ဦးနှောက်နဲ့ ချိတ်ဆက်နိုင်တဲ့ Tesla ဖုန်းကို အီလွန်မတ်စ် ဖန်တီးထုတ်လုပ်လိုက်ပြီလို့ဆိုထားတဲ့ ဓာတ်ပုံအမှား

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 18 ဇွန် 2023 အချိန် 00h34
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
သန်းကြွယ်သူဌေး အီလွန်မတ်စ်ရဲ့ Tesla ကုမ္ပဏီဟာ ကမ္ဘာ့ဘယ်နေရာ ဘယ်ဒေသကမဆို အင်တာနက်ချိတ်ဆက်သုံးစွဲနိုင်ပြီး ဦးနှောက်နဲ့ ထိန်းချုပ်နိုင်တဲ့ စွမ်းဆောင်ရည်မြင့်ဖုန်းတစ်မျိုးကို ထုတ်လုပ်လိုက်ပြီလို့ ပြောဆိုထားတဲ့ ဒီဂျစ်နယ်နည်းပညာနဲ့ဖန်တီးပြုပြင်ထားတဲ့ ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေ ရာနဲ့ချီမျှဝေနေကြပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇွန်လမှာ ကယားပြည်နယ်ရဲ့ နေရာတချို့မှာ သန်းကြွယ်သူဌေး အီလွန်မတ်စ်ရဲ့ Starlink အင်တာနက်ကို သုံးစွဲနိုင်ပြီဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတဲ့နောက် ဒီလိုဓာတ်ပုံနဲ့ပို့စ်အမှားတွေ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တာပါ။ ဒါပေမဲ့ အဲဒီလိုစွမ်းဆောင်ရည်မြင့်တဲ့ ဖုန်းကို Tesla ကုမ္ပဏီက ထုတ်လုပ်လိုက်ပြီဆိုတဲ့ ထုတ်ပြန်ချက်မျိုးကို ကုမ္ပဏီရဲ့တရားဝင်ဝဘ်ဆိုဒ်ပေါ်မှာ ဇွန်လ ၁၄ ရက်ထိ မတွေ့ရပါဘူး။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်က Facebook ဒီလင့်ခ်မှာ တင်ခဲ့တဲ့ပို့စ်မှာ အခုလိုပဲ ရေးထားပါတယ်။

“‼#Phone_လောကကို_ပြောင်းလဲပစ်မယ့်
#Tesla_Phone_လာပြီ
Strar Link
ဂြိုလ်တုကို တီထွင်သူ
Tesla Company ပိုင်ရှင်
Elon Musk က
Pi Phone ခေါ်
Tesla Phone ကို
ဖန်တီး
ထုတ်လုပ်လိုက်ပါတယ် ။” (မူရင်းအတိုင်း)

ပို့စ်ကို ရှည်ရှည်လျားလျား ရေးသားထားပြီး ဖုန်းဟာ ဘယ်နေရာဘယ်ဒေသကမဆို အင်တာနက် ချိတ်ဆက်နိုင်သလို ဦးနှောက်နဲ့ချိတ်ဆက်ပြီး စိတ်ကူးလိုက်ရုံနဲ့ ထိန်းချုပ်အသုံးပြုလို့ရကြောင်းလည်း ရေးထားပါတယ်။

ပို့စ်မှာ ဓာတ်ပုံ (၅) ပုံကို တွဲဖက်ဖော်ပြထားပြီး Tesla ကုမ္ပဏီအမှတ်တံဆိပ်ကပ်နှိပ်ထားတဲ့ ဖုန်းတစ်လုံးကို ကိုင်ထားတဲ့ အီလွန်မတ်စ်ရဲ့ပုံတစ်ပုံလည်း ပါဝင်ပါတယ်။

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်က ရိုက်ယူထားတဲ့ Screenshot

လက်ရှိပဋိပက္ခဒဏ်ခံစားနေရတဲ့ ကရင်နီပြည်နယ်လို့ ခေါ်ကြတဲ့ ကယားပြည်နယ် နေရာတချို့မှာ Starlink အင်တာနက်ကို အသုံးပြုလို့ရပြီ ဖြစ်တဲ့အကြောင်း ဒေသသတင်းတွေမှာ ဖော်ပြခဲ့တဲ့နောက်ပိုင်း အခုလို ပို့စ်တွေ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။ (archived links here and here)

