ဒီဗီဒီယိုဟာ ဖိလစ်ပိုင်စာတိုက်ရုံးမီးလောင်စဥ်ကဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့အကြီးဆုံးစာကြည့်တိုက်မီးလောင်မှုမဟုတ်

ပြင်သစ်နိုင်ငံရဲ့အကြီးမားဆုံးစာကြည့်တိုက် မီးလောင်သွားပြီဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့ အဆောက်အအုံတစ်ခုမီးလောင်ကျွမ်းနေတဲ့ဗီဒီယိုကို လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်မျှဝေနေကြပါတယ်။ ၂၀၂၃ ခုနှစ် ဇွန်လက ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံးခဲ့ပြီး ပြင်သစ်နိုင်ငံတစ်ဝန်းဆူပူမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီဆူပူမှုမှာ ရာနဲ့ချီတဲ့အဆောက်အအုံတွေမီးလောင်ပျက်စီးခဲ့ပြီးနောက် ဒီဗီဒီယိုဟာအွန်လိုင်းပေါ်ပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ၂၀၂၃ ခုနှစ်၊ မေလက ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ မနီလာစာတိုက်ရုံးမီးလောင်ကျွမ်းမှုက ဗီဒီယိုဖြစ်ပါတယ်။

"NUG အကြမ်းဖက်အဖွဲ့ကကောင်တွေ ရောက်တဲ့နိုင်ငံနဲ့ ဒေသတွေမှာ မတည်ငြိမ်မှုဖြစ်ပွားနေ ယခုလည်း ပြင်သစ်ရဲ့ အကြီးဆုံးစာကြည့်တိုက်လည်း မီးလောင်သွားပြီဖြစ်ပါတယ်" (မူရင်းအတိုင်း) ဆိုပြီး ဇူလိုင်လ ၅ ရက်နေ့က မျှဝေထားတဲ့ ဒီပို့စ်မှာ ဆိုထားပါတယ်။

ဒီဗီဒီယိုကို ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၃၀၀ ကျော်ရှိနေပြီး လိမ္မော်ရောင် မီးတောက်တွေနဲ့ ခေတ်နှောင်းပိုင်းရှေးဟောင်းအဆောက်အအုံတစ်ခုမီးလောင်ကျွမ်းနေတဲ့ပုံရိပ်တွေကို ဝေဟင်ကနေရိုက်ကူးထားတာကို တွေ့ရပါတယ်။

ဇွန်လ ၂၇ ရက်က ၁၇ နှစ်အရွယ် အယ်ဂျီးရီးယန်းလူငယ်တစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံတစ်ဝန်း ဆန္ဒပြအဓိကရုဏ်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုဟာ ပြင်သစ်နိုင်ငံအတွင်း ချို့တဲ့နေရာတွေမှာ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ လူမျိုးရေးခွဲခြားမှုတွေနဲ့ပတ်သက်တဲ့ မကျေနပ်ချက်တွေကို ပြန်လည်နိုးထစေခဲ့ပါတယ်။ ဒီအဓိကရုဏ်းတွေကြောင့် အဆောက်အအုံပေါင်း ၁,၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

Image
၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှာ ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားပါတယ်။

ဒါပေမဲ့ AFP အနေနဲ့ ဇူလိုင်လ ၁၄ ရက်အထိ ဆန္ဒပြမှုကြောင့် ပြင်သစ်အမျိုးသားစာကြည့်တိုက် the Bibliotheque nationale de France အပြင် စာကြည့်တိုက်မှာ စုဆောင်းထားတဲ့ ပစ္စည်းတွေပျက်စီးခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ မရှိတာကို တွေ့ရပါတယ်။

မာဆေးလ်မြို့မှာရှိတဲ့ Alcazar စာကြည့်တိုက်ပစ်မှတ်ထားခြင်းခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေက ဖော်ပြခဲ့ပေမယ့် စာကြည့်တိုက်တွင်းမီးလောင်တာနဲ့ စာအုပ်တွေဖျက်ဆီးခံခဲ့ရတာမရှိဘူးလို့ မာဆေးလ်မြို့တော်ခန်းမအဖွဲ့က AFP ကို ဇူလိုင်လ ၇ ရက်မှာ ပြောခဲ့ပါတယ် (archived links here and here)။

