လူတွေစားသုံးဖို့ ‘ဂေါ်ဖီထုပ်အတု’ ပြုလုပ်တဲ့ ဗီဒီယို မဟုတ်ပါ

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 20 ဇွန် 2023 အချိန် 09h11
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • Lucille SODIPE, AFP ဖိလစ်ပိုင်
လူတွေစားသုံးဖို့ ‘ဂေါ်ဖီထုပ်အတု’ ပြုလုပ်တာလို့ မှားယွင်းပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေသန်းချီ ကြည့်ရှုထားကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားပါတယ်။ တကယ်တမ်း ဒီဗီဒီယိုဟာ ခင်းကျင်းပြသရာမှာ အသုံးပြုတဲ့ အစားအသောက်ပုံစံတူတွေ ပြုလုပ်ပုံကို သရုပ်ပြတဲ့ဗီဒီယိုဖြစ်ပြီး ဂျပန်နိုင်ငံက ပုံစံတူတွေပြုလုပ်ရာမှာနာမည်ကြီးတဲ့မြို့တစ်မြို့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒီဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်က Facebook ဒီလင့်ခ်မှာ “သေချာလေးကြည့်ပေးကျပါ ခင်ဗျာ ဂေါ်ဖီထုပ် အတု လုပ်နေတာ ပါ အားလုံး သတိရှိဖို့ လိုပြီနော်” (မူရင်းအတိုင်း) ဆိုတဲ့ စာသားနဲ့တင်ခဲ့တာပါ။

တူညီတဲ့ဗီဒီယိုကို ၂၀၁၉ ခုနှစ်က Facebook ဒီလင့်ခ်မှာ တင်ခဲ့ပြီး အကြိမ်ရေ ၅ ဒသမ ၇ သန်းကျော် ကြည့်ရှုခဲ့ကြပါတယ်။

ဗီဒီယိုမှာ အမျိုးသားတစ်ဦးက အဖြူရောင်နဲ့အစိမ်းရောင် အရည်တွေကို ရေဇလားတစ်ခုထဲ လောင်းထည့်နေတာ တွေ့ရပါတယ်။ အဲဒီအရည်ကနေ အစိမ်းရောင်အလွှာတွေ ဖြစ်လာပြီး အဲဒီအလွှာတွေကို ပေါင်းစပ်လိုက်တဲ့အခါ ဂေါ်ဖီထုပ်နဲ့ဆင်တူတဲ့ အရာဝတ္ထုတစ်ခု ဖြစ်လာတာ တွေ့မြင်ရပါတယ်။

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်က ရိုက်ယူထားတဲ့ Screenshot

ဆင်တူတဲ့ဗီဒီယိုကို Facebook ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ခဲ့ကြပါတယ်။

ဒီဗီဒီယိုဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လမှာလည်း ဖိလစ်ပိုင်နိုင်ငံက အင်တာနက်လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ထပ်မံပျံ့နှံ့ခဲ့ပြီး AFP က အချက်အလက် စိစစ်ခဲ့ပါတယ်။

စားသုံးလို့ရတဲ့ဂေါ်ဖီထုပ်အတု ဆိုတဲ့ ပြောဆိုချက်ကို Facebook အသုံးပြုသူတချို့က ယုံကြည်တာတွေ့ရပြီး “သတိထားစားကြပါ” “အတုအပသတိပြုဆိုတာ ဒီလိုမျိုးကိုပြောဖစ်နိုင်တယ်”(မူရင်းအတိုင်း) စတဲ့ မှတ်ချက်တွေ ရေးခဲ့ကြပါတယ်။

တကယ်တမ်း ဒီဗီဒီယိုဟာ လူတွေစားသုံးဖို့ ပြုလုပ်တာမဟုတ်ဘဲ၊ ဂျပန်နိုင်ငံမှာ စားသောက်ဆိုင်တွေမှာ ခင်းကျင်းပြသမယ့် အစားအသောက် ပလတ်စတစ် ပုံစံတူတွေ ပြုလုပ်ပုံကို သရုပ်ပြနေတဲ့ ဗီဒီယိုသာ ဖြစ်ပါတယ်။

အစားအသောက်ပုံစံတု

ဗီဒီယိုမှာပါဝင်တဲ့ မြင်ကွင်းတွေကို အသုံးပြုပြီး ရာဇဝင်ရှာကြည့်တဲ့အခါ ဗီဒီယိုကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်က YouTube ဒီလင့်ခ်မှာ တင်ခဲ့တာ တွေ့ရပါတယ်။

ဗီဒီယိုကို “ဂျပန်အစားအသောက်ပုံစံတူများ ပြုလုပ်ခြင်း” ဆိုပြီး ခေါင်းစဉ်တပ်ထားပါတယ်။ (archived link)

ဗီဒီယိုရဲ့ အညွှန်းစာမှာ “ဂျပန်နိုင်ငံ၊ ဂျီဖူစီရင်စုရှိ ဂူဂျိုမြို့သည် ဂျပန်စားသောက်ဆိုင်များတွင် ခင်းကျင်းပြသလေ့ရှိသည့် အစစ်နှင့်အလွန်ဆင်တူသည့် အစားအသောက်ပုံစံတူများ ပြုလုပ်သည့် နည်းပညာများ စတင်ရာနေရာဖြစ်သည်” ဆိုပြီး ရေးထားပါတယ်။

“ဤပုံစံတူများကို ပလတ်စတစ်၊ ဖယောင်းနှင့် အခြားပစ္စည်းများဖြင့် ပြုလုပ်ပြီး အရောင်ခြယ်ပါသည်။ တချို့သောအစားအသောက်ပုံစံတူများကို သင်ကိုယ်တိုင်လည်း (ထိုနေရာတွင်) ပြုလုပ်နိုင်ပါသည်။”

Facebook ပေါ်က ဗီဒီယိုနဲ့တူညီတဲ့မြင်ကွင်းတွေကို YouTube ဗီဒီယိုရဲ့ ၃ မိနစ်နဲ့ ၃၆ စက္ကန့်ကနေ စတင် မြင်တွေ့နိုင်ပြီး မူရင်းဗီဒီယိုကို ဘယ်ညာလှည့်ပြီး တင်ခဲ့တာ တွေ့ရပါတယ်။

အောက်မှာ Facebook ဗီဒီယိုပါ မြင်ကွင်းတွေ (ဘယ်) နှင့် YouTube ဗီဒီယိုရဲ့မြင်ကွင်းတွေကို နှိုင်းယှဉ်ပြထားပါတယ်။

Image
မှားယွင်းတဲ့ ဗီဒီယိုပါ မြင်ကွင်းတွေ (ဘယ်) နှင့် YouTube ဗီဒီယိုရဲ့မြင်ကွင်းတွေကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

ဗီဒီယိုထဲမှာ ဂျပန်စကားပြောတဲ့ အမျိုးသားတစ်ယောက်ပါဝင်ပြီး တန်ပူရာပုံစံတူနဲ့ ဂေါ်ဖီထုပ်ပုံစံတူပြုလုပ်နည်းတွေကို သရုပ်ပြနေတာ တွေ့ရပါတယ်။

ဗီဒီယိုရဲ့အဆုံးမှာ အဆိုပါအမျိုးသားက “တွေ့လား၊ ဒီ (ဂေါ်ဖီထုပ်ပုံစံတူ) ကို ကိုင်ပြီး ညှစ်ကြည့်ပါ။ ဒီတစ်ခုက ပိုမာတယ်၊ မာတယ် မဟုတ်လား” ဆိုပြီး ပြောနေတာ တွေ့နိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်