ထိုင်းနိုင်ငံ ဗုံးပေါက်ကွဲမှုကြောင့် ထိုင်း-မြန်မာနယ်စပ်မှာ အရေးပေါ်ညွှန်ကြားချက်ထုတ်ပြန်ထားတယ်ဆိုတဲ့ သတင်းမှား ပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ထိုင်းနိုင်ငံမှာ လမ်းဘေးဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်က မြန်မာ့နယ်စပ်နဲ့ပတ်သက်တဲ့ အရေးပေါ်ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့တယ်လို့ ဆိုထားတဲ့ Screenshot ဓာတ်ပုံနှစ်ပုံကို Facebook မှာ အကြိမ်ကြိမ်ပြန်လည်မျှဝေနေကြပါတယ်။ ထိုင်းစစ်တပ်က ဒုက္ခသည်စခန်းတွေကို ဝင်ရောက်ပြီး KNU အဖွဲ့ဝင်တွေကို ရှာဖွေနေတယ်လို့လည်း ဒီပို့စ်မှာ ဆိုထားပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ ဒီပို့စ်မှာတွေ့ရတဲ့ ဓာတ်ပုံတွေဟာ ထိုင်းနိုင်ငံတောင်ပိုင်းဒေသက ဗုံးပေါက်ကွဲမှုအကြောင်း ရေသားထားတဲ့ သတင်းဆောင်းပါးတွေမှာ ဖော်ပြခဲ့တဲ့ပုံတွေဖြစ်ပြီး မြန်မာပြည်နဲ့ သက်ဆိုင်မှုမရှိပါဘူး။ ဒါ့အပြင် မြန်မာဒုက္ခသည်စခန်းတွေမှာ ထိုင်းစစ်တပ်က ဝင်ရောက်ရှာဖွေတာတွေ မရှိဘူးလို့ ထိုင်းအစိုးရနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက AFP ကိုပြောပါတယ်။

ဒီပို့စ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး စာသားကို အောက်မှာတွေ့နိုင်ပါတယ်။

“ထိုင်းဝန်ကြီးချုပ်ပရာယွတ်အာဏာပြန်ရလျင်ရခြင်း အရေးပေါ်ညွှန်ကြားချက်ထုတ်ပြန်

ထိုင်းနိုင်ငံ လမ်းဘေးဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရဲအရာရှိတဦးသေဆုံးခဲ့မှု အပေါ်ဆက်စပ်မှုအဖြစ် ပြဿနာဖြစ်ပွားရာ KNU ဆက်နွယ်သောဒုက္ခသည်စခန်းများ မထားရန် ထိုင်းပြည်သူများတောင်းဆိုချက်အရ. KNU ဒုက္ခသည်စခန်းတွေကို ထိုင်းစစ်တပ်မှဝင်ရောက်စီးနင်းရှာဖွေနေသည်။ လတ်တလောပိတ်ဆို့မှုအရ ထိုင်း/မြန်မာနယ်စပ်တလျောက် ထိုင်းစစ်တပ်မှ အင်အားအပြည့်ချပိတ်ဆို့ထားကြောင်းသိရပါတယ်။” (မူရင်းအတိုင်း)

ပထမပုံမှာတော့ ထိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြန်မာဒုက္ခသည်စခန်းတွေကို ထိုင်းစစ်တပ်က ဝင်ရှာနေတယ်ဆိုတဲ့စာသားတွေကို ဖော်ပြထားပါတယ်။ နောက်ထပ်ဓာတ်ပုံတစ်ပုံကတော့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ Al Jazeera က ဖော်ပြထားတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း Pattani ခရိုင်ဗုံးပေါက်ကွဲမှု သတင်းဆောင်းပါးဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုကို Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေအပြင် ရုရှားလူမှုကွန်ရက်ဖြစ်တဲ့ VKontakte ဒီလင့်ခ် မှာလည်း ပြန်လည်မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

အရေးပေါ်ညွှန်ကြားချက် ထုတ်ပြန်ခြင်း မရှိ

ကရင်အမျိုးသားအစည်းအရုံးလို့ ခေါ်တဲ့ KNU အဖွဲ့ဟာ ကရင်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် ဆယ်စုနှစ်များစွာ မြန်မာစစ်တပ်နဲ့တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အချက်အလက်တွေအရ မြန်မာ့ပြည်တွင်းစစ်ပွဲကြောင့် ထွက်ပြေးခဲ့ရတဲ့ မြန်မာဒုက္ခသည် ၉၀,၀၀၀ ကျော်ဟာ အခုလက်ရှိ ထိုင်းနယ်စပ်တလျှောက်မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပါတယ်။

မြန်မာစစ်တပ်နဲ့ KNU တပ်ဖွဲ့တွေအကြားပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီနောက် ဒီပို့စ်ဟာ အွန်လိုင်းပေါ်မှာပျံ့နှံ့လာတာဖြစ်ပါတယ်။

