သပြုပင်ရဲ့အမြစ်က ခွေးရူးပြန်ရောဂါကို ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျသက်သေအထောက်အထားမရှိ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 04 ဇူလိုင် 2023 အချိန် 09h40
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
ခွေးရူးပြန်ရောဂါလက္ခဏာရှိတဲ့လူနာကိုဆေးရုံမပို့ဘဲ သပြုပင်ရဲ့အမြစ်နဲ့အိမ်မှာ ကုသနိုင်တယ်လို့ မှားယွင်းပြောဆိုထားတဲ့ပို့စ်တွေကို ကျွမ်းကျင်သူတွေက ပယ်ချလိုက်ပြီး ခွေးရူးပြန်ရောဂါလက္ခဏာပြပြီးဆိုတာနဲ့ ဒီရောဂါကိုကုသနိုင်တဲ့ကုထုံးမရှိဘူးလို့ သတိပေးပြောဆိုလိုက်ပါတယ်။ ခွေးရူးပြန်ရောဂါဟာ တိရစ္ဆာန်တစ်ကောင်ရဲ့ အကိုက်ခံရတာ ဒါမှမဟုတ် ကုတ်ခြစ်ခံရတာကတဆင့် ပျံ့နှံ့လေ့ရှိပါတယ်။ ခွေးရူးပြန်ကူးစက်ခံရတဲ့လက္ခဏာပြပြီဆိုတာနဲ့ ကူးစက်ခံရသူဟာ သေဆုံးဖို့အလားအလာအလွန်များပါတယ်။ ဒါပေမဲ့ ကူးစက်မှုမစတင်ခင်မှာ ချက်ချင်း ကျန်းမာရေးစောင့်ရှောက်မှုရယူမယ်ဆိုရင် ဒီရောဂါကိုကာကွယ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။

“ခွေးရူးကိုက်လို့ ရူးသွားရင် ဆေးရုံသို့သွားမတက်ပါနှင့် ဘယ်ဆေးရုံကမှလက်ခံမည်မဟုတ်ပါ” (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှာ မျှဝေထားတဲ့ ပို့စ်က ပြောဆိုထားပါတယ်။

ခွေးရူးပြန်ရောဂါဟာ ရောဂါပိုးရှိတဲ့တိရစ္ဆာန်၊ အထူးသဖြင့်ခွေးရဲ့ အကိုက်ခံရမှု ဒါမှမဟုတ် ကုတ်ခြစ်ဒဏ်ရာကတဆင့် ကူးစက်လေ့ရှိပြီး အသက်သေစေနိုင်ပေမဲ့ ကာကွယ်လို့ရတဲ့ ဗိုင်းရပ်စ်ရောဂါတစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အမ်းမြို့နယ်တစ်ခုမှာ အခြားလူနာတွေကို ကူးစက်မှာစိုးရိမ်ရတဲ့အတွက် ခွေးရူးပြန်ရောဂါသည်တစ်ယောက်ဟာ ဆေးရုံကနေအိမ်ကိုပြန်ပို့ခံခဲ့ရတယ်လို့ ပြန်လည်မျှဝေမှုအကြိမ်ရေ ၅၀၀ ကျော်ရှိတဲ့ ဒီပို့စ်ကဆိုထားပါတယ်။

ခွေးရူပြန်ရောဂါရှိတဲ့လူနာကို ဆေးရုံကိုပို့မယ့်အစား အိမ်မှာမြန်မာ့ဆေးဝါးတစ်မျိုးနဲ့ တစ်ရက်၊ နှစ်ရက်အတွင်းမှာ ပျောက်ကင်းအောင် ကုသနိုင်တယ်လို့ ပို့စ်မှာဆိုပါတယ်။

“သပြုပင်အမြစ်များကို ပိုင်းထားပြီး ယင်းခွေးရူးပေါက်နေသော လူအနားတွင် ချထားပါ ရတာဖမ်းကိုက်လို့မရသည့်နေရာတွင်ချီထားပါ သူကိုက်လို့မရမယ့်အရာတွေကို သပြုမြစ်မှအပ ဘာကိုမှမချထားပါနှင့် သူကိုက်ချင်လာပါက ထိုအပြစ်ကို ဖမ်းကိုက်ပါလိမ့်မည် ယင်းအမြစ်အကာမှအစီးများကိုစားမိပြီး တစ်ရက်နှစ်ရက်အကြာတွင် ပျောက်ကင်းသွားနိုင်ပါသည် အဲလိုမဟုတ်ဘဲ အပြစ်ကို ကြိုပြီး တိုက်ရင်လည်းကောင်းနိုင်ပါသည်။” (မူရင်းအတိုင်း)

