အမေရိကန်နိုင်ငံက ငှက်ဖျားရောဂါကူးစက်မှုဟာ ဘီလ်ဂိတ်ဖောင်ဒေးရှင်းကြောင့်ဆိုတဲ့ မှားယွင်းပြောဆိုမှု

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 31 ဇူလိုင် 2023 အချိန် 09h57
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • Rob Lever, AFP USA, AFP ထိုင်း
အမေရိကန်နိုင်ငံ ဖလော်ရီဒါနဲ့တက္ကဆက်ပြည်နယ်တွေက ငှက်ဖျားရောဂါကူးစက်ပျံ့နှံ့မှုတွေဟာ မျိုးဗီဇပြုပြင်ထားတဲ့ခြင်တွေကို (genetically modified mosquitoes) အသုံးပြုတဲ့ Bill and Melinda Gates ဖောင်ဒေးရှင်းရဲ့ပရောဂျက်တစ်ခုကြောင့်လို့ Facebook မှာ ပြောဆိုနေကြပါတယ်။ ဒီပြောဆိုမှုဟာ မှားယွင်းပါတယ်။ ပရဟိတလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ သန်းကြွယ်သူဌေးဖြစ်သူ ဘီလ်ဂိတ်ဟာ အမေရိကန်နိုင်ငံက ငှက်ဖျားရောဂါဆိုင်ရာ ပရောဂျက်တွေမှာပါဝင်ထောက်ပံ့ထားတာမရှိပါဘူး။ အဲဒါအပြင် ဖလော်ရီဒါပြည်နယ်က ရောဂါကာကွယ်ရေးပရိုဂရမ်မှာ ငှက်ဖျားရောဂါပိုးကိုမဖြန့်နိုင်တဲ့ ခြင်တွေကိုသာအသုံးပြုပါတယ်။

"#BillGatesမှငှက်ဖျားပိုးခြင်တွေလွတ်ပေးလိုက်ခြင်း" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှာ မျှဝေထားတဲ့ Facebook ပို့စ်ကဆိုပါတယ်။

“မိမိတို့မမွေးခင်းကတည်းက ငှက်ဖျားပိုးဖြင့်လုပ်ကြံခဲ့သော Bill Gate သည် ယခုအခါဆိုရင် ဖလော်ရီဒါနှင့် တက္ကဆက်တို့တွင် ငှက်ဖျားပိုးရှိ မွေးမြူထားသောခြင်တွေကို လွတ်ပေးလိုက်ခြင်းကြောင့် ၎င်းပြည်နယ်များမှာ လူထု ငှက်ဖျားရောဂါများ ဖြစ်ပွားနေပါသည်။” (မူရင်းအတိုင်း)

ဒီငှက်ဖျားရောဂါကူးစက်မှုဟာ ဂိတ်ဖောင်ဒေးရှင်းကငွေကြေးထောက်ပံ့နေတဲ့ ကာကွယ်ဆေးရောင်းချလိုတာကြောင့်လို့ ဒီပို့စ်မှာဆိုထားပါတယ်။ (Archived link)

Image
၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့က ရယူထားတဲ့နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုတွေကို Facebook ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ မျှဝေနေကြပြီး အင်္ဂလိပ်ဘာသာစကားနဲ့လည်း Instagram နဲ့ TikTok တွေမှာ ပျံ့နှံ့နေပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) က ဇွန်လ ၂၆ ရက်နေ့မှာ ဖလော်ရီဒါနဲ့ တက္ကဆက်ပြည်နယ်တွေက ငှက်ဖျားရောဂါကူးစက်မှု ၅ ခုနဲ့ပတ်သက်ပြီး သတိပေးအကြံပြုချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ (Archived link)

ဒါပေမဲ့ ဒီကူးစက်မှုတွေဟာ ဂိတ်ဖောင်ဒေးရှင်းနဲ့ဆက်နွယ်နေတယ်ဆိုတာ မှားယွင်းပါတယ်။

"ကျွန်တော်တို့ ဖောင်ဒေးရှင်းက အမေရိကန်မှာ ခြင်တွေလွှတ်တာနဲ့ပတ်သက်တဲ့လုပ်ငန်းစဥ်တွေကို ငွေကြေးထောက်ပံ့ထားတာမရှိဘူး"လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP ကို အီးမေးလ်ကတဆင့်ပြောပါတယ်။

