ရေဆူဆေးပြားတွေမှာ ဆီးချိုကုသနိုင်တဲ့သက်သေအထောက်အထားမရှိဘူးလို့ ကျန်းမာရေးပညာရှင်တွေဆို

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 18 ဇူလိုင် 2023 အချိန် 10h32
  • အပ်ဒိတ်ရက်စွဲ 18 ဇူလိုင် 2023 အချိန် 10h35
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
အင်ဆူလင်နဲ့ အနောက်တိုင်းဆေးဝါးတွေမလိုဘဲ ဆီးချိုကို ရက်ပေါင်း ၄၀ အတွင်း ကုသနိုင်တယ်လို့ ဆိုထားတဲ့ ပြောဆိုမှုနဲ့အတူ ဆီးချိုဖြည့်စွက်စာတစ်မျိုးကြော်ငြာနေတဲ့ဗီဒီယိုကို ကြည့်ရှုတဲ့အကြိမ်ရေ သိန်းချီ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖြည့်စွက်စာဟာ ဆီးချို သို့မဟုတ် တခြားရောဂါတွေကို ကုသနိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားမရှိဘူးလို့ ကျန်းမာရေးပညာရှင်တွေက AFP ကို ပြောပါတယ်။

ဒီပြောဆိုမှုကို ၂၀၂၃ ခုနှစ်၊ ဇွန်လ၊ ၂၆ က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁,၅၀၀ ကျော်ရှိခဲ့ပါတယ်။

ပို့စ်မှာပါဝင်တဲ့ဗီဒီယိုကို ကြည့်ရှုတဲ့အကြိမ်ရေ ၈၀၀,၀၀၀ ကျော်ရှိခဲ့ပြီး ဗီဒီယိုမှာ အမျိုးသားတစ်ဦးက ရေဆူဆေးပြားကို ရေဖျော်သောက်ပြနေတာအပြင် ဆီးချိုလက္ခဏာတွေကို ရက် ၄၀ အတွင်း ကုသနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ပါဝင်ပါတယ်။

ပို့စ်ပါ စာသားတွေက အခုလိုဖြစ်ပါတယ်။ “ဆီးချိုဝေဒနာရှင်များအတွက် သတင်းကောင်း
10 ရက် - nocturia မရှိတော့ပါ။
ရက် 20 - ခြေဖဝါး ထုံကျင်ခြင်း မရှိတော့ဘဲ အမြင်အာရုံ ကြည်လင်လာပါသည်။
ရက် 30 - ခေါင်းကိုက်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်း မရှိတော့ပါ။
40 ရက် - 5-6 mmol / l တွင်တည်ငြိမ်သောသွေးသကြားဓာတ်
- ဆေးရုံသို့ သွားရန် မလိုအပ်ပါ - အိမ်တွင်သာ ကုသခြင်း - စရိတ်ပိုသက်သာ - ဘေးထွက်ဆိုးကျိုး မရှိပါ။” (မူရင်းအတိုင်း)

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁ ရက်က ရယူထားတဲ့ screenshot

ဆီးချိုဟာ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး blood glucose လို့သိကြတဲ့ သွေးတွင်းသကြားဓာတ်ပမာဏ မြင့်တက်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရတာဖြစ်ပါတယ် (archived link)။ ဆီးချိုကို ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ကာစလူငယ်တွေမှာဖြစ်လေ့ရှိတဲ့ Type 1 နဲ့ အသက် ၄၅ နှစ်ကျော်တဲ့ လူကြီးပိုင်းတွေမှာ အတွေ့ရများလေ့ရှိတဲ့ Type 2 ဆိုပြီး အမျိုးအစား ခွဲခြားထားပါတယ် (archived links here and here)။

ဒီကုန်ပစ္စည်းအမျိုးအစားကိုပဲ ကြော်ငြာထားတဲ့ အလားတူဗီဒီယိုတွေကို Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်အပြင် ဝဘ်ဆိုဒ်တစ်ခုရဲ့ ဒီလင့်ခ်မှာလည်း တင်ထားပါသေးတယ်။ ဝဘ်ဆိုဒ်ရဲ့ ကြော်ငြာမှာတော့ FDA အတည်ပြုချက် ရရှိပြီးပြီလို့ ပါဝင်ပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းတယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

သက်သေအထောက်အထားမရှိ

Satochi Plus ဆိုတဲ့ ရေဆူဆေးပြား ဒါမှမဟုတ် တခြားသော ဖြည့်စွက်စာတွေမှာ ပြောဆိုထားသလို ဆီးချိုနဲ့ တခြားသော ကျန်းမာရေးပြဿနာတွေကို ကုသပေးနိုင်တယ်ဆိုတာဟာ သိပ္ပံနည်းကျ သက်သေအထောက်အထား မရှိဘူးလို့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချက်အလက်မှားတွေကို ဖြေရှင်းပေးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Meedan's Digital Health Lab ရဲ့ ပရိုဂရမ်မန်နေဂျာ ဂျန်နာရှားမန်းက AFP ကို ပြောပါတယ် (archived link)။

