ဆွီဒင်မှာ လိင်ဆက်ဆံတာကို အားကစားအဖြစ် သတ်မှတ်လိုက်တယ်ဆိုတဲ့ အချက်အလက်မှား

ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံမှုကို အားကစားအနေနဲ့ တရားဝင်သတ်မှတ်လိုက်ပြီဆိုတဲ့ ပြောဆိုမှုတွေ မြန်မာနိုင်ငံက လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ ဆွီဒင်အားကစားအဖွဲ့ချုပ်ကတော့ ဒီအဆိုကို ပယ်ချလိုက်ပြီး လိင်မှုကိစ္စကို အားကစားအနေနဲ့ တရားဝင်သတ်မှတ်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။ ဆွီဒင်လိင်မှုရေးရာဖက်ဒရေးရှင်းဆိုတဲ့ အဖွဲ့ကနေ ပြုလုပ်တဲ့ “လိင်ဆက်ဆံမှုပြိုင်ပွဲ” ကို ဆွီဒင်နိုင်ငံက ကျင်းပတဲ့ပုံစံမျိုး ရေးသားပြောဆိုမှုတွေပျံ့နှံ့နေတာဖြစ်ပြီး တကယ်တမ်းမှာတော့ ဆွီဒင်နိုင်ငံတော်အဆင့် အားကစားမျိုးစုံရေးရာအာဏာပိုင်တွေကတော့ ဒီပွဲကို တရားဝင်အသိအမှတ်ပြုခြင်းမရှိပါဘူး။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ကတင်ထားတဲ့ Facebook ပို့စ်တစ်ခုမှာ အခုလိုရေးသားထားပါတယ်။ “ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံမှုကိုအားကစားတစ်ခုအဖြစ်သတ်မှတ်ပြီး လာမယ့် ဇွန်လ ၈ ရက်နေ့မှာ အကဲဖြတ်ဒိုင်လူကြီးပါ၀င်တဲ့ လိင်ပိုင်းဆိုင်ရာပြိုင်ပွဲကိုကျင်းပတော့မှာဖြစ်ပါတယ်။” (မူရင်းအတိုင်း)

Image
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ရဲ့ screenshot

ဒီလိုပြောဆိုမှုတွေဟာ ဘင်္ဂလားဒေ့ရှ်ပါကစ္စတန်သီရိလင်္ကာကိုလံဘီယာနိုင်ဂျီးရီးယားနဲ့ တောင်အာဖရိက နိုင်ငံတွေရဲ့ ဘလော့ဂ်တွေနဲ့ ဝဘ်ဆိုဒ်တွေမှာလည်း ပျံ့နှံ့လျက်ရှိပါတယ်။

အဲဒါအပြင် မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေကြား ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည် မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီပြောဆိုမှုဟာ မှားယွင်းပါတယ်။

တရားမဝင်တဲ့ပြိုင်ပွဲ

၂၀၁၆ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ ဆွီဒင်လိင်ဖက်ဒရေးရှင်း (SSF) ဆိုတဲ့ အဖွဲ့တစ်ခုကနေ ဒီကောလာဟလတွေ စတင်ပျံ့နှံ့လာတာဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ လိင်ဆက်ဆံမှုကို အားကစားတစ်ရပ်အနေနဲ့ ကျင့်သုံးနေတဲ့ ကမ္ဘာပေါ်မှာတစ်ခုတည်းသောအဖွဲ့အစည်းဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောဆိုထားပါတယ် (archived)။

အဲဒါအပြင် သူတို့ရဲ့ဝဘ်ဆိုဒ်မှာလည်း “ကမ္ဘာမှာ ကမ္ဘာ့လိင်ဆက်ဆံမှုချန်ပီယံရှစ်ပြိုင်ပွဲကို ပထမဆုံးကျင်းပတဲ့အဖွဲ့ဖြစ်တယ်” လို့ ကြွားဝါရေးသားထားပါတယ်။

ဆွီဒင်အဖော်အချွတ်ကလပ်ပိုင်ရှင် Dragan Bratic ဟာ SSF နဲ့ပူးပေါင်းပြီး ဆွီဒင်ရဲ့တရားဝင် နိုင်ငံတော်အားကစားကွန်ဖက်ဒရေးရှင်း National Sports Confederation (Riksidrottsförbundets - RF) အဖွဲ့ဝင်ဖြစ်လာဖို့ လျှောက်လွှာတင်ခဲ့တယ်လို့ ဆွီဒင်ပြည်တွင်းသတင်းတွေ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်) တွေမှာ ဖော်ပြကြပါတယ် (archived here and here)။

