
သံချပ်ကာယာဉ်လွှဲပြောင်းခြင်းနဲ့ နယ်စပ်လုံခြုံရေးကင်းလှည့်ခြင်း ဓာတ်ပုံဟောင်းတွေကို ထိုင်းနိုင်ငံက စစ်ရေးပြင်ဆင်နေမှုဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 21 ဖေဖော်ဝါရီ 2025 အချိန် 10h07
- ဖတ်ရန် ကြာချိန် 3 မိနစ်
- AFP ထိုင်း
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
တရားဥပဒေစိုးမိုးမှုကင်းမဲ့တဲ့ မြန်မာနိုင်ငံနယ်စပ်ဒေသအချို့မှာ ထွန်းကားနေတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို ထိုင်းအစိုးရက အရှိန်မြှင့်နိမ်နင်းဖို့ ပြင်းပြင်းထန်ထန်ကြိုးပမ်းနေချိန်မှာ ထိုင်းစစ်တပ်က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ဖို့ စစ်ရေးပြင်ဆင်နေတယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့အတူ ဓာတ်ပုံလေးပုံ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။ ဓာတ်ပုံလေးပုံအနက် နှစ်ပုံကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှာ ထိုင်းစစ်တပ်က သံချပ်ကာယာဉ်အသစ်တွေ လွှဲပြောင်းပို့ဆောင်ပြီးနောက် မျှဝေခဲ့ပြီး အခြားနှစ်ပုံကိုတော့ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း နယ်စပ်ဒေသလုံခြုံရေးကင်းလှည့်မှုအကြောင်း သတင်းဖော်ပြချက်တွေမှာ တွေ့ခဲ့ရပါတယ်။
"ထိုင်း-မြန်မာ နယ်စပ်တလျှောက် လူကြိုသလိုလို ၊ လုံခြုံရေးလိုလိုနဲ့ မြန်မာဘက်ခြမ်းကို စစ်ရေးပြင်တဲ့ပုံစံနဲ့ ထိုင်း စစ်တပ်ရဲ့လုပ်ပေါက်တွေက ပမာမခန့် ဖြစ်နေတယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာရေးသားထားပါတယ်။
ပြန်လည်မျှဝေမှုအကြိမ်ရေ ၁၇၀ ကျော်ရှိတဲ့ ဓာတ်ပုံလေးပုံမှာ သံချပ်ကာတင့်ကားတွေနဲ့ စစ်ဘက်ဆိုင်ရာသုံး ထရပ်ကားတွေပေါ်မှာ လက်နက်အပြည့်အစုံကိုင်ဆောင်ပြီး စစ်ကြောင်းချီလာတဲ့ စစ်သားတွေကို တွေ့နိုင်ပါတယ်။

အဲဒီဓာတ်ပုံလေးပုံကို တူညီတဲ့မှားယွင်းပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ့် နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေနေကြပါတယ်။
"ထိုင်းနဲ့သာစစ်ဖြစ်မယ်ဆို BGF သို့မဟုတ် တပ်မတော်ထဲဝင်ဘို့အသင့်" (မူရင်းအတိုင်း) ဆိုပြီး Facebook အသုံးပြုသူတစ်ယောက်က မှတ်ချက်ပြုထားပါတယ်။
"ထိုင်းတွေကစစ်ရေးပြတာရွှေကုတ်ကိုဖြိုးဘို့အတွက်စစ်ကောင်းစီးနဲ့မဆိုင်းဘူးထင်တယ်" (မူရင်းအတိုင်း) ဆိုပြီး နောက်ထပ်တစ်ယောက်က ရေးသားထားပါတယ်။
ရွှေကုက္ကိုမြို့ဟာ ထိုင်း-မြန်မာနယ်စပ်မှာတည်ရှိပြီး ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေရဲ့ အဓိကအချက်အခြာနေရာတစ်ခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာ မှိုလိုပေါက်နေတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဟာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို အသုံးချပြီး မိမိတို့လူမျိုးအချင်းချင်း အတင်းအကြပ် ငွေကြေးလိမ်လည်ရယူစေခြင်းဖြင့် ဒေါ်လာဘီလီယံနဲ့ချီတဲ့ အမြတ်အစွန်းတွေရရှိနေကြတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ (Archived link)
ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ဆက်နွယ်နေသူအများစုဟာ တရုတ်လူမျိုးတွေဖြစ်ကြပြီး ပေကျင်းအစိုးရက မြန်မာနဲ့ ထိုင်းနိုင်ငံတို့ကို အဲဒီလုပ်ငန်းတွေ အပြီးတိုင်ပိတ်သိမ်းသွားဖို့ အရှိန်မြှင့်ဖိအားပေးခဲ့ပါတယ်။
အာဏာပိုင်တွေနဲ့ နယ်ခြားစောင့်လက်နက်ကိုင်တပ်ဖွဲ့တွေက မူးယစ်မှောင်ခိုမှုနဲ့ လောင်းကစားလုပ်ငန်းတွေနဲ့လည်း ဆက်နွယ်မှုရှိတဲ့ ဒီကျားဖြန့်ငွေလိမ်စင်တာတွေကို ဝင်ရောက်စီးနင်းမှုတွေလုပ်ပြခဲ့ပြီး နိုင်ငံတွင်းက နိုင်ငံခြားသားတွေကို သူတို့ရဲ့တိုင်းပြည်အသီးသီးကို ပြန်လည်စေလွှတ်ခဲ့တာတွေပြုလုပ်ခဲ့ပါတယ်။ (Archived link)
ဒါပေမဲ့ လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရိုက်ကူးထားတာ မဟုတ်ပါဘူး။
သံချပ်ကာယာဉ်လွှဲပြောင်းခြင်း
Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ သံချပ်ကာယာဉ်တွေရဲ့ ဓာတ်ပုံကို ထိုင်းတော်ဝင်တပ်မတော်ရဲ့ တရားဝင် Facebook စာမျက်နှာကနေ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်က မျှဝေထားတာကို တွေ့ရပါတယ်။ (Archived link)

