'ယူကရိန်းသမ္မတ လူကြိုက်များစေဖို့ နာမည်ကြီးသရုပ်ဆောင်တွေကို USAID က ငွေကြေးထောက်ပံ့'ဆိုတဲ့ မှားယွင်းပြောဆိုမှုကို Elon Musk က ချဲ့ကားမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 14 ဖေဖော်ဝါရီ 2025 အချိန် 04h59
  • ဖတ်ရန် ကြာချိန် 6 မိနစ်
  • Bill MCCARTHY, AFP အမေရိကန်ပြည်ထောင်စု
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
ရုရှားနဲ့ စစ်ပွဲတွေကြား ယူကရိန်းသမ္မတ Volodymyr Zelensky ကို လူကြိုက်များလာစေရန် Angelina Jolie နဲ့ Ben Stiller စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေကို USAID က ငွေကြေးပေးငှားရမ်းခဲ့တယ်လို့ E! News က ဖော်ပြခဲ့တယ်ဆိုပြီး ဗီဒီယိုတစ်ခုကို Elon Muck၊ Donald Trump Jr နဲ့ အခြား လူသိထင်ရှား ရှေးရိုးစွဲဝါဒီတွေက ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဟာ E! News ရဲ့ စစ်မှန်တဲ့ သတင်းဖော်ပြချက်မဟုတ်ဘူးလို့ ဖျော်ဖြေရေးသတင်းဌာနက AFP ကို ပြောပါတယ်။ ဒါအပြင် သရုပ်ဆောင် Ben Stiller ကလည်း ဒီပြောဆိုမှုဟာ မှားယွင်းတယ်လို့ လူသိထင်ရှား ငြင်းပယ်ခဲ့ပါတယ်။  

"ဇာလန်စကီး နာမည်ကြီးလာစေဖို့ USAID က နာမည်ကြီး ဆယ်လီတွေဖြစ်တဲ့ အင်ဂျလီနာ ဂျိုလီ ၊ ရှောင်ပန် ၊ ဘန်စတီလာ ၊ ဗန်ဒိမ်းတို့ကို ငွေပေးပြီး ပရိုမိုးရှင်းလုပ်ခဲ့တဲ့အချက်အလက်တွေကို တွေ့ရှိထားတယ်လို့ သတင်းထွက်လာတယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်က မျှဝေထားတဲ့ ပို့စ်မှာ ရေးသားထားပါတယ်။  

"မြန်မာပြည်ကို ဂျိုလီလာခဲ့တာ USAID နဲ့ ဆက်စပ်နေနိုင်တယ်။ မြန်မာပြည်မှာလည်း ရွေးကောက်ပွဲမှာ ဆယ်လီတွေနဲ့ မဲဆွယ်ခဲ့တာလည်း USAID ရဲ့ ဇာတ်ညွှန်းဖြစ်နိုင်တယ်။" (မူရင်းအတိုင်း) ထပ်မံရေးသားထားပါတယ်။  

ဒီပြောဆိုမှုဟာ "I Meme Therefore I Am" ဆိုတဲ့ လူသိများတဲ့ ရှေးရိုးစွဲဝါဒီ X အကောင့်တစ်ခုက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်မှာ စတင်မျှဝေခဲ့ပါတယ်။ ဒီအကောင့်ဟာ ယခင်ကလည်း ယူကရိန်းသမ္မတနဲ့ ပက်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို မျှဝေဖူးပါတယ်။ 

ဖက်ဒရယ်အစိုးရ ပြန်လည်ပြင်ဆင်ရန် အမေရိကန်သမ္မတထရမ့်ရဲ့ တာဝန်ပေးခြင်းခံရတဲ့ Elon Musk ဟာ ဒီဗီဒီယိုကို သူပိုင်ဆိုင်တဲ့ X လူမှုကွန်ရက်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။  

Image
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်မှာ X က ရယူထားတဲ့ Screenshot

