အမျိုးသားလိင်တံကြီးထွားစေတယ်လို့ဆိုတဲ့ "တရားမဝင်" သံလိုက်အတွင်းခံဘောင်းဘီရောင်းချ

ဖိလစ်ပိုင်လူမျိုးဆရာဝန်တစ်ဦးရဲ့ ဗီဒီယိုကိုပြုပြင်ထားပြီး အမျိုးသားတွေရဲ့လိင်တံအရွယ်အစားကို ကြီးထွားစေနိုင်တယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့အတူ Magnetic Therapy Health Care Boxer လို့ခေါ်တဲ့ အမျိုးသားဝတ်သံလိုက်အတွင်းခံဘောင်းဘီ ရောင်းချနေတဲ့ Facebook စာမျက်နှာတွေ မြန်မာနိုင်ငံမှာ ပျံ့နှံ့နေပါတယ်။ ဒါပေမဲ့ ဒီပို့စ်တွေမှာဖော်ပြထားတဲ့ ဆရာဝန်ရဲ့ စာမျက်နှာမှာ ဒီအတွင်းခံကို တရားဝင်ထောက်ခံထားတာမရှိသလို ဒီသံလိုက်အတွင်းခံတွေက အမျိုးသားတွေရဲ့လိင်တံအရွယ်စားကို ကြီးထွားအောင်လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ကျွမ်းကျင်သူတွေက AFP ကိုပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှာ ‘Magnetic therapy Health Care Boxer’ အမည်နဲ့ Facebook စာမျက်နှာက ဒီပို့စ်ကို မျှဝေထားပါတယ်။

ဒီပို့စ်နဲ့အတူ Facebook နဲ့ YouTube ပေါ်က သန်းနဲ့ချီတဲ့ သူရဲ့ပရိသတ်တွေကို ကျန်းမာရေးဆိုင်ရာအကြံပေးလေ့ရှိတဲ့ ဖိလစ်ပိုင်လူမျိုးနှလုံးအထူးကုဆရာဝန် Dr Willie Ong ရဲ့ အမျိုးသားအတွင်းခံအကြောင်း ပြောဆိုနေတဲ့ ဗီဒီယိုတစ်ခုကိုလည်း ဖော်ပြထားပါတယ်။ (Archived links here and here)

"ထိပ်တန်း အမျိုးသားများ၏ ကျန်းမာရေး စောင့်ရှောက်မှု ဖြေရှင်းချက်။ အမျိုးသားများ၏ ကျန်းမာရေးကို မြှင့်တင်ပေးသည့် သဘာဝ Testosterone မြှင့်တင်ပေးသည် ။ "အထွတ်အထိပ်" ကာလသို့ ပြန်သွားစေသည်။ ဇီဝကမ္မနှင့် စွမ်းအင်ကို တိုးတက်စေသည်။ အရွယ်အစားကို 5-7cm မှ တိုးစေခြင်း။ အသုံးပြုပြီး 7 ရက်အကြာတွင် 20-25 မိနစ်အထိ ကြာရှည်စေပါသည်။" (မူရင်းအတိုင်း) ဆိုပြီး ပို့စ်မှာ ရေးထားပါတယ်။

ဒီပို့စ်နဲ့အတူအမျိုးသားဝတ်သံလိုက်အတွင်းခံဘောင်းဘီ တစ်ထည်ကို မြန်မာငွေ ၆၉,၉၀၀ ကျပ် နဲ့ ၅၀ ရာခိုင်နှုန်းလျှော့စျေးရောင်းချပေးတယ်ဆိုတဲ့ ဝဘ်ဆိုဒ်အတုတစ်ခုရဲ့ လင့်ခ်ကိုလည်း မျှဝေထားပါတယ်။

Image
၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့က ရယူထားတဲ့နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့ ဒီသံလိုက်အတွင်းခံတွေကို Facebook စာမျက်နှာ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာမှားယွင်းပါတယ်။

ထောက်ခံချက်အတု

Google မှာဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဗီဒီယိုကို Dr Willie Ong ရဲ့ တရားဝင် YouTube စာမျက်နှာက ရယူထားတာဖြစ်ပြီး ဒီသံလိုက်အတွင်းခံဘောင်းဘီတွေရဲ့ ပုံရိပ်တွေကိုတည်းဖြတ်ထည့်သွင်းထားတာဖြစ်ပါတယ်။ (Archived link here)

ဒီမူရင်းဗီဒီယိုမှာ Dr Willie Ong က မိမိဝတ်ဆင်တဲ့အတွင်းခံအမျိုးအစားက ကိုယ်ကာယကျန်းမာရေးကို ဘယ်လိုထိရောက်မှုရှိစေနိုင်တယ်ဆိုတာကို Tagalog ဘာသာစကားနဲ့ ရှင်းလင်းပြောဆိုထားတာဖြစ်ပါတယ်။

