လိပ်ခေါင်းရောဂါကို ကုသနိုင်တယ်ဆိုတဲ့ ‘အထောက်အထားမဲ့’ ရေဆူဆေးပြားကြော်ငြာတွေ အွန်လိုင်းပေါ် ပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 10 ဇူလိုင် 2023 အချိန် 18h08
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
လိပ်ခေါင်းရောဂါကို သက်သာပျောက်ကင်းစေတဲ့ရေဆူဆေးပြားတွေ ဆိုပြီး ‘သိပ္ပံနည်းကျအတည်ပြုချက်မရှိဘဲ’ ကြော်ငြာရောင်းချနေတဲ့ ဗီဒီယိုတွေကို Facebook ပေါ်မှာ အကြိမ်ရေသန်းချီ ကြည့်ရှုနေကြပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေကတော့ အဲဒီရေဆူဆေးပြားတွေဟာ လိပ်ခေါင်းရောဂါကို သက်သာပျောက်ကင်းနိုင်တယ်ဆိုတဲ့ ‘အထောက်အထား’ မရှိသလို အဲဒီရောဂါကို ခွဲစိတ်ကုသတဲ့နည်းစနစ်တွေနဲ့ ကုသလေ့ ရှိတယ်လို့ AFP ကို ပြောပါတယ်။

အကြိမ်ရေ ၁ သန်းကျော် ကျော်ကြည့်ရှုထားတဲ့ ဗီဒီယိုကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေထားတာ ဖြစ်ပြီး “HomoStop” လို့ နာမည်ပေးထားတဲ့ ရေဆူဆေးပြားတွေကို ကြော်ငြာရောင်းချနေတာ ဖြစ်ပါတယ်။

အဲဒီပို့စ်မှာ “ 100% သဘာဝ ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် HomoStop က သင့်နာကျင်မှုကို သက်သာပျောက်ကင်းစေပြီး ဘေးထွက်ဆိုးကျိုးလုံးဝမဖြစ်စေဘဲ လျင်မြန်စွာသက်သာပျောက်ကင်းစေပါတယ်။ ထုတ်ကုန်က FDA အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး ကမ္ဘာတစ်ဝှမ်းရှိ ထောင်ပေါင်းများစွာသော သုံးစွဲသူများက စမ်းသပ်ထားတယ်"(မူရင်းအတိုင်း) ဆိုပြီး ရေးထားပါတယ်။

လိပ်ခေါင်းရောဂါဆိုတာ စအို ဒါမှမဟုတ် အူမကြီးအောက်ဘက်က သွေးပြန်ကြောတွေ ရောင်းရမ်းတဲ့ရောဂါဖြစ်ပါတယ်။ (archived link)

ဗီဒီယိုထဲမှာ မြန်မာစကားပြောတဲ့အမျိုးသမီးတစ်ယောက်က လိပ်ခေါင်းရောဂါခံစားနေရသူတွေအနေနဲ့ ဆေးပြားတွေကို မှာယူသောက်သုံးကြဖို့ အောက်ပါအတိုင်း ကြော်ငြာနေတာ တွေ့ရပါတယ်။

“အသုံးပြုပုံက လွယ်ကူပါတယ်ရှင့်၊ ဒီ ၁၈၀ ml လောက်ရှိတဲ့ ရေထဲကို ဆေးပြားလေးတစ်ပြားထည့်ပြီးတော့ အလွယ်တကူမွှေပြီးတော့ သောက်သုံးလို့ရပါတယ်။ အနံ့လေးက မွှေးနေတာပါပဲ။ သူ့အရသာက ပင်မှည့်သီးအရသာလေး ဖြစ်ပါတယ်ရှင့်။” (မူရင်းအတိုင်း)

"သွေးကြောလေးတွေရဲ့ကြံ့ခိုင်မှုကိုမြှင့်တင်ပေးပြီး လိပ်ခေါင်းရောဂါကိုသက်သာစေမှာဖြစ်ပါတယ်"(မူရင်းအတိုင်း)

