စစ်သားတစ်ဦးရဲ့ ဈာပနအခမ်းအနားဗီဒီယိုကို ဇလန်စကီးရဲ့ ဝါရှင်တန်အပြန်ခရီးအဖြစ် မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 12 မတ် 2025 အချိန် 07h55
  • အပ်ဒိတ်ရက်စွဲ 12 မတ် 2025 အချိန် 08h01
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းခေါင်းဆောင် Volodymyr Zelensky ကို အိမ်ဖြူတော်မှာ ပြစ်တင်ကြိမ်းမောင်းခဲ့တဲ့နောက် ယာဉ်တန်းတစ်ခုဖြတ်သန်းသွားစဥ် လူအများက ဒူးထောက်အရိုအသေပေးနေကြတဲ့ ဗီဒီယိုကို  ဇလန်စကီး ပြန်လာချိန်မှာ ဂုဏ်ပြုခံရတယ်ဆိုပြီး မှားယွင်းမျှဝေနေကြပါတယ်။ ဒါပေမဲ့ အဲဒီဗီဒီယိုဟာ ကျဆုံးသွားတဲ့  ယူကရိန်းစစ်သားတစ်ယောက်ရဲ့ စျာပနအခမ်းအနားတစ်စိတ်တစ်ပိုင်းကဖြစ်ပါတယ်။ 

"ဇီလန်းစကီးအပြန်လာကို ယူကရိန်းပြည်သူများ ဦးညွတ်ကြိုဆို" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၂ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။  

တူညီတဲ့စာသားကို ထည့်သွင်းဖော်ပြထားတဲ့ ၅၉ စက္ကန့်ကြာဗီဒီယိုမှာ ယာဥ်တန်းကဖြတ်သန်းသွားစဥ် လမ်းဘေးမှာ ဒူးထောက်အရိုအသေပေးနေကြတဲ့သူတွေကို တွေ့နိုင်ပါတယ်။ ဗီဒီယိုကို ဝင်ရောက်ကြည့်ရှုမှုအကြိမ်ရေ ၁၃,၀၀၀ ကျော်ရှိပါတယ်။   

Image
မှားယွင်းတဲ့ Facebook ပိုစ့်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က ရယူထားတဲ့ Screenshot

ထရမ့်က ဇလန်စကီးကို Oval Office မှာ ေါသတကြီးပြစ်တင်ပြီး ယူကရိန်းသမ္မတအနေနဲ့ ရုရှားနဲ့ "သဘောတူညီချက်ယူရင်ယူ" မယူရင် "ငါတို့ထွက်မယ်" လို့ပြောဆိုခဲ့တဲ့နောက် တူညီတဲ့မှားယွင်းပြောဆိုမှုတွေ Facebook မှာပျံ့နှံ့ခဲ့ပါတယ်။ မယုံနိုင်ဖွယ်ရာ လူသိရှင်ကြားအငြင်းပွားမှု ဖြစ်ပေါ်ပြီးရက်ပိုင်းအကြာမှာ ထရမ့်က ကိဗ်ကို စစ်ရေးထောက်ပံ့မှုတွေရပ်ဆိုင်းခဲ့ပါတယ်။ (Archived links here and here) 

ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ချိန် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ဝါရှင်တန်ဟာ ယူကရိန်းရဲ့ အရေးပါဆုံး စစ်ရေးကျောထောက်နောက်ခံမဟာမိတ်အဖြစ် ရပ်တည်ခဲ့ပါတယ်။ ယူကရိန်းဘက်က လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ဥရောပနဲ့ပြောဆိုဆွေးနွေးနေပြီး လက်နက်ထောက်ပံ့ရေးရပ်စဲမှုအတွက် ထရမ့်နဲ့ ညှိနှိုင်းလိုတယ်လို့ ဆိုပါတယ်။ (Archived link) 

ဒါပေမဲ့ အဲဒီဗီဒီယိုက မှားယွင်းနေပြီး မြန်မာသတင်းအချက်အလက်စိစစ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ BoomMyanmar ကလည်း တူညီတဲ့မှားယွင်းပြောဆိုချက်ကို အချက်အလက်စိစစ်ထားပါတယ်။ (Archived link)  

မှားယွင်းပျံ့နှံ့နေတဲ့ ဗီဒီယိုက ဓာတ်ပုံတွေအသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ထရမ့်နဲ့ ဇလန်စကီးတို့တွေ့ဆုံမှု မတိုင်မီ ရက်သတ္တပတ်များစွာအလို ၂၀၂၅  ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်ကတည်းက ပိုမိုရှည်လျားတဲ့ ဗီဒီယိုကို Facebook မှာမျှဝေထားတာကို တွေ့ရပါတယ်။ (Archived link)

ယူကရိန်းနိုင်ငံ၊ ဆိုကယ်လ်မြို့က ကျဆုံးသွားတဲ့စစ်သားရဲ့  စျာပနအခမ်းအနားဆိုပြီး ဗီဒီယိုရဲ့ခေါင်းစဥ်မှာပါရှိပါတယ်။ မှားယွင်းတဲ့ပိုစ့်မှာ မပါဝင်တဲ့ မော်တော်ယာဉ်ထဲက ယူကရိန်းအလံအုပ်ထားတဲ့ ခေါင်းတလားကို မူရင်းဗီဒီယိုရဲ့ ၁ မိနစ် ၂၅ စက္ကန့်ကြာချိန်မှာ တွေ့နိုင်ပါတယ်။

Image
မှားယွင်းတဲ့ Facebook ပိုစ့် (ဘယ်) နဲ့ ဇန်နဝါရီလက မျှဝေခဲ့တဲ့ မူရင်းဗီဒီယို (ညာ)ကို နှိုင်းယှဥ်ထားတဲ့ Screenshot

ဆိုကယ်လ်မြို့နယ်ကောင်စီရဲ့ တရားဝင် Facebook စာမျက်နှာမှာ Polishuk Taras Olegovych လို့ခေါ်တဲ့ ယူကရိန်းစစ်သားရဲ့ စျာပနအခမ်းအနားအကြောင်းကို အသေးစိတ် ကြေညာထားပါတယ်။ သူဟာ ရုရှားနဲ့ စစ်ပွဲအတွင်းက တိုက်ခိုက်ရေးမစ်ရှင်တစ်ခုမှာ ကျဆုံးခဲ့တယ်လို့လည်း သီးခြားထုတ်ပြန်ထားပါတယ်။ (Archived links here and here)  

စျာပနအခမ်းအနားကို Peter and Paul ဘုရားကျောင်းအနီးမှာ ကျင်းပခဲ့တယ်ဆိုပြီး ပိုစ့်မှာဖော်ပြထားပါတယ်။ အဲဒီအချက်ကိုအခြေခံပြီး AFP က  Google Maps ရဲ့ street imagery နဲ့နှိုင်းယှဉ်ကာ ဗီဒီယိုရိုက်ကူးခဲ့တဲ့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။  (Archived link) 

Image
မူရင်းဗီဒီယို (ဘယ်) နဲ့ Google Maps ကတည်နေရာရဲ့ ဓာတ်ပုံ (ညာ)ကို နှိုင်းယှဉ်ထားတဲ့ Screenshot

AFP အနေနဲ့ ရုရှား-ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်မှားတွေကို ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ ယခင်ကတည်းက အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