်လို့ ပို့စ်မှာ ရေးထားပါတယ်။ ဆရာဝန်က သူ့ကို ကသစ်ရွက်ကို စားသုံးရတဲ့ ဆေးနည်းတစ်ခု ပေးလိုက်ပြီး အဲဒီဆေးနည်းနဲ့ သူရဲ့ကင်ဆာရောဂါပျောက်သွားတယ်လို့ ပို့စ်မှာ ဆိုထားပါတယ်။

“ကသစ်ရွက် ရင့်ရင့်ကို ရေသန့်သန့်နဲ့ဆေးပါ ပြီးရင် ငရုတ်ဆုံထဲ ထည့်ထောင်းပါ၊ အရွက်ကြေတဲ့ အထိ ဆူးတွေ ကြေတဲ့အထိ ထောင်းရပါမယ်။ ပြီးရင် ပိတ်ဖြူ သန့်သန့်နဲ့ လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာလောက် ရအောင် အရည်ညှစ်ချပါ၊ အဲ့ဒီအရည်ကိုတစ်နေ့လျင် သုံးကြိမ် မနက် နေ့လည် ည သုံးကြိမ်သောက်ပေးပါ။

ကင်ဆာရောဂါပျောက်ကင်းမယ်လို့ ယုံကြည်ပါတယ်။ လက်တွေ့ပျောက်ဖူးလို့ ဆေးနည်းတင်ပေးရခြင်းဖြစ်ပါတယ်”(မူရင်းအတိုင်း)

အဲဒီဆေးနည်းဟာ ဘေးထွက်ဆိုးကျိုးမရှိဘူးလို့လည်း ပို့စ်မှာ ရေးထားပါတယ်။

နီနီရဲရဲပန်းတွေပွင့်လေ့ရှိတဲ့ ကသစ်ပင်တွေဟာ သိပ္ပံအမည် Erythrina ရှိတဲ့ အပင်မျိုးစုထဲပါဝင်ပါတယ်။ အပွင့်၊ အခေါက်နဲ့ အရွက်တွေကို အိန္ဒိယ၊ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ တိုင်းရင်းဆေးဖော်စပ်ရာမှာ အသုံးချလေ့ရှိပါတယ်။ (archived link)

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅ ရက်က ရိုက်ယူထားတဲ့ screenshot

အလားတူပြောဆိုထားတဲ့ပို့စ်တွေကို Facebook ဒီလင့်ခ်ဒီလင့်ခ်တွေအပြင် Follower ၄၆၅,၀၀၀ ကျော်ရှိတဲ့ စာမျက်နှာတစ်ခုကရဲ့ ဒီလင့်ခ်မှာလည်း တင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ဆေးလောကဝန်ထမ်းတချို့ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ အဲဒီနောက် နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အားနည်းချက်တွေ ဖြစ်ပေါ်ခဲ့ပြီး အိမ်တွင်းဆေးဝါးတွေနဲ့ ကုသတဲ့နည်းလမ်းတွေ အင်တာနက်လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့ပါတယ်။ (archived here)

“ရောဂါရှိတဲ့သူတွေ ဒီဆေးကို သောက်သင့်ပါတယ်။ ကင်ဆာဝေဒနာရှင်တွေ အားလုံး ကျန်းမာ ချမ်းသာကြပါစေ” (မူရင်းအတိုင်း) ဆိုပြီး Facebook အသုံးပြုသူတစ်ဦးက ပို့စ်မှာ မှတ်ချက်ရေးခဲ့ပါတယ်။

“ကျွန်တော်တို့ ရွာနားမှာ ဒီလိုအပင်တွေ အများကြီးပဲ။ လိုတဲ့လူတွေဆီ ပို့ပေးမယ်”(မူရင်းအတိုင်း) ဆိုပြီး နောက်တစ်ဦးက မှတ်ချက်ရေးပါတယ်။

ဒါပေမဲ့ ဆေးပညာကျွမ်းကျင်သူတွေကတော့ ကသစ်ပင်ရဲ့အရွက်တွေကို စားသုံးပြီး ကင်ဆာရောဂါကို ကုသနိုင်တယ်ဆိုတဲ့ လုံလောက်တဲ့အထောက်အထား မရှိဘူးလို့ AFP ကို ပြောပါတယ်။

“ကသစ်ပင်(erythrina)က ကင်ဆာကို ထိထိရောက်ရောက် ကုသနိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့အထောက်အထား မရှိသေးပါဘူး” လို့ ယူကေအခြေစိုက် ကင်ဆာရောဂါသုတေသနစင်တာ Cancer Research UK ရဲ့ ကင်ဆာအချက်အလက်ဆိုင်ရာကျွမ်းကျင်သူနာပြု Caroline Geraghty က AFP ကို ပြောပါတယ်။

“သုတေသနတွေဟာ အလွန်အမင်းစောသေးတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်၊ အဲဒီ(ကသစ်ပင်)က လူနာအတွက် ဘေးကင်းပြီး အသုံးဝင်မှုရှိမရှိဆိုတာ သိရဖို့ နောက်ထပ်လေ့လာမှုတွေနဲ့ လက်တွေ့စမ်းသပ်မှုတွေ အများကြီး လိုအပ်ပါသေးတယ်” လို့ သူက ဆိုပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချက်အလက်မှားတွေကို ဖြေရှင်းပေးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Meedan's Digital Health Lab ရဲ့ ပရိုဂရမ်မန်နေဂျာ Jenna Sherman က ကင်ဆာရောဂါကို ကုသရာမှာ အသုံးပြုဖို့ နိုင်ငံတကာ အစိုးရဆေးဝါးဦးစီးဌာနတွေက အတည်ပြုသတ်မှတ်ထားတဲ့ ကသစ်ပင်ကနေပြုလုပ်ထားတဲ့ဆေးဝါး မရှိသေးဘူးလို့ AFP ကို ပြောပါတယ်။

အွန်လိုင်းပေါ်တွေ့ရတဲ့ အထောက်အထားမရှိတဲ့ ကင်ဆာကုသနည်းတွေနဲ့ပတ်သက်ပြီး သတိပြုကြဖို့လည်း သူက တိုက်တွန်းပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာ (CDC) ရဲ့အဆိုအရ ကင်ဆာရောဂါကို ခွဲစိတ်တဲ့နည်း၊ ဆေးသောက်၊ ဆေးသွင်းတဲ့နည်းတွေနဲ့ ကုသနိုင်တယ်လို့ ဆိုပါတယ်။ (archived here)

မှားယွင်းတဲ့ Facebook ပို့စ်မှာပါဝင်တဲ့ပုံကို ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံပြခန်းဝဘ်ဆိုဒ်မှာ တင်ထားတာတွေ့ရပြီး အဲဒီပုံဟာ ကသစ်ပင်ရဲ့ပုံမဟုတ်ဘဲ 'floss silk (Ceiba speciosa) လို့ခေါ်တဲ့သစ်ပင် ပုံဖြစ်နေတာ တွေ့ရပါတယ်။ (archived here and here)

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်