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်တပ်က အာဏာရယူခဲ့တဲ့နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့လက်နက်ကိုင်အဖွဲ့တွေအကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ကယားပြည်နယ်ဒေသတချို့မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်လို့ AFP ရဲ့ ဒီသတင်းမှာ ဖော်ပြထားပါတယ်။ (archived link)

တူညီတဲ့ပြောဆိုချက်နဲ့ပုံတွေကို Facebook ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားကြပါတယ်။

ဒါပေမဲ့ ဒီအဆိုက မှားပါတယ်။

ဇွန်လ ၁၆ ရက်နေ့ထိ Tesla ကုမ္ပဏီရဲ့တရားဝင်ဝဘ်ဆိုဒ်မှာ အဲဒီလိုဖုန်းမျိုး ထုတ်လုပ်ရောင်းချလိုက်ပြီဆိုတဲ့ ထုတ်ပြန်ချက်တွေ မတွေ့ရသလို အဓိကကျတဲ့စကားလုံး (keywords) တွေ အသုံးပြုပြီး Google ပေါ်ရှာကြည့်တဲ့အခါမှာလည်း အီလွန်မတ်စ်က Tesla အမှတ်တံဆိပ် စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချမယ်ဆိုတဲ့ ယုံကြည်ရတဲ့သတင်းတွေ မတွေ့ရပါဘူး။

ပြုပြင်ထားတဲ့ပုံ

ပို့စ်မှာပါဝင်တဲ့ စမတ်ဖုန်းကိုင်ထားတဲ့ အီလွန်မတ်စ်ရဲ့ပုံကို ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာ အဲဒီပုံဟာ ဒီဂျစ်တယ်နည်းပညာအသုံးပြုပြီး ဖန်တီးပြုပြင်ထားတဲ့ ပုံဖြစ်နေတာ တွေ့ရပါတယ်။

တကယ်တမ်း မူရင်းဓာတ်ပုံကို Australian Associated Press သတင်းဌာနက ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်က ဒီလင့်ခ်မှာ ဖော်ပြခဲ့တာပါ။ (archived here)

ဓာတ်ပုံရဲ့အညွှန်းစာမှာတော့ “၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်က အက်ဒလိတ်မြို့၊ Adelaide Oval အားကစားကွင်းမှာ တွေ့ရတဲ့ Tesla ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်။ ကမ္ဘာ့အကြီးဆုံး လီသီယွန်အိုင်းယွန်းဘတ္ထရီကို သြစတြေးလျတောင်ပိုင်း James Town မြို့တွင် တည်ဆောက်မည်။ ၂၀၁၇၊ ဇူလိုင် ၇၊ သောကြာနေ့ (AAP ဓာတ်ပုံ၊ Ben Macmahon)

မှားယွင်းတဲ့ပို့စ်မှာပါဝင်တဲ့ ဓာတ်ပုံ (ဘယ်) နဲ့ Australian Associated Press ရဲ့ ဓာတ်ပုံ (ညာ) တို့ကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။

Image
မှားယွင်းတဲ့ပို့စ်မှာပါဝင်တဲ့ ဓာတ်ပုံ (ဘယ်) နဲ့ Australian Associated Press ရဲ့ ဓာတ်ပုံ (ညာ) တို့ကို အောက်မှာ နှိုင်းယှဉ်ပြထားတဲ့ screenshot

“ကမ္ဘာ့အကြီးဆုံး လီသီယွန်အိုင်းယွန်း ဘတ္ထရီကို ရက် ၁၀၀ အတွင်း တည်ဆောက်သွားမယ်လို့” အီလွန်မတ်စ်က သတင်းထောက်တွေကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်မှာ ပြောဆိုခဲ့တာပါ။ (archived link) သူနဲ့သူရဲ့ကုမ္ပဏီ Tesla အနေနဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်မယ့်အကြောင်း အဲဒီချိန်မှာ ထည့်သွင်း ပြောဆိုခဲ့တာ မရှိပါဘူး။

၂၀၂၁ ခုနှစ်မှာလည်း “Tesla ကုမ္ပဏီက ‘ဦးနှောက်နဲ့ချိတ်ဆက်နိုင်တဲ့” ဖုန်းကို ထုတ်လုပ်လိုက်ပြီဆိုတဲ့ အကြောင်းအရာအမှားတွေ ပျံ့နှံ့ခဲ့ပါသေးတယ်။ အဲဒီအဆိုတွေကို AFP က အချက်အလက်စိစစ်ခဲ့ပြီး ဆောင်းပါးကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်