လေညှင်းပွင့်နဲ့သံပုရာသီးက ခြင်တွေကို ထိထိရောက်ရောက် မောင်းထုတ်နိုင်တယ်ဆိုတဲ့ပို့စ်တွေ ကျွမ်းကျင်သူတွေ ငြင်းပယ်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 21 ဇွန် 2023 အချိန် 09h17
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP သီရိလင်္ကာ
သံပုရာသီးခြမ်းပေါ်မှာ လေညှင်းပွင့်တွေစိုက်ထားပြီး အိမ်က ခြင်တွေကို မောင်းထုတ်နိုင်တယ်လို့ ပြောဆိုထားတဲ့ ပို့စ်တစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ မျှဝေနေကြပါတယ်။ ဒီအဆိုက မှားပါတယ်။ ဒီလို ‘သဘာဝခြင်ပြေးဆေး’လို့ ပြောဆိုချက်တွေဟာ နှစ်တွေကြာ အွန်လိုင်းပေါ်ပျံ့နှံ့နေတာဖြစ်ပေမယ့် AFP က ဆက်သွယ်ခဲ့တဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေနဲ့ အင်းဆက်ပညာရှင်တစ်ဦးကတော့ ဒီအဆိုကို ငြင်းဆိုထားသလို သွေးလွန်တုပ်ကွေးစတဲ့ ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေကာကွယ်ရာမှာ ဒီနည်းလမ်းတွေ အသုံးမပြုသင့်ဘူးလို့ သတိပေးကြပါတယ်။

ပို့စ်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်က Facebook ဒီလင့်ခ်မှာ တင်ခဲ့တာ ဖြစ်ပြီး အကြိမ်ရေ ၂၆,၀၀၀ ကျော် ပြန်လည်မျှဝေထားကြပါတယ်။ ပို့စ်မှာ သံပုရာသီးခြမ်းပေါ်မှာ လေးညှင်းပွင့်တွေ စိုက်ထားတဲ့ ပုံတစ်ပုံ ပါဝင်ပြီး အောက်ပါအတိုင်း ရေးသားထားပါတယ်။

“အခုလိုမိုးရာသီမှာ အိမ်တိုင်းခြင်ပေါပါတယ် အိမ်မှာခြင်ပေါလွန်းလို့ ခြင်ဆေးထွန်းရ ဖျန်းရကလေးနဲ့ဂေါရာရမှာစိုးရတာတစ်မျိုး အထည်ရောင်းလို့မီးသတိထားရတာတစ်မျိုး အခုတော့ တော်တော်အဆင်ပြေတယ် လေညှင်းပွင့်နဲ့ သံပုရာသီးနဲ့ ခြင်တကယ်ပြေးတယ်”(မူရင်းအတိုင်း)

ဒီနည်းလမ်းဟာ “ငွေကုန်သက်သာ၊ ရောဂါကင်းပြီး၊ မီးရေးကြောက်စရာ မလို” တဲ့အတွက် လိုက်လုပ်ကြည့်ကြဖို့ ရေးသား တိုက်တွန်းထားတာလည်း တွေ့ရပါတယ်။

ခြင်ကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါပိုးကို ရေကြည်ရေသန့်တွေမှာ ပေါက်ဖွားတတ်တဲ့ Aedes aegypti (အီးဒီးစ်ခြင်ကျား) လို့ ခေါ်တဲ့ခြင်က သယ်ဆောင်ပါတယ်။ ဖျားတာ၊ ခေါင်းကိုက်တာ၊ အဆစ်အမြစ်တွေကိုက်ခဲတာ စတဲ့ လက္ခဏာတွေအပြင် သွေးထွက်လွန်ခြင်း၊ ကိုယ်တွင်းအင်္ဂါတွေပျက်စီးခြင်းနဲ့ တချို့အခြေအနေတွေမှာ အသက်အန္တရာယ်ထိခိုက်တဲ့အထိ ရောဂါပြင်းထန်တတ်ပါတယ်။ (archived here)

ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်တွေကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။ (archived here)

မှားယွင်းပြောဆိုထားတဲ့ပို့စ်တွေကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ် တွေမှာလည်း တင်ခဲ့ပါတယ်။

The Facebook post states mosquitoes that spread dengue cannot tolerate the combined smell of the fruit and spice and that the "repellent" should be replaced every two days.

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်က ရိုက်ယူထားတဲ့ Screenshot

သံပုရာသီးနဲ့လေးညှင်းပွင့်တွေပါဝင်တဲ့ ‘သဘာဝခြင်ပြေးဆေး’ဆိုတဲ့ ပို့စ်တွေဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လထဲမှာ သီရိလင်္ကာနိုင်ငံက အင်တာနက်လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “သံပုရာသီးနဲ့ လေးညှင်းပွင့်တွေကို နှစ်ရက်တစ်ကြိမ် အသစ်လဲလှယ်ပေးရမယ်” လို့လည်း အဲဒီပို့စ်တွေမှာဆိုထားပါတယ်။

ဆင်တူတဲ့ပို့စ်တွေဟာ အနည်းဆုံး လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက အွန်လိုင်းပေါ် စတင်ပျံ့နှံ့နေတာ ဖြစ်ပြီး အဲဒီပို့စ်တွေကို ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ် တွေမှာ ကြည့်နိုင်ပါတယ်။

ဒါပေမဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အင်းဆက်ကျွမ်းကျင်သူတစ်ဦးကတော့ ဒီနည်းလမ်းကို ခြင်တွေကို မောင်းထုတ်နိုင်တဲ့ ထိရောက်တဲ့နည်းလမ်းအဖြစ် မယူဆဖို့ သတိပေးကြပါတယ်။

ပတ်ဝန်းကျင်သန့်ရှင်းပါစေ

သီရိလင်္ကာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားသွေးလွန်တုပ်ကွေးဌာန (NDCU) က ဒေါက်တာ Lahiru Kodituwakku က ဒီနည်းလမ်းဟာ အလွန်အမင်း နားလည်မှုလွဲစေနိုင်ပြီး လူတွေအနေနဲ့ အင်တာနက်လူမှုကွန်ရက်ပေါ်က ဒီလိုခြင်ပြေးတယ်ဆိုတဲ့ကောလာဟလတွေကို မယုံကြည်ကြဖို့ ဇွန်လ ၁၅ ရက်က AFP ကို ပြောပါတယ်။ (archived here)

“သံပုရာသီးနဲ့လေးညှင်းပွင့်တွေဟာ ပေါင်းစပ်သန့်စင်ထားတဲ့အခြေအနေမှာ အင်းဆက်ပိုးမွှားတွေကို မလာအောင်ဖယ်ရှားတဲ့နေရာမှာသုံးနိုင်တဲ့ သဘာဝပစ္စည်းတွေပါ။ ဒါပေမဲ့လည်း အာနိသင်ကတော့ နာရီပိုင်းပဲ တာရှည်ခံပါတယ်” လို့ Kodituwakku က ပြောပါတယ်။

“အရေးအကြီးဆုံးက သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ခြင်တွေကို မောင်းထုတ်ဖို့ ပို့စ်တွေမှာရေးထားသလို နည်းလမ်းကို သုံးနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထား မရှိပါဘူး” လို့ သူက ဆိုပါတယ်။

သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကိုပဲ လိုက်နာဖို့ သူက တိုက်တွန်းပါတယ်။

“သွေးလွန်တုပ်ကွေရောဂါကို ကာကွယ်တဲ့နေရာမှာ အရေးကြီးတာက ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်းထားဖို့နဲ့ ခြင်ပေါက်နိုင်တဲ့နေရာတွေ မရှိစေဖို့ လိုတယ်” လို့လည်း သူက ပြောပါတယ်။

အမျိုးသားသွေးလွန်တုပ်ကွေးဌာန (NDCU) ရဲ့ ဝဘ်ဆိုဒ်မှာတော့ ထိရောက်တဲ့ ခြင်ပြေးဆေးတွေအဖြစ် စပါးလင်မျိုးနွယ်အပင်တွေကရတဲ့ဆီတွေနဲ့ နနွင်းဆီတွေကိုပဲ ဖော်ပြပါတယ်။ (archived here)

သီရိလင်္ကာနိုင်ငံ၊ ကျန်းမာရေးအသိပညာပေးဗျူရိုကလည်း အင်တာနက်အသုံးပြုသူတွေအနေနဲ့ မိမိကိုယ်တိုင်နဲ့မိသားစုဝင်တွေကို သွေးလွန်တုပ်ကွေးရောဂါကနေ ကာကွယ်တဲ့နေရာမှာ အင်တာနက်ပေါ်က ကောလာဟလတွေကို မယုံကြည်ကြဖို့ အခိုင်အမာတိုက်တွန်းလိုတယ်လို့ ဇွန်လ ၇ ရက်မှာ AFP ကို ပြောပါတယ်။

မှားယွင်းတဲ့ကာကွယ်နည်း

အမေရိကန်ခြင်ထိန်းချုပ်ရေးအဖွဲ့ (American Mosquito Control Association) က နည်းပညာအကြံပေး Daniel Markowski က ပို့စ်အမှားတွေမှာ ဖော်ပြတဲ့နည်းလမ်းတွေဟာ သိပ္ပံနည်းကျအထောက်အထား မရှိတဲ့အတွက် “မှားယွင်းတဲ့ကာကွယ်နည်း” ဖြစ်လာနိုင်စေတယ်လို့ ဆိုပါတယ်။ (archived here)

အပင်ထွက်ပစ္စည်းတွေနဲ့ အဆီ(essential oils) တွေဟာ ခြင်တွေကို မောင်းထုတ်နိုင်တဲ့ ထိရောက်မှုအဆင့်တစ်ခုရှိနိုင်တယ်လို့ ဇွန်လ ၇ ရက်မှာ Markowski က AFP ကို ပြောပါတယ်။

“လေးညှင်းပွင့်ကနေ ထုတ်ယူထားတဲ့အဆီမှာ ခြင်နဲ့ပိုးမွှားတွေပြေးစေနိုင်တဲ့ဂုဏ်သတ္တိတွေ ရှိပါတယ်။ ဒါပေမဲ့ လေးညှင်းပွင့်တွေကို အိမ်တွင်းပတ်ဝန်းကျင်မှာ သီးခြားထားတာဖြစ်စေ၊ တခြားအသီးတွေနဲ့ပေါင်းစပ်ထားတာဖြစ်စေ၊ အဲဒီနည်းလမ်းတွေဟာ ခြင်တွေကို မောင်းထုတ်နိုင်တဲ့ဂုဏ်သတ္တိ လုံးဝမရှိသလောက်ပဲ” လို့ Markowski က ပြောပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်