တပင်တိုင်မြနန်းဥကို စားသုံးပြီး နောက်ဆုံးအဆင့်ကင်ဆာအမျိုးမျိုးကို အမြစ်ဖြတ်နိုင်တယ်ဆိုတဲ့ပို့စ်တွေကို ကျွမ်းကျင်သူတွေ ငြင်းဆို

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 06 စက်တင်ဘာ 2023 အချိန် 08h42
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP Thailand, AFP Philippines
အရှေ့တောင်အာရှနိုင်ငံတွေမှာ တိုင်းရင်းဆေးအဖြစ် သုံးလေ့ရှိတဲ့ တပင်တိုင်မြနန်းအပင်ရဲ့အစိတ်အပိုင်းတွေကို စားသုံးပြီး နောက်ဆုံးအဆင့် ကင်ဆာရောဂါအမျိုးမျိုးကို အမြစ်ပြတ်ကုသနိုင်တယ်ဆိုတဲ့ ပို့စ်တွေကို နိုင်ငံတကာ ဆေးပညာကျွမ်းကျင်သူတွေက ငြင်းဆိုလိုက်ပါတယ်။ ကင်ဆာရောဂါကိုကုသရာမှာ ကင်ဆာအမျိုးအစားနဲ့ ရောဂါအဆင့်အပေါ် မူတည်ပြီး ကုသရတာဖြစ်တယ်လို့ ကျန်းမာရေးအဖွဲ့အစည်းတွေက ပြောဆိုပါတယ်။ အမေရိကန်ကင်ဆာအဖွဲ့အစည်းကလည်း လူနာတွေအနေနဲ့ ကင်ဆာအမျိုးမျိုးကို ကုသနိုင်တယ်ဆိုတဲ့ ဆေးနည်းတွေအပေါ် ‘သံသယကြီးကြီးထား’ကြဖို့ တိုက်တွန်းထားပါတယ်။

“#ခွဲစိတ်ကုသရင် ဆယ်ချီကုန်မယ့် ကင်ဆာ အမျိူးမျိူး ကို ၄လ လောက်စွဲသောက်ပေးရုံဖြင့် အလောက်စွဲသောက်ပေးရုံစေနိုင်မယ့် ဆေးစွမ်းလေး ညွှန်းပါရစေ”(မူရင်းအတိုင်း) လို့ ရေးသားထားတဲ့ပို့စ်ကို အဖွဲ့ဝင် ၁၄,၀၀၀ ကျော်ရှိတဲ့ Facebook group တစ်ခုမှာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်က တင်ခဲ့တာပါ။

သိပ္ပံအမည် Cissus discolor လို့ ခေါ်ကြတဲ့ တပင်တိုင်မြနန်းအပင်ကို အရှေ့တောင်အာရှနိုင်ငံတွေမှာ အစာအိမ်ရောဂါလက္ခဏာတွေနဲ့ ကြွက်သားနာကျင်မှုတွေကို ကုသဖို့ တိုင်းရင်းဆေးအဖြစ် အသုံးပြုကြလေ့ ရှိပါတယ်။

Facebook ပေါ်က နားလည်မှုလွဲစေတဲ့ပို့စ်မှာ တပင်တိုင်မြနန်းကို စားသုံးပြီး ကင်ဆာအမျိုးမျိုးကို ခွဲစိတ်ကုသစရာမလိုဘဲ လေးလအတွင်း ကုသနိုင်တယ်လို့ ဆိုထားပါတယ်။