အဲဒီလျှောက်လွှာကို ယခုနှစ်အစောပိုင်းမှာ လက်ခံရရှိခဲ့ပေမယ့် လျှောက်လွှာဟာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့အကြောင်းနဲ့ “အသေးစိတ်စစ်ဆေးအကဲဖြတ်ခြင်းမပြုဘဲ” ပယ်ချခဲ့တဲ့အကြောင်း ဆွီဒင်အားကစားကွန်ဖက်ဒရေးရှင်း (RF) က ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ် (archived)။

Image
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆ က RF ရဲ့ ထုတ်ပြန်ချက် screenshot

၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှာ SSF က ဦးစီးပြီးကျင်းပဖို့ ပြုလုပ်ထားတဲ့ ဥရောပလိင်ဆက်ဆံမှုချန်ပီယံရှစ်ပြိုင်ပွဲလို့ခေါ်တဲ့ပွဲတစ်ခု မတိုင်ခင် ရက်ပိုင်းအလိုမှာ ဒီပြောဆိုမှုတွေ ပျံ့နှံ့လာတာဖြစ်ပါတယ်။

Image
SSF ရဲ့ ပြိုင်ပွဲလင့်ခ် screenshot

ဒါပေမဲ့ ပွဲစီစဉ်သူတွေရဲ့ Twitter ပို့စ်တစ်ခုမှာ ဟက်ကာတွေကြောင့် နည်းပညာအခက်အခဲဖြစ်ပေါ်လို့ တစ်ရက်တာ နောက်ကျမယ်လို့ ကြေညာထားတာ တွေ့ရပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်မှာ ပြိုင်ပွဲကို ကျင်းပခဲ့တဲ့ပုံစံမျိုး တွေ့ရပြီး ထောက်ခံမဲပေးကြဖို့ Twitter ပို့စ်တွေမှာ တောင်းဆိုထားတာ တွေ့ရပါတယ်။

ဒါပေမဲ့ ဒီပွဲကို ဆွီဒင်အားကစားအာဏာပိုင်တွေက တရားဝင်ခွင့်ပြုပြီး ဆွီဒင်နိုင်ငံမှာ လိင်ဆက်ဆံမှုကို တရားဝင်အားကစားအနေနဲ့ သတ်မှတ်လိုက်တယ်ဆိုတာကတော့ မှားယွင်းတဲ့ပြောဆိုမှုဖြစ်ပါတယ်။

အဓိပ္ပာယ်မရှိ

လိင်ဆက်ဆံမှုကို တရားဝင်အားကစားအနေနဲ့ သတ်မှတ်ပေးဖို့ SSF ဆီက လျှောက်လွှာကို လက်ခံရရှိခဲ့ပေမဲ့ တညီတညွတ်တည်း ပယ်ချခဲ့တယ်လို့ ဇန်နဝါရီလ ၂၀၂၃ ခုနှစ်မှာ RF ဥက္ကဋ္ဌ Björn Eriksson က ဆွီဒင်အသံလွှင့်ဌာန TV4 ကို ပြောပါတယ်။

“ဒီလိုအဓိပ္ပာယ်မရှိတာတွေ ပျောက်သွားဖို့ မျှော်လင့်ပါတယ်” လို့ Eriksson က အဲဒီတုန်းက မှတ်ချက်ပေးခဲ့ပါတယ်။

Image
Björn Eriksson နဲ့ TV4 တို့ တွေ့ဆုံခဲ့တဲ့ screenshot

အဲဒီကနေ လအနည်းငယ် ကြာပြီးတဲ့အထိလည်း RF ရဲ့ ရပ်တည်ချက်ဟာ မပြောင်းလဲသေးဘဲ ရှိနေပါတယ်။

“အခုလောလောဆယ် ဆွီဒင်နိုင်ငံ၊ ဆွီဒင်အားကစားဌာနနဲ့ပတ်သက်ပြီး နိုင်ငံတကာမီဒီယာတချို့မှာ ပျံ့နှံ့နေတာတွေဟာ အချက်အလက်မှားတွေဖြစ်တယ်လို့ ပြတ်ပြတ်သားသား ပြောလိုပါတယ်” ဆိုပြီး RF ရဲ့ မူဝါဒရေးရာမန်နေဂျာ Cecilia Lunell က AFP Fact Check ကို ပြောပါတယ်။



AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်