AI ထိပ်သီးအစည်းအဝေးမှာ ပြင်သစ်သမ္မတက အိန္ဒိယဝန်ကြီးချုပ်ကို လစ်လျူရှုခဲ့တယ်ဆိုပြီး နားလည်မှုလွဲစေတဲ့ ဗီဒီယိုတစ်ခုပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 20 ဖေဖော်ဝါရီ 2025 အချိန် 10h16
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • Devesh MISHRA, AFP အိန္ဒိယ
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
ဖေဖော်ဝါရီလထဲမှာ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့ဟာ ကမ္ဘာ့ဥာဏ်ရည်တုနည်းပညာ (AI) ဆိုင်ရာ ထိပ်သီးအစည်းအဝေးကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ပူးတွဲဦးဆောင်ကျင်းပခဲ့ကြပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေတဲ့ ပြင်သစ်သမ္မတက အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ကို လက်ဆွဲမနှုတ်ဆက်ပဲ လစ်လျူရှုခဲ့တယ်ဆိုတဲ့ ပြောဆိုမှုနဲ့ ဗီဒီယိုဟာ မပြည့်စုံတဲ့ အချက်အလက်တွေနဲ့ မျှဝေထားတာဖြစ်ပါတယ်။ ဒီတိုတောင်းတဲ့ ဗီဒီယိုထဲမှာ Macron က Modi ရဲ့ လက်ဆွဲနှုတ်ဆက်မှုကို လစ်လျူရှုခဲ့သလိုရှိပေမယ့် အခြားရှည်လျားတဲ့ ဗီဒီယိုတစ်ခုမှာ ဒီဖြစ်စဥ်မတိုင်ခင် သူတို့နှစ်ဦး ယှဥ်တွဲလမ်းလျှောက်နေတာကို တွေ့ရပါတယ်။  

"ပြင်သစ်သမ္မတ Emmanuel Macron သည် ပါရီ AI ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင်များကို ကြိုဆိုခဲ့သော်လည်း အိန္ဒိယဝန်ကြီးချုပ် Narendra Modi နှင့် လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြဉ်ခဲ့သည်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်ကပို့စ်မှာ ရေးသားထားပါတယ်။

AI ထိပ်သီးအစည်းအဝေးမှာ ပြင်သစ်သမ္မတ Macron က အမေရိကန်ဒုသမ္မတ JD Vance အပါအဝင် အခြားတက်ရောက်လာတဲ့ ခေါင်းဆောင်တွေကို လက်ဆွဲနှုတ်ဆက်ခဲ့ပေမယ့် Modi ရဲ့ လက်ဆွဲနှုတ်ဆက်မှုကို လစ်လျူရှုခဲ့တာကို တွေ့ရတဲ့ ဗီဒီယိုကို ဒီပို့စ်မှာ မျှဝေထားပါတယ်။  

Image

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်ကရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot 

အလျင်အမြန်တိုးတက်ပြောင်းလဲနေတဲ့ AI နည်းပညာကို ဦးဆောင်နိုင်ဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကြိုးပမ်းနေချိန်မှာ ဒီတိုးတက်ဆဲနည်းပညာကဏ္ဍကို ထိန်းချုပ်ဖို့ အခြေခံစည်းမျဥ်းစည်းကမ်းတွေချမှတ်ရန်ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တဲ့ ပါရီထိပ်သီးအစည်းအဝေးကို Macron နဲ့ Modi တို့က ပူးတွဲဦးဆောင်ကျင်းပခဲ့ကြပါတယ်။ (Archived link

ဒီမှားယွင်းပြောဆိုမှုဟာ အိန္ဒိယတရုတ်ဖိလစ်ပိုင်နဲ့ သြစတြေးလျနိုင်ငံက လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း ပျံ့နှံ့ခဲ့ပြီး အသုံးပြုသူတွေက ဒေါသတကြီး မှတ်ချက်တွေ ပေးထားတာတွေ့ရပါတယ်။