“#ကင်ဆာအဆင့် ၄ ကိုတောင် အမြစ်ပါမကျန်အောင် ဆွဲဖြတ်စေတဲ့ဆေး- ဦးဏှောက်ကင်ဆာ ၊အဆုတ်ကင်ဆာ၊ အသဲကင်ဆာ ၊အစာအိမ်အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာ ၊ရင်သားကင်ဆာ၊ လည်ချောင်းကင်ဆာ ၊ပါးစောင်ကင်ဆာ၊ နှာခေါင်းကင်ဆာစတဲ့ #ကင်ဆာအမျိူးမျိုး ၊ အစာအိမ်ရောဂါ ၊အစာအိမ်နာ ခြင်း၊နာတာရှည် ရောဂါများ၊ #အဖုအကျိတ် အမျိူးမျိူး ၊ #တီဘီ ရောဂါ၊ဂရင်ဂျီးနား၊ထိပ်ကပ်နာ၊ #အသားဝါ/B/C ပိုး ၊လိပ်ခေါင်း #အမျိူးသမီး မီးယပ်ရောဂါများ စတဲ့ ရောဂါစုံ အတွက် ၄လ စွဲသောက်ပေး ရုံဖြင့် အမြစ်ပြတ် ထိ ပျောက်ကင်းနိုင်ပါတယ်” (မူရင်းအတိုင်း) ဆိုပြီး ပို့စ်မှာ ဆက်ရေးထားပါတယ်။

ပို့စ်မှာ အပင်အမြစ်ဥတချို့ရဲ့ပုံတွေကို တင်ထားတာတွေ့ရပေမယ့် တပင်တိုင်မြနန်းပင်ရဲ့အမြစ်ဥတွေ ဟုတ် မဟုတ် ဆိုတာ မသေချာပါဘူး။

Image
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၇) ရက်က ရိုက်ယူထားတဲ့ မှားယွင်းတဲ့ပို့စ်ရဲ့ Screenshot

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ဆေးလောကဝန်ထမ်းတချို့ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့နောက် နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အားနည်းချက်တွေ ဖြစ်ပေါ်ခဲ့ပြီး အိမ်တွင်းဆေးဝါးတွေနဲ့ ကုသတဲ့နည်းလမ်းတွေ အင်တာနက်လူမှုကွန်ရက်ပေါ် ပိုမိုပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီလိုပျံ့နှံ့လာတဲ့ အချက်အလက်အမှားတွေကို AFP က စိစစ်ခဲ့ပြီး ဆောင်းပါးတွေ ဖော်ပြခဲ့ပါတယ်။ (archived here)

တပင်တိုင်မြနန်းအပင်ကို စားသုံးပြီးကင်ဆာကို ကုသနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေပါဝင်တဲ့ ပို့စ်တွေကို အဖွဲ့ဝင်သောင်းချီရှိတဲ့ Facebook group တွေရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာ မျှဝေထားကြပါတယ်။

ဆေးပညာကျွမ်းကျင်သူ တော်တော်များများကတော့ ဒီပို့စ်တွေဟာ မှားယွင်းနေတယ်လို့ ပြောပါတယ်။

“တပင်တိုင်မြနန်းပင်ကို ဘယ်လိုပုံစံနဲ့မဆို ကင်ဆာရောဂါကို ကုသနိုင်တဲ့ ဆေးဝါးအဖြစ် တရားဝင်သတ်မှတ်ထားခြင်း မရှိပါဘူး” လို့ ဖိလစ်ပိုင်နိုင်ငံ၊ Dagupan Doctors Villaflor Memorial ဆေးရုံရဲ့ ကင်ဆာရောဂါဆိုင်ရာဆေးပညာဌာန အကြီးအကဲ ဒေါက်တာ Ann Meredith Garcia Trinidad က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်မှာ AFP ကို ပြောပါတယ်။ (archived link)

“ဓာတ်ခွဲစမ်းသပ်မှုတချို့နဲ့ တိရစ္ဆာန်တွေအသုံးပြုတဲ့လေ့လာမှုတချို့အရ တပင်တိုင်မြနန်းမှာ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ဂုဏ်သတ္တိတချို့တွေ့ရပေမယ့်၊ လူတွေအတွက် ကင်ဆာရောဂါကို ကုသရာမှာ ဘေးအန္တရာယ် ကင်းမကင်း၊ ထိရောက်မှု ရှိမရှိ ဆိုတာကိုတော့ သိပ္ပံနည်းကျအတည်မပြုနိုင်ခြင်း မရှိသေးပါဘူး” လို့ သူက ဆိုပါတယ်။