သပြုပင်ဟာ အာရှအပူပိုင်းဒေသတစ်ချို့မှာတွေ့ရလေ့ရှိပြီး ခွေးရူးပြန်ရောဂါနဲ့ ဝက်ရူးပြန်ရောဂါတွေအတွက် ကုထုံးတစ်ခုအနေနဲ့ မြန်မာ့တိုင်းရင်းဆေးတွေမှာအသုံးပြုကြပါတယ်။ (archived links here and here)

ဒီပို့စ်မှာ သပြုပင်နဲ့အသီးတွေရဲ့ပုံတွေကို ရောဂါကူးစက်ခံထားရတဲ့ခွေးတွေရဲ့ပုံတွေနဲ့ မျှဝေဖော်ပြထားပါတယ်။

Image
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ကရယူထားတဲ့နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုတွေကို Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ အကြိမ်ရေရာနဲ့ချီပြန်လည်မျှဝေနေကြပါတယ်။

ဒါပေမဲ့ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေက ဒီအဆိုဟာမှားယွင်းတယ်လို့ AFP ကိုပြောပါတယ်။

ရောဂါလက္ခဏာပြပြီဆိုရင် ခွေးရူးပြန်ရောဂါကို ကုသဖို့ကုထုံးမရှိဘူးလို့ လူထုကျန်းမာရေးဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Hello Sayarwon ရဲ့ country manager ဒေါက်တာ သူရိန်လှိုင်ဝင်းက AFP ကိုပြောပါတယ်။ (archived link)

“သပြုပင်ရဲ့အမြစ်ကိုဝါးစားတာမျိုးအပြင် အခြားဆေးဘက်ဝင်ကုထုံးတွေနဲ့ ခွေးရူးပြန်ရောဂါကို ကုသနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ သက်သေအထောက်အထားမရှိပါဘူး” လို့ ဇွန်လ ၉ ရက်နေ့မှာ အီးမေးလ်ကတဆင့် သူကပြောပါတယ်။

Meedan’s Digital Health Lab ရဲ့ ပရိုဂရမ်မန်နေဂျာဖြစ်တဲ့ Jenna Sherman ကလည်း “ခွေးရူးပြန်ရောဂါအတွက် ထိရောက်တဲ့ကုထုံးမရှိဘူး” လို့ပြောပါတယ်။ (archived link)

“ခွေးရူးပြန်ရောဂါ ကူးစက်ခံထားရတယ်လို့ ယုံကြည်ရင် ခန္ဓာကိုယ်ထဲမှာ ခွေးရူးပြန်ပိုးအခြေမချနိုင်အောင် ကာကွယ်ဆေးချက်ချင်းထိုးနိုင်ဖို့ ကျန်းမာရေးစောင့်ရှောက်မှုတွေရယူရမှာဖြစ်ပါတယ်” လို့ ဇွန်လ ၁၅ ရက်နေ့မှာ အီးမေးလ်ကတဆင့် AFP ကိုပြောပါတယ်။

ခွေးရူးပြန်ရောဂါထိန်းချုပ်ရေးကမ္ဘာလုံးဆိုင်ရာမဟာမိတ် (Global Alliance for Rabies Control) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Andre Coetzer ကလည်း ရောဂါပိုးနဲ့ထိတွေ့မိပြီဆိုတာနဲ့ ဆေးဝါးကုသမှုချက်ချင်းပြုလုပ်ဖို့ အလွန်အရေးကြီးတယ်လို့ ပြောပါတယ်။ (archived link)

“လူ့အဖွဲ့အစည်းအတော်များများက တိုင်းရင်းဆေးဝါးကုထုံးအသုံးပြုတာကို ဆန့်ကျင်ကြမှာမဟုတ်ပေမဲ့ ရောဂါမပြန့်မီ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာနည်းလမ်း PEP (Post-Exposure Prophylaxis) နဲ့အညီ ကျန်းမာရေးစောင့်ရှောက်မှု ရယူဖို့ အင်မတန်အရေးကြီးပါတယ်” လို့ ဇွန်လ ၂၉ ရက်နေ့မှာ အီးမေးလ်ကတဆင့် သူကပြောပါတယ်။

“ဒီနည်းလမ်းကသာ လူ့ခန္ဓာကိုယ်မှာ ခွေးရူးပြန်ရောဂါ စတင်မပြန့်ခင် ၁၀၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တဲ့ ကုသမှုဖြစ်ပါတယ်။”

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်