မျိုးဗီဇပြောင်း ခြင်များ

ဂိတ်ဖောင်ဒေးရှင်းဟာ ကမ္ဘာတစ်ဝှမ်းရှိ အခြားဒေသတွေမှာ မျိုးဗီဇပြောင်းခြင်များပါဝင်တဲ့ သုတေသနနဲ့ပရောဂျက်တွေကို ရန်ပုံငွေထောက်ပံ့ပေးထားပြီး ဒီလုပ်ငန်းတွေကြောင့် ငှက်ဖျားရောဂါကာကွယ်မှု ၁.၇ ဘီလီယံအထိရှိပြီး လူ့အသက်ပေါင်း ၁၀.၆ သန်းကို ကယ်တင်နိုင်ခဲ့တယ်လို့ ဖောင်ဒေးရှင်းဝဘ်ဆိုဒ်မှာဖော်ပြထားပါတယ်။ (Archived link here, and here)

ဒီမျိုးဗီဇပြောင်းခြင်တွေဟာ ရောဂါပိုးမဖြန့်နိုင်တဲ့အတွက် ငှက်ဖျားရောဂါဖြစ်ပွားမှုကို လျော့ကျစေတယ်လို့ သုတေသီတွေကဆိုပါတယ်။ (Archived link)

ဂိတ်ဖောင်ဒေးရှင်းက ငွေကြေးပံ့ပိုးမှုတွေပေးနေတဲ့ Oxitec ဟာ အမေရိကန်ပြည်ထောင်စုမှာ သန်းနဲ့ချီတဲ့ မျိုးဗီဇပြောင်းခြင်တွေကိုလွှတ်ပေးနေတဲ့ ဇီဝနည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဇူလိုင်လ ၃ ရက်နေ့မှာ AFP ကိုပေးပို့တဲ့ ကုမ္ပဏီရဲ့ထုတ်ပြန်ချက်အရ အမေရိကန်မှာလုပ်ကိုင်နေတဲ့ လုပ်ငန်းစဥ်တွေအတွက် ဂိတ်ဖောင်ဒေးရှင်းက ငွေကြေးထောက်ပံ့မှုမရှိဘူးလို့ဆိုပါတယ်။ (Archived link here, and here)

အဲဒါအပြင် Oxitec အနေနဲ့ ဖလော်ရီဒါပြည်နယ်က Florida Keys မှာလုပ်ဆောင်မှုတွေရှိပေမယ့် ပြည်နယ်တွင်းကငှက်ဖျားရောဂါကူးစက်မှုတွေဟာ သူတို့ရဲ့လုပ်ငန်းနေရာနဲ့ "လုံးဝနီးစပ်မှုမရှိဘူး" ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ တက္ကဆက်ပြည်နယ်မှာလုပ်ကိုင်နေတာမရှိတဲ့အပြင် လုပ်ကိုင်ဖို့အစီအစဥ်လည်းမရှိဘူးလို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

ကုမ္ပဏီရဲ့ခြင်တွေဟာ ငှက်ဖျားပိုးသယ်ဆောင်ဖို့ "သိပ္ပံနည်းကျဖြစ်နိုင်ခြေမရှိဘူး" လို့တာဝန်ရှိသူက ဆိုပါတယ်။ "ကျွန်တော်တို့ကုမ္ပဏီက Aedes aegypti မျိုးစိတ်ခြင်ထီးတွေကို သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေးရောဂါ ၊ ဇီကာနဲ့ အသားဝါရောဂါ (Yellow Fever) စတဲ့ရောဂါတွေကို ကူးစက်စေနိုင်တဲ့ မျိုးစိတ်တူခြင်မတွေကို တိုက်ဖျက်ဖို့အတွက်သုံးပါတယ်။ ငှက်ဖျားရောဂါကိုသယ်ဆောင်နိုင်တဲ့ Anopheles ခြင်မျိုးစိတ်မဟုတ်ပါဘူး။" (Archived link)

