ယူကရိန်းမှာ ရိုက်ကူးခဲ့တဲ့ဓာတ်ပုံကို ကရင်ပြည်နယ်၊ လက်ခတ်တောင်ကပုံ ဆိုပြီး မှားယွင်းပြောဆို

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 စက်တင်ဘာ 2023 အချိန် 09h46
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
ကရင်ပြည်နယ်က အဓိကကျတဲ့စစ်တပ်စခန်းတစ်ခုကို အာဏာသိမ်းဆန့်ကျင်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် အာဏာသိမ်းဆန့်ကျင်ရေးတပ်ဖွဲ့တွေဟာ လက်ခတ်တောင်ပေါ်က ဘုရားဌာပနာတွေကို ခိုးယူနေပြီဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့အတူ နိုင်ငံခြားသူတစ်ဦးရဲ့ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံဟာ မြန်မာနိုင်ငံမှာ ရိုက်ကူးထားတာ မဟုတ်ဘဲ ရုရှားရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေခံခဲ့ရတဲ့ ယူကရိန်းနိုင်ငံက မြို့တစ်မြို့မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒီဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး ဓာတ်ပုံထဲမှာ ပျက်စီးယိုယွင်းနေတဲ့အဆောက်အအုံတစ်ခုရှေ့ ရပ်နေတဲ့အမျိုးသမီးတစ်ဦးကိုတွေ့ရပြီး သူ့နောက်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ အလံကို ကိုင်ဆောင်ထားတဲ့အမျိုးသားတစ်ဦးကို တွေ့ရပါတယ်။

KNDF ဟာ ကယားပြည်နယ်အခြေစိုက် စစ်တပ်ဆန့်ကျင်ရေးလုပ်ကိုင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အရပ်သားလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် မြန်မာနိုင်ငံအတွင်း မတည်မငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လထဲမှာ လက်ခတ်တောင်စခန်းကို အာဏာသိမ်းဆန့်ကျင်တပ်ဖွဲ့တွေ သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် ဒီဓာတ်ပုံကို သြဂုတ်လ ၂၁ ရက်နေ့က လက်ခတ်တောင်ပေါ်မှာ ရိုက်ကူးခဲ့တယ်လို့ နားလည်မှုလွဲစေတဲ့ Facebook ပို့စ်မှာ ပြောဆိုထားပါတယ်။

"ယူကရိန်းအလံပါတဲ့ တီရှပ်ဝတ်ထားတဲ့ နိုင်ငံခြားသူတဦး ပုံ Social Media ပေါ်တက်လာတယ် ၊(ယူကရိန်းသူလား မကွဲပြားသေး)
အခြား အလံတွေ ခဏထားလိုက် သိပ်အရေးမပါဘူး ၊ ရုရှားဘက်ကနေ ရပ်တည်နေတဲ့ မြန်မာမြေမှာ အခုလို Symbol သင်္ကေတခုအနေနဲ့ ခြေချလာတာ သိပ် မရိုးရှင်းလှဘူးနော်" (မူရင်းအတိုင်း) ဆိုပြီး ဒီပို့စ်မှာ ရေးထားတာပါ။

"ဒါအပြင် ဆက်လက်ပြီး “ပြောစရာက အချုပ်အခြာအာဏာပိုင်နက်ကို ထိပါးနေပြီဆိုတာဘဲ ၊ဒီထက် ဆိုးဝါးတာက ဘုရားဒိုင်း Cover. စိတ်မကောင်းစရာက ဌာပနာတွေ သမပြီး ယူကရိန်းကိုသယ်မှာ ၊ ဒါကိုတော့ Dangerous အချက်ပေးသံလို့မြင်တယ်။" (မူရင်းအတိုင်း) ဆိုပြီး ပြောဆိုထားပါတယ်။

ရုရှားဟာ မြန်မာနိုင်ငံကို စစ်လက်နက်တွေပံ့ပိုးပေးနေတဲ့ အဓိကမဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

Image
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။

ပို့စ်အောက်က မှတ်ချက်တွေမှာ ဒီဓာတ်ပုံဟာ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံက ဘုရားဌာပနာတွေကို ခိုးယူနေတဲ့ သက်သေလို့ ယုံကြည်နေကြပါတယ်။

