ခရစ္စတီယာနိုရော်နယ်ဒို ဗုဒ္ဓဘာသာကိုကူးပြောင်းခဲ့တယ်ဆိုတဲ့ မှားယွင်းပြောဆိုမှု ပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 28 ဇူလိုင် 2023 အချိန် 06h14
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
နာမည်ကြီးဘောလုံးသမား ခရစ္စတီယာနိုရော်နယ်ဒို ဟာ ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းပြီး ရဟန်းဘဝကိုခံယူလိုက်ပြီဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့အတူ ပြုပြင်ထားတဲ့ဓာတ်ပုံတစ်ပုံကို မြန်မာနိုင်ငံက Facebook စာမျက်နှာတွေမှာမျှဝေထားပါတယ်။ ဒါပေမဲ့ ပေါ်တူဂီလူမျိုးဖြစ်တဲ့ ရော်နယ်ဒိုဟာ ကတ်သလစ်ဘာသာဝင်ဖြစ်ကြောင်း လူသိရှင်ကြားပြောဆိုထားပြီး AFP အနေနဲ့ ရော်နယ်ဒို ဗုဒ္ဓဘာသာကိုကူးပြောင်းသွားတယ်ဆိုတဲ့ ခိုင်လုံတဲ့သတင်းတွေမတွေ့ရပါဘူး။

"ကမ္ဘာကျော်ဘောလုံးသမားC ရော်နယ်ဒိုဟာ အစ္စလာမ်ဘာသာကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းပြီး အရှင် ရော်နန္ဒ ဆိုတဲ့ ဘွဲတော်နဲ့ သာသနာ့ဘောင်ကို ဝင်ရောက်သွားပြီလို့ ဗြိတိန်အခြေစိုက် Newsaline သတင်းဌာနရဲ့ သတင်းဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်" (မူရင်းအတိုင်း) ဆိုပြီး သြဂုတ်လ ၇ ရက်နေ့က မျှဝေထားတဲ့ Facebook ပို့စ်က ဆိုပါတယ်။

ရော်နယ်ဒို ဟာ အစ္စလာမ်ဘာသာကိုကူးပြောင်းသွားတယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုတွေကို လည်း AFP က ဒီလင်ခ့်မှာ အချက်အလက်စိစစ်ခဲ့ဖူးပါတယ်။

မျှဝေမှုအကြိမ်ရေ ၂၀၀ ကျော်ရှိတဲ့ဒီပို့စ်မှာ ရွှေဝါရောင်သင်္ကန်းဝတ်ဆင်ထားတဲ့ ရော်နယ်ဒိုရဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ဖော်ပြထားပါတယ်။

ဒီဓာတ်ပုံအောက်မှာ "အားလုံးထက်အနွေးထွေးအလုံခြုံဆုံးအရာဟာ ထေရဝါဒ သာသနာတော်ကြီးဆိုတာသိလိုက်ရတဲ့အချိန်ကြတော့ ကျနော်ကရဟန်းဘ၀နဲ့ အရှေ့တောင်အာရှမြန်မာနိုင်ငံမှာ ရာသက်ပန်တရားအားထုတ်ဖို့ ဗီဇာလျှောက်နေခဲ့ပြီလေ" (မူရင်းအတိုင်း) ဆိုတဲ့ စာသားပါရှိပါတယ်။

ထေရဝါဒဟာ အရှေ့တောင်အရှနိုင်ငံတွေမှာ ပိုမိုထင်ရှားပြီး ဗုဒ္ဓဘုရားရှင်က သင်ကြားပို့ချခဲ့တဲ့မူလအဆုံးအမဩဝါဒတွေ၊ ကျင့်ဝတ်တွေနဲ့ အနီးစပ်ဆုံး ဘာသာတစ်ခုလို့ ဆိုထားပါတယ်။

ရော်နယ်ဒိုက သူ့ရဲ့သန်းနဲ့ချီတဲ့ပိုင်ဆိုင်မှုတွေကိုရောင်းချပြီး ဘုန်းကြီးကျောင်းတွေနဲ့ စေတီပုထိုးတွေကို လှူဒါန်းသွားမယ်လို့လည်း ဒီပို့စ်မှာဆိုထားပါတယ်။

Image
Screenshot taken on August 23, 2023 of the misleading post

ဒီပို့စ်ဟာ ဗုဒ္ဓဘာသာဝင်တွေအများစုရှိတဲ့ မြန်မာနိုင်ငံက လူမှုကွန်ရက်အသုံးပြုသူတွေကို နားလည်မှုလွဲစေတာကို မှတ်ချက်တွေကိုကြည့်ရင် သိနိုင်ပါတယ်။

"သာဓုသာဓုသာဓုပါရှင်" (မူရင်းအတိုင်း) ဆိုပြီး မှတ်ချက်တစ်ခုတွေ့ရပြီး "အားပေးရကျိုးနပ်တယ်" (မူရင်းအတိုင်း) ဆိုတဲ့ မှတ်ချက်ကိုလည်းတွေ့ရပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။

ကတ်သလစ်ဘာသာယုံကြည်မှု

ရော်နယ်ဒိုဟာ သူရဲ့ကတ်သလစ်ဘာသာယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်ပြီး ဘုရားကျောင်းကိုအပတ်တိုင်းသွားတက်တယ်လို့ အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ နေ့စဉ်ထုတ် Gazzetta dello Sport ကို ၂၀၁၈ မှာ လူသိရှင်ကြားပြောဆိုခဲ့ပါတယ်။ (archived link)

Google မှာဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံကို ပြုပြင်ဖန်တီးထားပြီး မူလဓာတ်ပုံက မြန်မာနိုင်ငံက လူသိများတဲ့ဘုန်းကြီးတစ်ပါးရဲ့ ဓာတ်ပုံဖြစ်နေတာကို တွေ့ရပါတယ်။

မူလဓာတ်ပုံကို Reuters သတင်းဌာရဲ့ ဝဘ်ဆိုဒ်မှာ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က ဖော်ပြထားပါတယ်။ (archived link)

"၉၆၉ လှုပ်ရှားမှုခေါင်းဆောင် ဦးဝီရသူသည် ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်က ရန်ကုန်မြို့ အပြင်ဘက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် မျိုးစောင့်ဥပဒေဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် သံဃာတော်များအား နှုတ်ဆက်စကားပြော" ဆိုပြီး ဓာတ်ပုံစာသားဖော်ပြထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို Reuters ရဲ့မူရင်းဓာတ်ပုံ (ညာ)နဲ့ နှိုင်းယှဥ်ထားတာ တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ Reuters ရဲ့မူရင်းဓာတ်ပုံ (ညာ)

ဦးဝီရသူဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး ရခိုင်ပြည်နယ်က မွတ်ဆလင်လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာတွေအပေါ် အမုန်းပွားစေတဲ့ ဟောပြောမှုတွေကြောင့် ၂၀၁၃ ခုနှစ်မှာ Time မဂ္ဂဇင်းက "the face of Buddhist terror" ဆိုပြီး ဖော်ပြခံခဲ့ရပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်