တင်းကျပ်တဲ့အတွင်းခံကိုဝတ်ဆင်ခြင်းက အမျိုးသားတွေရဲ့ သုက်ပိုးအထွက်နှုန်းကိုလျော့ကျစေပြီး အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှာ မှိုစွဲ၍ ယားယံခြင်း (yeast infection) နဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) တွေဖြစ်စေနိုင်တယ်လို့ သူကဆိုပါတယ်။

ဒီမူရင်းဗီဒီယိုမှာ အမျိုးသားတွေရဲ့လိင်တံကြီးထွားမှုအတွက် သံလိုက်အတွင်းခံတွေကို အသုံးပြုဖို့ ထောက်ခံပြောဆိုထားတာ မရှိပါဘူး။

အောက်မှာနားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယိုရဲ့ Screenshot (ဘယ်) ကို Dr Willie Ong ရဲ့ YouTube စာမျက်နှာပေါ်က ဗီဒီယို(ညာ)ရဲ့ Screenshot နဲ့နှိုင်းယှဥ်ထားတာ တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယိုရဲ့ Screenshot (ဘယ်) နဲ့ Dr Willie Ong ရဲ့ YouTube စာမျက်နှာပေါ်က ဗီဒီယို(ညာ)

ဒါအပြင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့မှာ သက်ကြီးရွယ်အိုတွေအတွက် နို့ထုတ်ကုန်တစ်မျိုးကလွဲလို့ အခြားထုတ်ကုန်တွေကို သူ့အနေနဲ့ထောက်ခံထားတာမျိုးမရှိဘူးလို့ Facebook စာမျက်မှာပေါ်မှာ ဗီဒီယိုတစ်ခုနဲ့ သူ့ရဲ့ပရိတ်သတ်တွေကို သတိပေးပြောဆိုခဲ့ပါတယ်။ (Archived link here)

"ကျွန်တော့်ရဲ့ပုံရိပ်ကိုသုံးပြီး လိမ်လည်လုပ်စားနေတဲ့ပို့စ်တွေအများအပြားရှိပါတယ်။ ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။ အခြားနာမည်ကြီးသူတွေရဲ့ ပုံရိပ်တွေပါအသုံးပြုနေပါတယ်။ အဲဒီကြော်ငြာတွေကိုတွေ့ရင် ဒီပို့စ်တွေအားလုံးလိုလိုဟာ အတုအယောင်တွေသာဖြစ်ပါတယ်" လို့ သူက ဗီဒီယိုမှာ ပြောဆိုထားပါတယ်။

သိပ္ပံနည်းကျအထောက်အထားမရှိ

Meedan Digita Health Lab ရဲ့ ပရိုဂရမ်မန်နေဂျာဖြစ်တဲ့ Jenna Sherman က သံလိုက်အတွင်းခံဝတ်ဆင်ခြင်းက အမျိုးသားတွေရဲ့လိင်တံကိုကြီးထွားစေတယ်ဆိုတဲ့ “သိပ္ပံနည်းကျအထောက်အထားမရှိဘူး” လို့ ဆိုပါတယ်။

"လိင်တံအရွယ်အစားဟာ မျိုးရိုးဗီဇနဲ့အများကြီးသက်ဆိုင်ပါတယ်။ ခွဲစိတ်ကုသမှုကလွဲပြီး အမျိုးသားတွေရဲ့ လိင်တံကို အန္တရာယ်ကင်းပြီး ထိရောက်မှုရှိရှိကြီးထွားစေတဲ့နည်းလမ်းတွေ မရှိပါဘူး" လို့ သူက ဇူလိုင်လ ၁၃ ရက်မှာ အီးမေးလ်ကတဆင့် AFP ကိုပြောပါတယ်။

အမေရိကန်အခြေစိုက် ဆီးလမ်းကြောင်းဆိုင်ရာစောင့်ရှောက်မှုဖောင်ဒေးရှင်း (Urological Care Foundation) ကလည်း လိင်တံကြီးထွားစေတဲ့နည်းလမ်းအတော်များများဟာ “ဘယ်တော့မှအလုပ်ဖြစ်လေ့ မရှိဘူး” လို့ ဆိုပါတယ်။

"ဆေးပညာအရ လိုအပ်ပါက" ခွဲစိတ်မှုလုပ်ဆောင်နိုင်ပေမဲ့ လိင်အင်္ဂါမသန်စွမ်းမှု (erectile dysfunction) အပါအဝင် ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ကြောင်း သိထားသင့်တယ်လို့ အဖွဲ့အစည်းရဲ့ ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ (Archived link here)

"သင့်အနေနဲ့ လိင်အင်္ဂါကြီးထွားမှုကိုစဉ်းစားလိုပါက ဆီးလမ်းကြောင်းဆိုင်ရာပါရဂူနှင့် ဆွေးနွေးပါ" လို့ ဆိုပါတယ်။

အမျိုးသားတွေရဲ့လိင်တံကို ကြီးထွားစေတယ်လို့ဆိုထားတဲ့ တရားမဝင်ကုထုံးတွေနဲ့ လိမ်းဆေးတွေ ကြော်ငြာထားတဲ့ပို့စ်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း AFP က အချက်အလက်စိစစ်ဖော်ပြထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်