"မျိုးစိတ်မတူတဲ့ခြင်တွေဟာမိတ်လိုက်လေ့မရှိပါဘူး” လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ “Oxitec ခြင်တွေဟာ ၁၀၀ ရာနှုန်းပြည့်ခြင်ထီးတွေဖြစ်ပြီး ဒီခြင်တွေဟာ ရောဂါမသယ်ဆောင်နိုင်သလို လူတွေကိုမကိုက်ပါဘူး။"

South Florida တက္ကသိုလ်ရဲ့ ငှက်ဖျားသုတေသနပညာရှင် John Adams က Oxitec ရဲ့ ဖလော်ရီဒါပရောဂျက်မှာ အသုံးပြုတဲ့ Aedes aegypti ခြင်ဟာ "သွေးလွန်တုပ်ကွေးအတွက် အင်းဆက်တစ်မျိုးဖြစ်ပြီး လူကိုကူးစက်စေနိုင်တဲ့ ငှက်ဖျားပိုးကိုမသယ်ဆောင်နိုင်ဘူး"လို့ဆိုပါတယ်။

"မကြာသေးခင်ကကူးစက်မှုတွေဟာ ဒီမျိုးဗီဇပြောင်းခြင်တွေကနေ ကူးစက်တယ်ဆိုတာ ဖြစ်နိုင်ခြေမရှိပါဘူး" လို့ သူက ဇူလိုင်လ ၅ ရက်နေ့မှာ အီးမေးလ်ကတဆင့် AFP ကိုပြောပါတယ်။

"ဒီဒေသတွင်းရောဂါကူးစက်မှုဟာ ဘယ်ကစတင်ခဲ့သလဲဆိုတာရှင်းရှင်းလင်းလင်းမသိရသေးဘူး"လို့သူကဆိုပါတယ်။ "ဖြစ်နိုင်ခြေရှိတာက ဖလော်ရီဒါကကူးစက်မှုတွေဟာ တစ်ခုမကတဲ့အရင်းအမြစ်တွေကဖြစ်ပြီး တက္ကဆက်ပြည်နယ်ကကူးစက်မှုဟာလည်း မတူတဲ့အရင်းအမြစ်ကလာတာ သေချာပါတယ်။"

ဖလော်ရီဒါနဲ့ တက္ကဆက်ပြည်နယ်ကကူးစက်မှုကြား ချိတ်ဆက်မှုရှိတာမတွေ့ရဘူးလို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ကဆိုပါတယ်။

"ဒီလိုကူးစက်မှုတွေရှိပေမဲ့ ပြည်တွင်းမှာကူးစက်နိုင်တဲ့ငှက်ဖျားရောဂါအန္တရာယ်ဟာ အမေရိကန်နိုင်ငံမှာ အလွန်နည်းပါးပါတယ်။" လို့ ဇွန်လ ၂၆ ရက်နေ့ကထုတ်ပြန်တဲ့ CDC အကြံပြုချက်မှာ ဆိုထားပါတယ်။ (Archived link)

"ဒါပေမဲ့ နိုင်ငံတွင်း ဒေသတော်တော်များများမှာ တွေ့ရတဲ့ Anopheles ခြင်ကျားတွေဟာ ငှက်ဖျားပိုးရှိသူကို ကိုက်မိရာကတဆင့် ရောဂါကူးစက်ပျံ့နှံ့စေနိုင်ပါတယ်။"

ဘီလ်ဂိတ်နဲ့သူ့ရဲ့ပရဟိတလုပ်ငန်းတွေဟာ မကြာခဏဆိုသလို အချက်အလက်မှားတွေရဲ့ဓားစာခံ ဖြစ်နေပါတယ်။ Microsoft ရဲ့ပူးတွဲတည်ထောင်သူဖြစ်တဲ့ ဘီလ်ဂိတ်နဲ့ပက်သက်တဲ့ မှားယွင်းပြောဆိုမှုကို AFP က ဒီလင့်ခ်မှာလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