"မြန်မာ့မြေထဲက ခုလို အခြေအနေမျိုးမှာ သယ်နိုင်ရင် မင်းတို့ ညံ့ လို့ပေါ့ကွာ"(မူရင်းအတိုင်း) ဆိုပြီး Facebook အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးထားပါတယ်။

"တပ်မတော်ကအိမ်ထဲရောက်နေတဲ့ခွေးတွေနှဲ့အကြမ်းဘက်တွေကိုအမြစ်ဖြတ်ရမှာ" (မူရင်းအတိုင်း) ဆိုပြီး နောက်ထပ်မှတ်ချက်တစ်ခုကိုလည်းတွေ့ရပါတယ်။

ယူကရိန်းက ဓာတ်ပုံ

ပို့စ်မှာတင်ထားတဲ့ဓာတ်ပုံနဲ့ အဓိကကျတဲ့စကားလုံးတွေကို အသုံးပြုပြီး Google မှာ ဓာတ်ပုံရဲ့ ရာဇဝင်ကို ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံကို မြန်မာနိုင်ငံမှာ ရိုက်ကူးခဲ့တာ မဟုတ်ဘဲ ယူကရိန်းနိုင်ငံမှာ ရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။

ဒီဓာတ်ပုံကို KNDF တပ်ဖွဲ့ရဲ့လုပ်ငန်းတွေနဲ့ ဓာတ်ပုံမှတ်တမ်းတွေကို အမြဲတမ်းလိုလို မျှဝေလေ့ရှိတဲ့ Facebook အကောင့်တစ်ခုမှာ သြဂုတ်လ ၁၉ ရက်နေ့က မျှဝေထားတာ တွေ့ရပါတယ်။ (archived link)

ဒီပို့စ်ရဲ့အဆိုအရ မြန်မာနိုင်ငံမှာအခြေစိုက်တဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့က ယူကရိန်းကို အလည်အပတ်သွားရောက်ခဲ့စဥ်မှာ KNDF အဖွဲ့ကလည်း ယူကရိန်းစစ်သားတွေကို ထောက်ခံကြောင်းပြတဲ့အနေနဲ့ KNDF အလံကို ဒီအဖွဲ့နဲ့အတူ ထည့်ပေးလိုက်တယ်လို့ ပြောဆိုထားပါတယ်။

"တစ်ရက်မှာ FBR က ဆရာဒေးဗစ်နဲ့ စကားတွေပြောဖြစ်တော့ သူ့ရဲ့နောက်ထပ် မစ်ရှင်တစ်ခုအကြောင်းပြောပြတယ် သူတို့အဖွဲ့ ယူကရိန်းကိုသွားဖို့ရှိကြောင်းပေါ့။" (မူရင်းအတိုင်း) ဆိုပြီး ရေးသားထားပါတယ်။

FBR ဟာ David Eubank ဆိုသူက တည်ထောင်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ကာကွယ်မှုအောက်မှာ ကျန်းမာရေးဆိုင်ရာသင်တန်းနဲ့ ကယ်ဆယ်ရေးအကူအညီတွေပေးနေတဲ့ Free Burma Ranger (FBR) အဖွဲ့ကို ဆိုလိုတာ ဖြစ်ပါတယ်။ (archived links here and here).

"ကျနော်က သူ့ကို ကျနော်တို့ KNDF အလံတစ်ခုက်ိုယူပြီး သူ့လက်ထဲထည့်ပေးလိုက်တယ်။ ယူကရိန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့တပ်မှုးတစ်ဦးဦးလက်ထဲထည့်ပေးပါလို့ မှာလိုက်တယ် ပြီးတော့ သတင်းစကားအနေနဲ့ ငါတို့လည်းမင်းတို့လိုပဲ အမှန်တရားအတွက်၊ ပြီးတော့လက်နက်နဲ့အနိုင်ကျင့်တတ်တဲ့ အာဏာရှင်တွေကိုတော်လှန်နေကြတာ အတူတူပါပဲလို့ ကျနော်တို့ဟာ အင်အားအရသေးငယ်ပြီး ကျနော်တို့ရဲ့ တိုက်ပွဲဝင်နေမှု့ကို ကမ္ဘာကအသိနည်းကြပေမဲ့ ကျနော်တို့ဟာ ယူကရိန်းနဲ့အတူတူရှိကြောင်း တရားမျှတမှု့နဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြောင်း ပြောပြပေးပါလို့ အကူအညီတောင်းလိုက်ပါတယ်။" (မူရင်းအတိုင်း)