မှားယွင်းတဲ့ပို့စ်မှာ ဝဘ်ဆိုဒ်စာမျက်နှာတစ်ခုကိုလည်း မျှဝေထားပြီး အဲဒီစာမျက်နှာမှာ မြန်မာနိုင်ငံ၊ ဆေးဝါးနှင့်အစားအသောက်ကွပ်ကဲရေးဦးစီးဌာန (FDA) ရဲ့ ဘေးအန္တရာယ်ကင်းရှင်းကြောင်းအသိအမှတ်ပြုလက်မှတ်လို့ ပြောဆိုထားတဲ့ ပုံတစ်ပုံကိုလည်း တင်ထားပါတယ်။

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်က ရိုက်ယူထားတဲ့ Screenshot

အဲဒီဆေးပြားတွေကို ကြော်ငြာရောင်းချနေတဲ့ အလားတူဗီဒီယိုတွေကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာလည်း တွေ့ရပါတယ်။ အဲဒီဆေးပြားကို “HemoStop” လို့ ခေါ်ဝေါ်ရောင်းချတာလည်း တွေ့ရပါတယ်။

ဒါပေမဲ့ ဆေးဝါးဆိုင်ရာကျွမ်းကျင်သူတွေကတော့ အဲဒီရေဆူဆေးပြားတွေဟာ လိပ်ခေါင်းရောဂါကို ထိထိရောက်ရောက် ကုသနိုင်တယ်ဆိုတဲ့ အထောက်အထား မရှိဘူးလို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ဝဘ်ဆိုဒ်ပေါ်မှာ “HomoStop" "HemoStop" စတဲ့ စကားလုံးတွေနဲ့ ရှာဖွေကြည့်ပေမယ့် တရားဝင်မှတ်ပုံတင်ထားတယ်ဆိုတဲ့ အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပါဘူး။ (archived link)

“အထောက်အထားမဲ့ ဆေးတွေ”

နားလည်မှုလွဲစေတဲ့ပို့စ်မှာကြော်ငြာထားတဲ့ ဆေးပြားတွေဟာ လိပ်ခေါင်းရောဂါကို ကုသနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထား မရှိဘူးလို့ မြန်မာနိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှုဝဘ်ဆိုဒ် Hello Sayarwon ရဲ့ Country Manager ဒေါက်တာသူရိန်လှိုင်ဝင်းက AFP ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃ ရက်က ပြောပါတယ်။ (archived here and here)

“ကျွန်တော် ရှာဖွေကြည့်သလောက်တော့ သူတို့ပြောတဲ့ ဆေးအမျိုးစားကို တခြားနေရာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးနေကြတာမတွေ့မိဘူး။ သူတို့နဲ့ ဆက်စပ်နေရာတွေမှာသာ ကြော်ငြာနေတယ်။ ဘယ်ကထုတ်တာလဲ ဘာအတွက် ကောင်းတာလဲ အစရှိတဲ့ ဆေးအတွက် ပုံမှန်အားဖြင့် သိရှိနိုင်တဲ့ အထောက်အထားတွေ တစ်ခုမှရှာမတွေ့မိဘူး” လို့ အီးမေးလ်က တဆင့် ပြောပါတယ်။

လိပ်ခေါင်းရောဂါကို ကုသရာမှာ အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးတွေ အသုံးပြုလေ့ရှိပြီး လိမ်းဆေး၊ ထိုးဆေး၊ ခွဲစိတ်ကုသတဲ့နည်းလမ်းတွေနဲ့ ကုသရတယ်လို့ သူက ဆိုပါတယ်။

“ဒါက အလိမ်အညာသက်သက်ပဲလို့ ထင်ပါတယ်” လို့ သူက ပြောပါတယ်။

ကျန်းမာရေးဆိုင်ရာသတင်းအမှားတွေကို တိုက်ဖျက်တဲ့ Meedan’s Digital Health Lab ရဲ့ ပရိုဂရမ်မန်နေဂျာဖြစ်တဲ့ Jenna Sherman ကလည်း မှားယွင်းတဲ့ပို့စ်မှာပါဝင်တဲ့ဆေးပြားတွေဟာ လိပ်ခေါင်းနဲ့ တခြားရောဂါတွေကို ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိဘူးလို့ AFP ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်မှာ ပြောပါတယ်။ (archived link)