သမ္မတထရမ့်ရဲ့ သားကြီးဖြစ်သူ Trump Jr နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ ရှေ့နေတစ်ဦးဖြစ်သူ Sidney Powell တို့ကလည်း ဒီဗီဒီယိုကို ချဲ့ကားမျှဝေခဲ့ပါတယ်။

 ၃၆ စက္ကန့်ကြာ ဗီဒီယိုဟာ E! News ရဲ့ ဗီဒီယိုသတင်းပုံစံအတုယူထားပြီး ဖျော်ဖြေရေးသတင်းဌာနရဲ့ လိုဂိုပါရှိပါတယ်။ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) က "ရုရှားရဲ့ ကျူးကျော်မှုကြောင့် စစ်ပွဲဖြစ်ပွားခဲ့တဲ့နောက် ယူကရိန်းကို သွားရောက်လည်ပတ်ဖို့ အမေရိကန် သရုပ်ဆောင်တွေကို ထောက်ပံ့မှုတွေပေးခဲ့တယ်" လို့ ဒီဗီဒီယိုမှာ ဆိုထားပါတယ်။ ဒါဟာ "အမေရိကန်ပြည်ထောင်စုကို အဓိကထားပြီး နိုင်ငံခြား ကြည့်ရှု့သူတွေကြား ယူကရိန်းသမ္မတ ဇလန်းစကီးကို ထောက်ခံမှုမြင့်မားရေးအတွက်ဖြစ်တယ်" လို့ ဆိုပါတယ်။  

USAID က Angelina Jolie ကို အမေရိကန်ဒေါ်လာ သန်း ၂၀၊ Sean Penn ကို ၈ သန်း၊ Orlando Bloom နဲ့ Ben Stiller တို့ကို ၄ သန်း၊ Jean-Claude Van Damme ကို ၁ သန်းခွဲ ပေးအပ်ခဲ့တယ်လို့ ဒီဗီဒီယိုမှာ ပြောဆိုထားပါတယ်။  

ဒီဗီဒီယိုကို မျှဝေထားတဲ့ ပို့စ်တွေဟာ X နဲ့ အခြားလူမှုကွန်ရက်စာမျက်နှာတွေမှာ သန်းနဲ့ချီတဲ့ တုံ့ပြန်မှုတွေနဲ့ ပြန်လည်မျှဝေမှုတွေ ရရှိနေကြပါတယ်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၁၂၀ ခန့်မှာ ကျန်းမာရေးနဲ့ အရေးပေါ်ကူညီမှုအစီအစဥ်တွေနဲ့ ဒီမိုကရေစီတိုးတက်ရေးလုပ်ငန်းစဥ်တွေ လုပ်ဆောင်နေတဲ့ ဧရာမ အမေရိကန်အေဂျင်စီတစ်ခုဖြစ်တဲ့ USAID ကို ဖျက်သိမ်းမယ်လို့ Elon Musk က ကြေညာပြီးနောက် ဒီမှားယွင်းပြောဆိုမှုတွေ ပျံ့နှံ့လာတာဖြစ်ပါတယ်။  

အေဂျင်စီရဲ့ တရားဝင်ဝဘ်ဆိုဒ်ကို အစောပိုင်းက ဖျက်ချခဲ့ပြီး ၎င်းရဲ့ ဝန်ထမ်းတွေကိုလည်း အလုပ်ကနေ ခွင့်ပေးထားပါတယ်။ Musk ရဲ့လုပ်ဆောင်မှုတွေဟာ တရားဥပဒေအရအကျုံးဝင်မှုရှိမရှိနဲ့ USAID နဲ့ ဆက်စပ်မှုရှိနေတဲ့ ပရိုဂရမ်တွေရဲ့ ထောက်ပံ့မှုကို မှီခိုနေကြရတဲ့ လူတွေအပေါ်သက်ရောက်မှုတွေအတွက် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