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၈ ရက်ကနေ ၁၂ ရက် က အမှတ် (၁၁၂) ခြေလျင်တပ်ရင်းကို လွှဲပြောင်းပေးအပ်ခဲ့တဲ့ Stryker သံချပ်ကာယာဉ်တွေဖြစ်တယ်လို့ ဓာတ်ပုံအညွန်းစာမှာရေးသားထားပါတယ်။ သံချပ်ကာယာဉ်လေးစီးကို မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်ခြင်းမရှိတဲ့ Chachoengsao ပြည်နယ်က တပ်ရင်းတစ်ခုကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် နယ်စပ်လုံခြုံရေးကင်းလှည့်စစ်ဆေးခြင်း
Google မှာနောက်ထပ်ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ မှားယွင်းမျှဝေထားတဲ့ ဓာတ်ပုံနှစ်ပုံကို ထိုင်းနိုင်ငံအခြေစိုက် Matichon Online သတင်းစာက ၂၀၂၄ ခုနှစ်၊ မတ်လ ၉ ရက်နေ့ သတင်းတစ်ပုဒ်မှာ ထည့်သွင်းဖော်ပြထားတာကို တွေ့ရပါတယ်။ (Archived link)
"မြန်မာနိုင်ငံမှာတိုက်ပွဲတွေပြင်းထန်လာတဲ့နောက် လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ စစ်ကားတွေနဲ့ ရာဂျာမန်နူတာဝန်ကျတပ်ဖွဲ့မှုးက ဦးဆောင်ပြီး နယ်စပ်တစ်လျှောက်ကင်းလှည့်" ဆိုပြီး သတင်းခေါင်းစဥ်ရေးသားထားပါတယ်။

တူညီတဲ့ ဓာတ်ပုံတွေကို နယ်စပ်ဒေသတစ်လျှောက် တိုက်ပွဲတွေပြင်းထန်လာပြီးနောက် တက်ခ် နဲ့ မဲဟောင်ဆောင်ပြည်နယ်တွေမှာ လုံခြုံရေးတိုးမြှင့်ကင်းလှည့်ခဲ့တဲ့အကြောင်းဖော်ပြထားတဲ့ ထိုင်းနိုင်ငံ အခြေစိုက်သတင်းဌာနတွေရဲ့ ဆောင်းပါးတွေမှာ တွေ့နိုင်ပါတယ်။ (Archived links here and here)
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲပဋိပက္ခတွေကြောင့် လူပေါင်းများစွာဟာ အမြဲလိုလို ၂,၄၀၀ ကီလိုမီတာ (၁,၄၉၀ မိုင်) ရှည်လျားတဲ့ နှစ်နိုင်ငံနယ်နိမိတ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
AFP အနေနဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေအပြင် ထိုင်း-မြန်မာနယ်စပ်က တင်းမာမှုတွေနဲ့ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကိုလည်း ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်