“အမျှင်ဓာတ်များတဲ့အစားအစာတွေ စားသုံးတာ၊ ရေနွေးထိုင်နည်း (sitz baths) နဲ့ ကုသတာ၊ ရေများများသောက်တာ၊ အိမ်သာတက်တဲ့အလေ့အကျင့်ပြောင်းလဲတာ၊ ပုံမှန်ကိုယ်ကာယလေ့ကျင့်ခန်းတွေပြုလုပ်တာစတဲ့ နေ့စဉ်နေထိုင်မှုပုံစံပြောင်းလဲတာအပြင် ခွဲစိတ်ကုသတဲ့နည်းလမ်းကလွဲလို့ လိပ်ခေါင်းရောဂါပျောက်ကင်းဖို့ အာမခံချက်အပြည့်အဝပေးနိုင်တဲ့ ကုသနည်းမရှိပါဘူး” လို့ Sherman က ဆိုပါတယ်။

“လိပ်ခေါင်းရောဂါကို ကုသတဲ့အခါ ကုန်ကျစရိတ်များနိုင်ပြီး စိတ်ရှုပ်ထွေးစရာကောင်းသလို နေထိုင်ပုံအမူအကျင့်တွေပြောင်းလဲခြင်း၊ ခွဲစိတ်ကုသခြင်းအပြင် ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်ပြီး အစိုးရတွေက အတည်ပြုထားတဲ့ ဆေးဝါးတွေမှာတောင် အန္တရာယ်ရှိနိုင်ပါသေးတယ်”

မေးခွန်းထုတ်စရာ 'FDA လက်မှတ်'

နားလည်မှုလွဲစေတဲ့ပို့စ်မှာ ပါဝင်တဲ့ ‘ဘေးအန္တရာယ်ကင်းရှင်းကြောင်း’ လက်မှတ်ဆိုတဲ့ပုံကို AFP က စိစစ်ကြည့်တဲ့အခါ အဲဒီလက်မှတ်ဟာ တရားဝင်ထုတ်ပေးထားတဲ့လက်မှတ်အစစ်အမှန် မဟုတ်တာ တွေ့ရပါတယ်။

ပုံထဲမှာ လက်မှတ်ထုတ်ပေးတဲ့နေ့ကို အင်္ဂလိပ်လိုဖော်ပြရာမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်လို့ ရေးသားထားပေမယ့် မြန်မာလိုကတော့ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက် ဖြစ်နေတာ တွေ့ရပါတယ်။

အလားတူပဲ လက်မှတ်သက်တမ်းကုန်ဆုံးရက်ကို အင်္ဂလိပ်လိုဖော်ပြရာမှာ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်လို့ ရေးထားပေမယ့် မြန်မာလိုကတော့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက် ဖြစ်နေတာ တွေ့ရပါတယ်။

ပို့စ်မှာပါဝင်တဲ့ထောက်ခံချက်ဓာတ်ပုံမှာ FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် နာမည်နဲ့ လက်မှတ်ရေးထိုးထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒေါက်တာသန်းထွဋ်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံရပြီး ၂၀၁၈ ခုနှစ်၊ ဧပြီလကတည်းက ရာထူးတာဝန်ကနေ ရပ်စဲခံရတယ်လို့ ဒီသတင်းဒီသတင်းတွေမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ (archived here and here)

ဒါ့အပြင် အသိအမှတ်ပြုလက်မှတ်ရဲ့ ခေါင်းစည်းမှာ “ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန” ဆိုပြီး ရေးထားပါတယ်။

တကယ်တမ်းတော့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ “ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန” ကနေ “ကျန်းမာရေးဝန်ကြီးဌာန” အဖြစ် ပြောင်းလဲခဲ့ပြီး အသိအမှတ်ပြုလက်မှတ်တွေကိုလည်း “ကျန်းမာရေးဝန်ကြီးဌာန” ဆိုတဲ့နာမည်နဲ့ ထုတ်ပေးနေတာ ဖြစ်ပါတယ်။ (archived link)

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်