စာကြည့်တိုက်ကို ဇူလိုင်လ ၄ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး မြို့အတွင်းအခြားစာကြည့်တိုက်တွေ တိုက်ခိုက်ခံရတာမရှိဘူးလို့လည်း ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

မနီလာစာတိုက်ရုံး မီးလောင်ကျွမ်းမှု

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ မေလက သမိုင်းဝင် မနီလာဗဟိုစာတိုက်ရုံးမီးလောင်ကျွမ်းစဥ်က ဗီဒီယိုတွေနဲ့ ကိုက်ညီမှုရှိနေတာတွေ့ရပါတယ်။

ဆင်တူတဲ့ အဆောက်အအုံတစ်ခုမီးလောင်နေတဲ့ပုံရိပ်တွေနဲ့ ဗီဒီယိုတစ်ခုကို Guardian သတင်းဌာနရဲ့ YouTube စာမျက်နှာပေါ်မှာ မျှဝေထားတာကို တွေ့ရပါတယ် (archived link)။

မေလ ၂၂ ရက်ကဖော်ပြထားတဲ့ဒီဗီဒီယိုရဲ့ခေါင်းစဥ်မှာ "မနီလာမြို့ရဲ့ သမိုင်းဝင်စာတိုက်ရုံးတွင် မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွား" ဆိုပြီး ရေးသားထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ပို့စ်ကဗီဒီယို Screenshot (ဘယ်) ကို the Guardian YouTube စာမျက်နှာက ဗီဒီယို Screenshot (ညာ) နဲ့ နှိုင်းယှဥ်ထားတာ တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ပို့စ်ကဗီဒီယို Screenshot (ဘယ်) နဲ့ the Guardian YouTube စာမျက်နှာက ဗီဒီယို Screenshot (ညာ)

ဒီမီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ဖို့ မီးသတ်တပ်ဖွဲ့ဝင်တွေ ၇ နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ AFP က ဒီလင့်ခ်မှာ တင်ပြခဲ့ပြီး ဒီမီးလောင်ကျွမ်းမှုရဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြခဲ့ပါတယ် (archived links here and here)။

Image
Firefighters douse a fire at the Post Office building in Manila on May 22, 2023 ( AFP / STR)

နားလည်မှုလွဲစေတဲ့ပို့စ်ထဲကဗီဒီယိုမှာ အပြာရောင်ဆိုင်းဘုတ်နဲ့အဆောက်အအုံတစ်ခုကို ၈ စက္ကန့်ကြာချိန်မှာတွေ့နိုင်ပါတယ်။ ဒီအဆောက်အအုံဟာ စာတိုက်ရုံးအနီးမှာရှိတဲ့ Overseas Filipino Bank နဲ့ ကိုက်ညီမှုရှိနေတာကို Google Street View ပုံရိပ် ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ် (archived link)။

Image

ဖိလစ်ပိုင်မီးဘေးကာကွယ်ရေးဗျူရို (BFP)ရဲ့ စုံစမ်းစစ်ဆေးမှုအရ ဒီမီးလောင်ကျွမ်းမှုဟာ သိုလှောင်ခန်းထဲက ကားဘတ္ထရီရုတ်တရက်ပေါက်ကွဲမှုကြောင့်ဖြစ်တယ်လို့ ဖိလစ်ပိုင်စာတိုက်ကော်ပိုရေးရှင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ် (archived link)။

ဒီမီးလောင်ကျွမ်းမှုဟာ "မတော်တဆမှုတစ်ခုသာဖြစ်ပြီး BFP က ဒီစုံစမ်းစစ်ဆေးရေးအဆုံးသတ်အောင်မြင်ကြောင်းသတ်မှတ်သည်"လို့ ဒီထုတ်ပြန်ချက်မှာဆိုထားပါတယ်။

ပြင်သစ်အဓိကရုဏ်းနဲ့ပက်သက်ပြီး မှားယွင်းပြောဆိုချက်တွေကို AFP က ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း အချက်အလက်စိစစ်ဖော်ပြထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်