ယူကေအခြေစိုက် ကင်ဆာရောဂါသုတေသနစင်တာ Cancer Research UK ရဲ့ ကင်ဆာအချက်အလက်ဆိုင်ရာကျွမ်းကျင်သူနာပြု Caroline Geraghty ကလည်း တပင်တိုင်မြနန်းဟာ “ကင်ဆာရောဂါအတွက် အကြံပြုထားတဲ့ကုသနည်း မဟုတ်ဘူး” လို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်မှာ အီးမေးလ်ကနေတဆင့် AFP ကို ပြောပါတယ်။ (archived link)

ကင်ဆာကို ရောဂါအမျိုးအစားနဲ့၊ ရောဂါပျံ့နှံ့မှုအဆင့်အပေါ်မူတည်ပြီး ကုသရတာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) ကဆိုပါတယ်။ (archived link)

“တစ်ခါတစ်ရံမှာ ကင်ဆာပျောက်ကင်းဖို့ ကုသရတာရှိသလို တစ်ခါတစ်ရံမှာလည်း ကင်ဆာဆဲလ်တွေ ထပ်ပြီး မပျံ့နှံ့အောင် တားဆီးဖို့ ကုသရတာမျိုးလည်း ရှိတယ်” လို့ CDC ရဲ့ ဝဘ်ဆိုဒ်စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။

“တခြားကင်ဆာကုထုံးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချဖို့ရည်ရွယ်ပြီး ကုသပေးရတာ ရှိသလို၊ ကုထုံးတွေနဲ့ ကင်ဆာကြောင့်ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေဖို့ ကုသပေးရတာမျိုးလည်း ရှိပါတယ်”

ယေဘုယျကုသနည်းတွေအဖြစ် ကင်ဆာဆဲလ်တွေရှိနေတဲ့ တစ်ရှူးအသားစတွေကို ဖယ်ထုတ်တဲ့ခွဲစိတ်ကုသမှုတွေလုပ်ကြရပါတယ်။ ကင်ဆာဆဲလ်တွေကို ပျက်စီးသွားအောင်၊ သေးငယ်သွားအောင် လုပ်တဲ့ ကုသနည်းတွေ ရှိသလို ဆဲလ်တွေ မကြီးထွားအောင် တားဆီးတဲ့ကုထုံးတွေကိုလည်း အသုံးပြုရတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ကင်ဆာအဖွဲ့အစည်း (American Cancer Society) ကလည်း လူနာတွေအနေနဲ့ ပုံမှန်မဟုတ်တဲ့ကုသနည်းတွေကို အသုံးပြုတော့မယ်ဆိုရင် အဲဒီနည်းလမ်းတွေဟာ “လူနာကို အပြင်းအထန် ထိခိုက်စေနိုင်”တဲ့အတွက် သေချာစဉ်းစားကြဖို့၊ သက်ဆိုင်ရာဆရာဝန်နဲ့အရင်ဆုံး တိုင်ပင်ကြဖို့ အကြံပြုထားပါတယ်။ (archived link)

“ပုံမှန်ကုသနည်းတွေ ပြုလုပ်ဖို့ နောက်ကျတာ၊ ကြံ့ကြာစေတာမျိုးဟာ ကင်ဆာကို ပိုပြီးကြီးထွားခွင့်ပေးသလို ဖြစ်နိုင်တယ်” လို့ အဖွဲ့အစည်းရဲ့ ဝဘ်ဆိုဒ်မှာ ရေးသားဖော်ပြထားပါတယ်။

“ကင်ဆာကို ကုသနိုင်တယ်ဆိုတဲ့ ပုံမှန်မဟုတ်တဲ့ ကုသနည်းတွေကို သံသယကြီးကြီး ထားပါ။ ကင်ဆာအားလုံးကို ဆေးတစ်ခုတည်းနဲ့ ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ ပြောဆိုမှုမျိုး၊ နောက်ပြီး ကင်ဆာနဲ့တခြားကုသရခက်တဲ့ရောဂါတွေကို ပျောက်ကင်းစေတယ်ဆိုတဲ့ ပြောဆိုမှုမျိုးတွေဟာ အမှားအယွင်းဖြစ်ဖို့ သေချာတယ်” လို့လည်း ဖော်ပြထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်