"ဒါဟာ ပြင်သစ်သမ္မတက Modi ကို သက်သက်မဲ့ အကြိမ်ကြိမ်စော်ကားတာပဲ။ သူဟာ Modi အပေါ် စိတ်ကောင်းမရှိတာသေချာတယ်။" ဆိုတဲ့ မှတ်ချက်တစ်ခုတွေ့ရပြီး "Macron ဟာ သူ့နိုင်ငံမှာ အကျပ်အတည်းဖြစ်စေသလို အခုလည်း သံသမန်ရေးရာ ဂုဏ်သိက္ခာနဲ့ ယဥ်ကျေးမှုလုံးဝပျက်သုဥ်းနေပြီ" ဆိုတဲ့ မှတ်ချက်လည်း တွေ့ရပါတယ်။ 

အဓိကကျတဲ့စကားလုံးတွေနဲ့ Google မှာအချက်အလက်ရှာဖွေကြည့်တဲ့အခါ ဒီအစည်းအဝေးကို အိန္ဒိယရုပ်မြင်သံကြားသတင်းဌာနတစ်ခုဖြစ်တဲ့ CNN-News18 က ၎င်းတို့ရဲ့ တရားဝင် YouTube စာမျက်နှာကနေ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်က တိုက်ရိုက်ထုတ်လွှင့်ခဲ့တာကိုတွေ့ရပါတယ်။ (Archived link)

"၂၀၂၅ ခုနှစ်၊ ပါရီ AI ထိပ်သီးအစည်းအဝေး တိုက်ရိုက်ထုတ်လွှင့်မှု။ ။ ဝန်ကြီးချုပ် Modi နှင့် ပြင်သစ်သမ္မတ Emmanuel Macron" ဆိုပြီး ၃ နာရီကြာ ဗီဒီယိုမှာ ခေါင်းစဥ်တချို့တဝက်ဖော်ပြထားပါတယ်။  

နားလည်မှုလွဲစေတဲ့ပို့စ်ကဗီဒီယိုကို ဒီတိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ၁ နာရီ ၂၀ မိနစ်နဲ့ ၃၅ စက္ကန့် ကြာချိန်မှာ တွေ့နိုင်ပါတယ်။  

ဒါပေမဲ့ ပိုမိုရှည်လျာတဲ့ဗီဒီယိုရဲ့ ၁ နာရီ ၁၉ မိနစ်နဲ့ ၁၄ စက္ကန့်ပိုင်းမှာ Modi နဲ့ Macron တို့ဟာ အစည်းအဝေးခန်းမထဲကို အတူတကွဝင်ရောက်လာပြီး အစည်းအဝေးတက်ရောက်လာသူတွေကို နှုတ်ဆက်ခဲ့ကြတာကို တွေ့ရပါတယ်။  

အဲဒီနောက် ၁ နာရီ ၂၈ မိနစ်နဲ့ ၁၀ စက္ကန့်ကြာချိန်မှာ Macron က သူ့ရဲ့မိန့်ခွန်းအပြီးမှာ Modi ကို စင်မြင့်ပေါ်ဖိတ်ခေါ်ခဲ့ပြီး ခေါင်းဆောင်နှစ်ယောက် တစ်ဦးနဲ့တစ်ဦး ဖက်လဲတကင်းနှုတ်ဆက်ခဲ့ကြတာကို တွေ့ရပါတယ်။   

Modi ရဲ့မိတ်ခွန်းပြောကြားပြီးနောက် ဗီဒီယိုရဲ့ ၁ နာရီ ၄၁ မိနစ်နဲ့ ၄၈ စက္ကန့်ကြာချိန်မှာ သူတို့နှစ်ဦး ထပ်မံလက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။  

Image

အစည်းအဝေးတိုက်ရိုက်ထုတ်လွှင့်မှုမှာတွေ့ရတဲ့ Macron နဲ့ Modi တို့ရဲ့ ဆက်ဆံမှုများ 

ဒီအစည်းအဝေးပွဲမှာ Macron နဲ့အပြန်အလှန်ဆက်ဆံခဲ့ပုံတွေကို Modi က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် ဒီ X ပို့စ်မှာ မျှဝေခဲ့ပါတယ်။ (Archived link)

တစ်နေ့တည်းမှာဘဲ Macron ကလည်း အိန္ဒိယနိုင်ငံခေါင်းဆောင် ပါရီမြို့တော်ကို ရောက်ရှိလာချိန်မှာ သူကိုယ်တိုင် သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့တဲ့ဗီဒီယိုတစ်ခုကို X မှာ မျှဝေခဲ့ပါတယ်။ (Archived link)

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်