ထိုင်းအစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က ထိုင်းအစိုးရဘက်က “အရေးပေါ်ညွှန်ကြားချက် တစုံတရာ ထုတ်ပြန် ထားတာမျိုး မရှိဘူး” လို့ AFP ကို ပြောပါတယ်။

“ထိုင်းဝန်ကြီးချုပ်က သူ့ရဲ့တာဝန်ကိုပြန်လည်ရရှိပြီးကတည်းက အမျိုးသားလုံခြုံရေးနဲ့ဆိုင်တဲ့ အရေးပေါ်ညွှန်ကြားချက်ထုတ်ပြန်ဖို့ လွှတ်တော်မှာအဆိုပြုထားတာမျိုးမရှိပါဘူး” လို့ သူမက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က AFP ကိုပြောခဲ့ပါတယ်။

ဝန်ကြီးချုပ် Prayut Chan-O-Cha ဟာ သူ့ရဲ့ ရှစ်နှစ်သက်တမ်းကို ကျော်လွန်ခြင်းမရှိဘူးလို့ ထိုင်းလွှတ်တော် တရားရုံးက ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ဝန်ကြီးချုပ်အဖြစ် ပြန်လည်တာဝန်ယူခဲ့ပါတယ်။

ဒုက္ခသည်စခန်းနဲ့ပတ်သက်ပြီး အမိန့်ထုတ်ပြန်ထားတာမျိုး မရှိဘူးလို့ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Rachada က ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

ဒုက္ခသည်စခန်းတွေကို အကူအညီပေးနေတဲ့ The Border Consortium အဖွဲ့ရဲ့ ထိုင်းစီမံကိန်းဒါရိုက်တာ Timothy Moore က နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာ ဆိုထားသလို ဒုက္ခသည်စခန်းတွေမှာ ထိုင်းစစ်တပ်ရဲ့ဝင်ရောက်ရှာဖွေမှုတွေမရှိဘူးလို့ ပြောပါတယ်။

“မြန်မာနိုင်ငံက အသစ်ရောက်ရှိလာသူတွေကို စစ်ဆေးဖို့ နယ်စပ်မှာ ထိုင်းစစ်တပ်က လုံခြုံရေးချထားတယ်ဆိုတာမှန်ပေမယ့် ဒါဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့စဥ်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” လို့ သူက AFP ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ပြောဆိုပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက တိုက်ခိုက်မှု

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီပို့စ်က ဓာတ်ပုံနှစ်ပုံကို ထိုင်းနိုင်ငံတောင်ပိုင်းက ဗုံးပေါက်ကွဲမှုတွေအကြောင်းရေးသားထားတဲ့ ဆောင်းပါးတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။

ပထမဓာတ်ပုံကို AFP က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှာ “ထိုင်းနိုင်ငံ တောင်ပိုင်း ယာလာခရိုင်တွင် မွတ်ဆလင် စစ်သွေးကြွများဟု ယူဆရသူများ၏ တိုက်ခိုက်မှု ဖြစ်ပွားရာနေရာအား ဗုံးအဖွဲ့ဝင်များက စစ်ဆေးနေ” ဆိုတဲ့မှတ်တမ်းစာသားနဲ့ ဖော်ပြထားပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်က ဒုတိယမြောက် Screenshot ဓာတ်ပုံမှာတော့ Reuters သတင်းဌာနရဲ့ ဓာတ်ပုံကို အသုံးပြုထားတဲ့ Al Jazeera ရဲ့ ဆောင်းပါးကို တွေ့ရပါတယ်။

Reuters ရဲ့ ဝဘ်ဆိုဒ် “ထိုင်းနိုင်ငံ ပတ္တနီမြို့တွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဖောက်ခွဲရေးပစ္စည်းများကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့” ဆိုတဲ့ အညွှန်းစာသားပါဝင်တဲ့ ဓာတ်ပုံကို ဖော်ပြထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံနှစ်ပုံ (ဘယ်) ကို AFP ဓာတ်ပုံ (အလယ်) Reuters ဓာတ်ပုံ (ညာ)နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံနှစ်ပုံ (ဘယ်) ကို AFP ဓာတ်ပုံ (အလယ်)  Reuters ဓာတ်ပုံ (ညာ)နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

၂၀၁၄ ခုနှစ်ကစပြီး မူဆလင်လူမျိုးအများအပြား အဓိကနေထိုင်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းဒေသက သူပုန်အဖွဲ့တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးကြိုးပမ်းမှု တိုက်ပွဲတွေကြောင့် လူပေါင်း ၇,၀၀၀ ကျော် အသက်သေဆုံးခဲ့ကြပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ပတ်သက်တဲ့ အွန်လိုင်းပေါ်ကရေးသားချက်တွေကို AFP က ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ အချက်အလက်စိစစ်ထားပါတယ်။

MYANMAR MILITARY COUP