"ဆရာဒေးဗစ်က သူဒီသတင်းစကားနဲ့ ကျနော်တို့ KNDF အလံက်ို သယ်သွားပေးပါ့မယ်ပြောပြီး ကျနော်တို့စကားဝိုင်းကို အဆုံးသတ်လိုက်ပါတယ်။ ဒီနေ့တော့ ဆရာဒေဗစ်တို့ မိသားစုနဲ့သူ့အဖွဲ့သားတွေ ရိုက်ထားတဲ့ဓါတ်ပုံထဲမှာ ယူကရိန်းမြေပေါ်မှာ တိုက်ပွဲဝင်နေတဲ့ယူကရိန်းရဲဘော်တို့နဲ့အတူ တစ်လုံးတစ်ဝတည်းရှိမှု့ကို ဖော်ပြပေးနေတဲ့ ကျနော်တို့ KNDF အလံကိုတွေ့လိုက်ရပါတယ်။" (မူရင်းအတိုင်း)

အဲဒီ Facebook ပို့စ်မှာ “Free Burma Ranger” ဆိုတဲ့ အလံအပြင် အခြားအလံအမျိုးမျိုးကို ကိုင်ဆောင်ထားတဲ့သူတွေရဲ့ဓာတ်ပုံတစ်ပုံအပါအဝင် အခြားဓာတ်ပုံတွေကိုလည်း မျှဝေထားပါတယ်။ (archived link)

Free Burma Ranger က AFP ရဲ့ဆက်သွယ်မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို ယူကရိန်းမှာရိုက်ကူးထားတယ်ဆိုတဲ့ Facebook ပို့စ်က ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ပြထားပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ ယူကရိန်းမှာရိုက်ကူးထားတယ်ဆိုတဲ့ Facebook ပို့စ်က ဓာတ်ပုံ (ညာ)

ဒီဓာတ်ပုံကို "Ukraine FBR Mission 2023" ဆိုတဲ့စာသားနဲ့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့က ဒီ Facebook ပို့စ်မှာလည်းမျှဝေထားပါတယ်။ (archived link)

ဒီဓာတ်ပုံထဲက အဆောက်အအုံအပျက်အစီးဟာ ၂၀၂၂ ခုနှစ်က ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့်ပျက်စီးသွားတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက St.George’s ဘုန်းတော်ကြီးကျောင်းကိုဖော်ပြထားတဲ့ ဒီ AFP ဓာတ်ပုံနဲ့ ကိုက်ညီနေပါတယ်။

Anadolu Agency ရဲ့ဓာတ်ပုံဆရာ Metin Aktas က ရိုက်ကူးထားတယ်ဆိုတဲ့ ဒီဓာတ်ပုံမှာ "ရုရှားတပ်များ ဆုတ်ခွာပြီးနောက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင်တွေ့ရသည့် ယူကရိန်းနိုင်ငံ၊ Donetsk ဒေသရှိ Dolyna ရွာမှာ ပျက်စီးနေသည့် St.George’s ကျောင်းတိုက်" ဆိုတဲ့စာသားပါရှိပါတယ်။

"ရုရှားရဲ့တိုက်ခိုက်မှုကြောင့်နေအိမ်အများအပြားနဲ့ St.George’s ဘုန်းတော်ကြီးကျောင်းတို့ ပျက်စီးခဲ့သည်။"

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ AFP ဓာတ်ပုံ (ညာ) တို့ရဲ့ ကိုက်ညီမှုတွေကို နှိုင်းယှဥ်ပြထားတာကိုတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ AFP ဓာတ်ပုံ (ညာ) တို့ရဲ့ ကိုက်ညီမှုတွေကို နှိုင်းယှဥ်ပြထား

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်