ယူကရိန်းရေကာတာကျိုးပေါက်မှုနဲ့သက်ဆိုင်မှုမရှိတဲ့ဓာတ်ပုံတွေ ပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 15 ဇွန် 2023 အချိန် 09h05
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
ယူကရိန်းနိုင်ငံမှာ အဓိကအရေးပါတဲ့ရေကာတာကြီးတစ်ခု ဖျက်ဆီးခံလိုက်ရပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ပြီးတဲ့နောက် မြန်မာနိုင်ငံက အင်တာနက်သုံးစွဲသူတွေကြားမှာ ဒီဖြစ်စဉ်နဲ့ သက်ဆိုင်မှုမရှိတဲ့ ဓာတ်ပုံဟောင်းတွေကို မှားယွင်းမျှဝေလာပါတယ်။ ခွေးလေးတွေ ရေကူးနေကြတဲ့ပုံ၊ နွားနဲ့ဝက်တွေ ရေထဲ ပိတ်မိနေကြပုံတွေဟာ ယူကရိန်းမှာ ရိုက်ကူးခဲ့တာမဟုတ်ဘဲ ထိုင်း၊ ဩစတေးလျနဲ့ ရုရှားနိုင်ငံတို့မှာ ရေကြီးတုန်းက ရိုက်ကူးခဲ့တဲ့ပုံတွေဖြစ်ပါတယ်။

“ယူကရိန်းဟာ တန်ပြန်ထိုးစစ်ကိုမနေ့ကစခဲ့တယ်လို့ အများကယူဆနေချိန်မှာပဲရုရှက Nova Kakhovka ဆည်တမံကိုဖောက်ခွဲဖျက်ဆီးလိုက်တာပါ.....။” လို့ Facebook ပို့စ်တစ်ခုမှာ ဇွန်လ ၆ ရက်နေ့က တင်ထားပါတယ်။

တောင်ပိုင်း ခါရ်ဆင်ဒေသမှာရှိတဲ့ Kakhovka ရေကာတာကြီး ဖျက်ဆီးခံရပြီးတဲ့နောက် ဒီလိုဓာတ်ပုံမှားတွေ ပျံ့နှံ့လာတာဖြစ်ပါတယ်။ ရေကာတာကျိုးပေါက်မှုကြောင့် ဇွန်လ ၁၃ ရက်နေ့အထိ လူ ၁၀ ဦး သေဆုံးပြီး လူ ၄၁ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ် (archived link) ။

ရေကာတာ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ယူကရိန်းနဲ့ရုရှားက အပြန်အလှန်စွပ်စွဲပြစ်တင်မှုတွေ ပြုလုပ်ထားပါတယ် (archived link)။

Image
နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်က ရယူထားတဲ့ screenshot

အလားတူပြောဆိုမှုတွေနဲ့ ဒီဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေထားကြပါသေးတယ်။

ယူကရိန်းသတင်းဌာနတော်တော်များများလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီဓာတ်ပုံတွေကိုပဲ အသုံးပြုထားတာ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့နိုင်ပါတယ်။

ဒါပေမဲ့ ဒီဓာတ်ပုံတွေဟာ ယူကရိန်းရေကာတာကျိုးပေါက်မှုနဲ့ သက်ဆိုင်မှု မရှိဘဲ တခြားဒေသတွေမှာ ရေကြီးတုန်းက ရိုက်ကူးခဲ့တဲ့ ပုံရိပ်တွေသာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ခွေးလေးများ

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ခွေးလေးတွေရေကူးနေတဲ့ဓာတ်ပုံဟာ ထိုင်းနိုင်ငံမှာ ရိုက်ကူးထားတယ်ဆိုတာ တွေ့ရပါတယ်။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဒေသမှာ ရေကြီးတုန်းက ရေဘေးသင့်ခွေးလေးတွေနဲ့ကြောင်လေးတွေအကြောင်း ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တင်ထားတဲ့ Facebook ပို့စ်တစ်ခုမှာ ဒီဓာတ်ပုံကို တွေ့ရှိရတာဖြစ်ပါတယ် (archived link)။ ပို့စ်တင်သူကတော့ လေလွင့်တိရစ္ဆာန်လေးတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ထိုင်းပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ The Soi Dog ဖောင်ဒေးရှင်းဖြစ်ပါတယ်။

Image
မူရင်း Facebook ပို့စ်မှာ တင်ထားတဲ့ဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်က ရယူထားတဲ့ screenshot