USAID ကို ယခင်ကတည်းက ဆန့်ကျင်ရှုတ်ချလေ့ရှိတဲ့ ရုရှားကတော့ အေဂျင်စီဖျက်သိမ်းဖို့ကြေညာချက်ကို ကြိုဆိုအားပေးခဲ့ပါတယ်။  

ဒါပေမဲ့ ဒီဗီဒီယိုနဲ့ ဗီဒီယိုထဲက အကြောင်းအရာတွေဟာ "မှန်ကန်မှုမရှိသလို E! News က ဖော်ပြခဲ့တဲ့ သတင်းလည်းမဟုတ်ပါဘူး" လို့ E! News ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP ကို ဖေဖော်ဝါရီလ ၅ ရက်က အီးမေးလ်မှာ ပြောပါတယ်။  

ဒီဗီဒီယိုထဲမှာ ဖော်ပြထားတဲ့ သရုပ်ဆောင်တွေဟာ ယူကရိန်းကို သွားရောက်ခဲ့ကြတာမှန်ကန်ပေမယ့် USAID ဆီက ငွေကြေးရယူခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားတွေ မတွေ့ရပါဘူး။  

'ရုရှားမီဒီယာတွေရဲ့ လိမ်ညာပြောကြားမှု'

ကမ္ဘာတဝှမ်းက လူသားခြင်းစာနာမှုဆိုင်ရာကြိုးပမ်းမှုတွေရဲ့ အဓိကအလှူရှင်တစ်ဦးဖြစ်တဲ့ Jolie ဟာ ယူကရိန်းနိုင်ငံကို ၂၀၂၂ ခုနှစ်မှာ သွားရောက်ခဲ့ပါတယ်။ အဲဒီအချိန်က ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီရဲ့ အထူးသံသမန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Jolie ဟာ ဒီခရီးစဥ်ကို ကိုယ်ပိုင်အစီအစဥ်နဲ့ သွားရောက်ခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ ပြောဆိုမှုကို ဖော်ပြထားတဲ့ ဒီအစီအရင်ခံစာမှာ တွေ့ရပါတယ်။ (Archived here and here)

သရုပ်ဆောင် Sean Penn ဟာ ရရှား-ယူကရိန်းစစ်ပွဲနဲ့ ဇလန်းစကီးရဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ ယူကရိန်းကို ၂၀၂၂ ခုနှစ်မှာ သွားရောက်ခဲ့ပါတယ်။ (Archived here and here)

ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီရဲ့ ချစ်ကြည်ရေးသံတမန်ဖြစ်တဲ့ Ben Stiller ဟာ ယူကရိန်းသမ္မတကို အဲဒီနှစ်မှာပဲတွေ့ဆုံခဲ့ပြီး UNICEF ရဲ့ ချစ်ကြည်ရေးသံတမန်ဖြစ်တဲ့ Orlando Bloom က ဇလန်းစကီးကို ၂၀၂၃ ခုနှစ်မှာ တွေ့ဆုံခဲ့ပါတယ်။ (Archived here, here, here, here and here)

Van Damme က ယူကရိန်းကို ၂၀၂၂ ခုနှစ်မှာ "မျှော်လင့်ချက်နှင့် ငြိမ်းချမ်းရေး သတင်းစကားပါးဖို့" သွားရောက်ခဲ့တယ်လို့ သူ့ရဲ့ YouTube စာမျက်နှာမှာဖော်ပြထားပါတယ်။ (Archived here and here)

Image
ဇွန်လ 20 ရက်၊ 2022 တွင် ယူကရိန်းသမ္မတသတင်းအေဂျင်စီမှ ရိုက်ကူးပြီး ထုတ်ပြန်သည့် ဤဓာတ်ပုံသည် ယူကရိန်းသမ္မတ Volodymyr Zelensky သည် Kyiv တွင် တွေ့ဆုံစဉ် အမေရိကန်သရုပ်ဆောင် Ben Stiller ကို ကြိုဆို။ (UKRAINIAN PRESIDENTIAL PRESS SERVICE / Handout)