“တချို့ စမ်းသပ်စစ်ဆေးမှုတွေမှာ တချို့ဖြည့်စွက်စာတွေဟာ ကျန်းမာရေးအတွက် အကျိုးရှိပြီး ဘေးထွက်ဆိုးကျိုး အနည်းငယ်ကနေ လုံး၀မရှိသလောက်ပါပဲ။ ဒါပေမဲ့ ဒီဖြည့်စွက်စာတွေမှာ ရောဂါတွေကို ကုသနိုင်တယ်ဆိုတဲ့ အထောက်အထား၊ သုတေသန မရှိသေးပါဘူး။ ဒါကြောင့် ဖြည့်စွက်စာတစ်မျိုးမျိုးက ရောဂါတစ်မျိုးမျိုးကို ကုသနိုင်တယ်ဆိုတဲ့ပြောဆိုမှုမှန်သမျှဟာ သိပ္ပံနည်းကျ စမ်းသပ်မှုအပေါ် အခြေခံပြီး ပြောဆိုထားတာမျိုး မဟုတ်ပါဘူး” လို့ ရှားမန်းက AFP ကို ဇူလိုင် ၇ မှာ ပြောပါတယ်။

အဲဒါအပြင် ဒီဖြည့်စွက်စာကို ကြော်ငြာရောင်းချနေတဲ့ မြန်မာ၊ အမေရိကန်၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယအပါအဝင် ဘယ်နိုင်ငံမှာမှ ဒီရေဆူဆေးပြားကို FDA အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားတဲ့မှတ်တမ်းမရှိဘူးလို့ သူက ထပ်လောင်းပြောဆိုထားပါတယ်။

Type 2 ဆီးချိုအတွက် တရားဝင်ထုတ်ပြန်ထားတဲ့ကုသဆေးမရှိသေးကြောင်းနဲ့ ဆီးချိုကုသုမှုဟာ အခြေခံအားဖြင့် အစားအသောက်အနေအထိုင်ပြောင်းလဲမှုတွေပါဝင်ကြောင်း ရှားမန်းက ပြောပါတယ်။

အင်ဆူလင်ပေးပြီး ကုသမှုဟာ Type 1 ဆီးချိုသမားတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ၁၀ နှစ်ကျော် ရောဂါခံစားနေရတဲ့ Type 2 ဆီးချိုသမားတွေမှာ အင်ဆူလင်မတိုးတော့ဘူးဆိုပေမယ့် အစားအသောက်ချင့်ချိန်စားသုံးတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ သွေးတွင်းသကြားဓာတ်ထိန်းချုပ်တဲ့ဆေးဝါးတွေ မှီဝဲတာမျိုးအပြင် လူနာအများစုအတွက် အင်ဆူလင် ဆက်လက်လိုအပ်နေဆဲဖြစ်ပါတယ်။

“Type 2 ဆီးချိုအတွက် ဖြစ်နိုင်ချေရှိတဲ့ကုသမှုတွေကို လူတွေလိုက်လံရှာဖွေကြတာမှန်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ ဘယ်လိုတရားဝင်ကုသဆေးမှ မရှိသေးပါဘူး” လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီးတော့လည်း Satochi Plus နဲ့ အလားတူဆေးဝါးတွေကြော်ငြာနေကြတဲ့ လူတွေ၊ ကုမ္ပဏီတွေဟာ “ငွေရရှိရေးအတွက်ပဲ ဦးတည်လုပ်နေကြဖွယ်ရှိတယ်” လို့ ရှားမန်းက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

အနောက်တိုင်းဆေးဝါးတွေမှာတောင်မှ ဆီးချိုကိုကုသရာမှာ ဆေးဝါးအပြင် နေထိုင်စားသောက်မှုပုံစံနဲ့ထိန်းကျောင်းသွားရတာဖြစ်တယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Hello Sayarwon ရဲ့ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာဖြစ်သူ ဒေါက်တာသူရိန်လှိုင်ဝင်းက AFP ကို ဇူလိုင် ၅ ရက်မှာ ပြောပါတယ် (archived here and here)။

“တိုင်းရင်းဆေးတချို့က ဆီးချိုကို အကင်းပျောက်တယ်လို့ ပြောကြတာမျိုးရှိပေမယ့် လက်ရှိအချိန်ထိ ဘယ်ဆေးကမှ ရေရာသေချာတဲ့ရလဒ်ကို မရရှိစေပါဘူး။ ဒီဟာကိုကြည့်တဲ့အခါမှာလည်း ဆေးဝါးတွေမှာပါရှိတဲ့ ယုံကြည်ရလောက်တဲ့အထောက်အထား တစ်ခုကိုမှမပါပါဘူး။ ဒါကြောင့် အတုအယောင် လိမ်ညာမှုတစ်ခုလို့ ကျနော်ယူဆပါတယ်။” လို့ ဒေါက်တာသူရိန်လှိုင်ဝင်းက ပြောပါတယ်။

ဆီးချိုကုသနိုင်တယ်လို့ဆိုတဲ့ အတုအယောင်ဖြည့်စွက်စာတွေအကြောင်း အရင်ကလည်း AFP က ဖော်ထုတ်ရေးသားခဲ့ဖူးပြီး ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်