ဒီဖောင်ဒေးရှင်းကနေ ၂၀၂၂ ခုနှစ်တုန်းက ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်းမှာရှိတဲ့ တိရစ္ဆာန်လေးတွေအတွက် အစားအစာ ထောက်ပံ့ပေးခဲ့တဲ့အကြောင်း ဆောင်းပါးတစ်ပုဒ်မှာလည်း တူညီတဲ့ဓာတ်ပုံကို အသုံးပြုထားတာ တွေ့ရပါတယ် (archived link)။

ဒီဓာတ်ပုံကို ဖောင်ဒေးရှင်းအဖွဲ့ဝင်တစ်ဦးက ထိုင်းနိုင်ငံ၊ Ubon Ratchathani ပြည်နယ်မှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်က ရိုက်ကူးခဲ့တာဖြစ်တယ်လို့ The Soi Dog ဖောင်ဒေးရှင်းရဲ့ ပြောခွင့်ရအမျိုးသမီး Chutima Srisawang က AFP ကို ဇွန်လ ၇ ရက်မှာ ပြောပါတယ်။

ဩစတေးလျကနွားပုံ

ဆက်လက်ပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ နွားပုံကို ၂၀၂၁ ခုနှစ် ဩစတေးလျမှာ ရေကြီးတဲ့အကြောင်း ရေးသားထားတဲ့သတင်းတစ်ပုဒ်မှာ တွေ့ရပါတယ်။

၂၀၂၁ ခုနှစ်၊ မတ်လက ရိုက်တာသတင်းဌာနရဲ့ သတင်းမှာ ဩစတေးလျရဲ့ နေရာများစွာမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် အိမ်တွေ၊ လမ်းတွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေ ရေဘေးသင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ် (archived link)။

နွားပုံကိုတော့ ရိုက်တာဓာတ်ပုံဆရာ Loren Elliott က ရိုက်ကူးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပုံစာက အခုလိုဖြစ်ပါတယ်။ “၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်က ဩစတေးလျနိုင်ငံ၊ နယူးဆောက်သ်ဝေးပြည်နယ်ရှိ နေရာများစွာတွင် ရာသီဥတုဆိုးရွားပြီး ရေကြီးလျက်ရှိနေချိန်တွင် ဆစ်ဒနီမြို့ရှိ ဝင်ဆာမြို့နယ် ဆင်ခြေဖုန်းတွင် နွားတစ်ကောင်ကို တွေ့မြင်ရစဉ်။ ရိုက်တာ/Loren Elliott”

Image
၂၀၂၁ ခုနှစ် ရိုက်တာသတင်းပါ မူရင်းဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်က ရယူထားတဲ့ screenshot

ဆာဘီးယားက ဝက်ပုံ

ရုရှားရှာဖွေရေးအင်ဂျင်တစ်ခုဖြစ်တဲ့ Yandex မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဝက်ပုံပါ မူရင်းဓာတ်ပုံကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတုန်းက ရုရှားသတင်းစာ Amurskaya Pravda ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားတာ တွေ့ရပါတယ် (archived link) ။

ဒီဆောင်းပါးမှာ ရုရှားအရှေ့ဖျားဒေသ Amur Oblast မှာ ရေးကြီးတဲ့အကြောင်း ရေးသားထားတာဖြစ်ပြီး ဓာတ်ပုံကိုတော့ ခရိုင်မြူနီစီပယ်အစိုးရအဖွဲ့တစ်ခုဖြစ်တဲ့ "Selemdzhinsky District Administration" က ရိုက်ကူးတယ်လို့ ဖော်ပြထားပါတယ်။

Image
၂၀၁၉ ခုနှစ် ဆောင်းပါးပါ ဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်က ရယူထားတဲ့ screenshot

၂၀၁၉ ခုနှစ်က ရေကြီးတဲ့အကြောင်း အခြားဆောင်းပါးတစ်ပုဒ်မှာလည်း အလားတူဓာတ်ပုံတစ်ပုံပါဝင်ပြီး အဲဒီဝက်ကိုပဲ လှေတစ်စီးပေါ် ရွှေ့ပြောင်းကယ်ဆယ်နေတာ တွေ့မြင်ရပါတယ်။

ဆာဘီးယားတိုင်းမ်သတင်းမှာလည်း Amur ဒေသ ရေကြီးတဲ့အကြောင်းသတင်းတစ်ပုဒ် ရေးသားခဲ့ပြီး အဲဒီဓာတ်ပုံကိုပဲ အသုံးပြုထားတာ တွေ့ရပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်