Stiller က ၂၀၂၂ ခုနှစ်၊ ယူကရိန်းခရီးစဥ်အတွက် ကုန်ကျစရိတ်ကို သူကိုယ်တိုင်ပေးခဲ့ပြီး USAID က ငွေကြေးရရှိတာမရှိဘူးလို့ပြောပါတယ်။ "ပုဂ္ဂိုလ်ရေးငွေကြေးရရှိမှု လုံးဝမရှိပါဘူး" လို့ ဖေဖော်ဝါရီလ ၅ ရက်က X မှာ တုန့်ပြန်ပြောဆိုထားပါတယ်။ (Archived here and here)

"ဒါဟာ ရုရှားမီဒီယာတွေရဲ့ လိမ်ညာပြောဆိုမှုတွေဖြစ်ပါတယ်" လို့ သူ့ရဲ့ပို့စ်မှာ ရေးသားထားပါတယ်။ "ကျွန်တော့်ရဲ့ ယူကရိန်း လူသားချင်းစာနာမှုခရီးစဥ်အတွက် ကိုယ်တိုင်စရိတ်အကုန်ခံပြီးသွားရောက်ခဲ့တာဖြစ်ပါတယ်။ USAID ရဲ့ ထောက်ပံ့မှုတစ်ခုမှမရှိတဲ့အပြင် အခကြေးငွေလက်ခံရရှိတာလည်းမရှိပါဘူး။ ဒါဟာ ၁၀၀ ရာခိုင်နှုန်း မှားယွင်းပါတယ်။"

Image
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်မှာ X က ရယူထားတဲ့ Screenshot

Stiller ဟာ "သူ့ရဲ့ UNHCR လုပ်ငန်းစဥ်တွေအတွက် ငွေကြေးလက်ခံရရှိတာမရှိပဲ သူ့ရဲ့ ခရီးစဥ်တွေအတွက် ကိုယ်တိုင်ကုန်ကျခံခဲ့တယ်" လို့ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ဖေဖော်ဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ (Archived here)

ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေးသံသမန်တွေအတွက် ကုလသမဂ္ဂ လမ်းညွှန်ချက်မှာ "ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေးသံသမန်တွေဟာ လစာဝင်ငွေရရှိခံစားခွင့်မရှိပေမယ့် တစ်နှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ ဒါမှမဟုတ် ညီမျှတဲ့အရာတစ်ခုကို သင်္ကေတတစ်ခုအနေနဲ့ ပေးအပ်နိုင်တယ်"လို့ ဖော်ပြထားပါတယ်။ (Archived here and here)

USAID က Sean Penn ကို ငွေကြေးပေးခဲ့တယ်ဆိုတဲ့ ပြောဆိုမှုဟာ "လုံးဝမှားယွင်းပြီး အခုလို မှားယွင်းပြောဆိုမှုနဲ့  ဝါဒဖြန့်ချီမှုတွေကို ပြန်လည်မျှဝေမှုဟာ တာဝန်မဲ့ပြီး အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်တယ်" လို့ Penn ရဲ့ ရှေ့နေ Methew Rosengart ကလည်း AFP ကိုပြောပါတယ်။  

"Sean Penn ရဲ့ ယူကရိန်း ခရီးစဥ်အတွက် USAID ရဲ့ ငွေကြေးထောက်ပံ့မှု တစ်ခါမှမရရှိခဲ့ပါဘူး။ Mr. Penn က သူ့ခရီးစဥ်အတွက် ကိုယ်တိုင် ငွေကြေးအကုန်ကျခံခဲ့ပါတယ်" လို့ ဖေဖော်ဝါရီလ ၆ ရက်က ထုတ်ပြန်ထားပါတယ်။  

"ဒီမှားယွင်းတဲ့ မဆင်မခြင် အသရေဖျက် ပြောဆိုမှုတွေ ဆက်လက်မျှဝေနေမယ်ဆိုရင် Mr. Penn အနေနဲ့ လိုအပ်တဲ့ ဥပဒေအရ အရေးယူမှုတွေလုပ်ဆောင်သွားမှာဖြစ်ပါတယ်။" 

Image
2022 ခုနှစ် နိုဝင်ဘာလ 8 ရက်နေ့တွင် ယူကရိန်းသမ္မတ၏သတင်းထုတ်ပြန်ရေးဌာနမှ ရိုက်ကူးထားသော ဤဓာတ်ပုံသည် ယူကရိန်းသမ္မတ Volodymyr Zelensky (2ndR) သည် Kyiv တွင် တွေ့ဆုံပြီးနောက် အမေရိကန်သရုပ်ဆောင် Sean Penn နှင့် လမ်းလျှောက်နေပုံ။ (UKRAINIAN PRESIDENTIAL PRESS SERVICE)

ဖက်ဒရယ်အသုံးစရိတ်အချက်အလက်ကို စုစည်းထားတဲ့ တရားဝင်ပွင့်လင်းဒေတာအရင်းအမြစ်တစ်ခုဖြစ်တဲ့ usaspending.gov အရ USAID က ဒီမှားယွင်းပို့စ်မှာ ဖော်ပြထားတဲ့ သရုပ်ဆောင်တွေကို ငွေကြေးပေးအပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေမရှိတာကို AFP က တွေ့ရပါတယ်။  

Clemson တက္ကသိုလ်က Media Forensics Hub ရဲ့ ပူးတွဲဒါရိုက်တာဖြစ်တဲ့ Darren Linvill က ဒီ E! News သတင်းဗီဒီယိုဟာ "ရုရှားက လုပ်ကြံဖန်တီးထားပြီး ရင်းနှီးတဲ့ နည်းလမ်းတွေကနေတဆင့် ဖြန့်ထားတဲ့ သဲလွန်စတွေတွေ့ရတယ်လို့" ဖေဖော်ဝါရီလ ၅ ရက်က X မှာ ဖော်ပြထားပါတယ်။ (Archived here and here)

ဒီဗီဒီယို အစောဆုံးဖြန့်ချီထားတဲ့ X အကောင့်တွေဟာ သုတေသီတွေက Storm-1516 လို့ သမုတ်ထားတဲ့ ရုရှားဝါဒဖြန့်ချီရေးအုပ်စုက အချက်အလက်မှားတွေကို မကြာခဏ မျှဝေလေ့ရှိတယ်လို့ Linvill က ဆိုပါတယ်။  

ဒီဗီဒီယိုဟာ ရုရှား Telegram ချန်နယ်တွေနဲ့ ရုရှားနိုင်ငံပိုင် မီဒီယာဖြစ်တဲ့ Pravda မှာလည်း ပျံ့နှံ့နေတာကို AFP က တွေ့ရှိခဲ့ပါတယ်။

BBC သတင်းဌာနရဲ့ လိုဂိုကိုအသုံးပြုထားတဲ့ အခြားလုပ်ကြံဗီဒီယိုတွေဟာလည်း ရုရှား-ယူကရိန်းစစ်ပွဲတွေကြား ပျံ့နှံ့ခဲ့ပါသေးတယ်။  

USAID က နာမည်ကြီးသရုပ်ဆောင်တွေကို ငွေကြေးပေးငှားရမ်းခဲ့တယ်ဆိုတာဟာ "လုံးဝအဓိပ္ပါယ် မရှိဘူး" လို့ ယူကရိန်းသမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Andriy Yermak က X မှာ ထုတ်ပြန်ထားပါတယ်။  (Archived here)

AFP က Jolie၊ Bloom နဲ့ Van Damme တို့ရဲ့ ကိုယ်စားလှယ်တွေကို ဆက်သွယ်ခဲ့ပေမယ့် တုန့်ပြန်မှုတစ်စုံတစ်ရာ မရှိခဲ့ပါဘူး။  

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