PDF တပ်သားတွေ ပုံစံတူစေတီတစ်ဆူမှာ ဝတ်ပြုဆုတောင်းနေကြတာဖြစ်ပြီး ကျိုက်ထီးရိုးစေတီတော်ကို ရောက်ရှိခြင်းမဟုတ်

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 22 နိုဝင်ဘာ 2024 အချိန် 09h17
  • ဖတ်ရန် ကြာချိန် 4 မိနစ်
  • AFP ထိုင်း

ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ  မြန်မာပြည်သူတွေ အထွတ်အမြတ်ထားရာ ကျိုက်ထီးရိုးစေတီတော်ကို တော်လှန်ရေးတပ်သားတွေ လာရောက်ဖူးမျှော်နေတယ်ဆိုတဲ့ မှားယွင်းတဲ့ပြောဆိုမှုနဲ့အတူ ဗီဒီယိုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ဒါပေမဲ့ မျက်မြင်သဲလွန်စတွေအရ အဲဒီစေတီတော်က မွန်ပြည်နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ မူလကျိုက်ထီးရိုးစေတီတော် မဟုတ်ဘဲ မကွေးတိုင်း အလယ်ပိုင်းမှာရှိတဲ့ ပုံစံတူစေတီတစ်ဆူပဲ ဖြစ်ပါတယ်။   

"ကျိုက်ထီးရိုးတောင်ပေါ်သို့ရောက်ရှိ" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်မှာ မျှဝေထားတဲ့ ဒီ Facebook ပိုစ့် မှာခေါင်းစဥ်ရေးသားထားပါတယ်။ 

ဗီဒီယိုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ရဲ့  လက်မောင်းတံဆိပ်နဲ့ စစ်သားတွေကို တွေ့နိုင်ပါတယ်။  ဒီတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ယခင် ကျောင်းသား၊ လယ်သမား၊ အလုပ်သမားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး စစ်အာဏာသိမ်းမှုကို လက်နက်စွဲကိုင် ဆန့်ကျင်တော်လှန်တိုက်ခိုက်နေကြသူတွေပဲဖြစ်ပါတယ်။ (Archived links here and here)

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးဟာ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အထင်ကရနေရာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။  

ကျိုက်ထီးရိုးတောင်ပေါ်ကို နှစ်စဥ်သန်းနဲ့ချီတဲ့ဘုရားဖူးတွေ လာရောက်လည်ပတ်ကြပြီး သတင်းကျွတ်လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့အထိ အောက်တိုဘာလမှ နောက်နှစ် မေလအတွင်း ပွဲတော်ကာလတွေမှာတော့ အစည်ကားဆုံးပဲဖြစ်ပါတယ်။ (Archived link)

အဲဒီဗီဒီယိုကို ကြည့်ရှုမှုအကြိမ်ရေ ၁ ဒဿမ ၄ သန်းကျော်ရှိပြီး ပြန်လည်မျှဝေမှုအကြိမ်ရေကလည်း ၄,၀၀၀ကျော်ရှိပါတယ်။  

Image
မှားယွင်းတဲ့ Facebook ပိုစ့်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်က ရယူထားတဲ့ Screenshot

ဗီဒီယိုကို တူညီတဲ့ပြောဆိုမှုတွေနဲ့ Facebook အပြင် YouTube နဲ့ X တို့မှာလည်း မျှဝေနေကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်တပ်ကဖယ်ရှားပြီး  အာဏာသိမ်းခဲ့တဲ့နောက် စစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ပဋိပက္ခတွေ  ဖြစ်ပွားပြီး မငြိမ်မသက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ (Archived link)  

အာဏာသိမ်းဆန့်ကျင်သူတွေအပေါ်  စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားစေခဲ့တဲ့အပြင် စစ်တပ်ကို တန်ပြန်တိုက်ခိုက်ဖို့ ထောင်နဲ့ချီတဲ့လူငယ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထဲ ဝင်ရောက်ခဲ့ကြပါတယ်။   

ကျိုက်ထီးရိုးဘုရားပတ်ဝန်းကျင်မှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိပ်တိုက်ထိတွေပစ်ခတ်မှုတွေဖြစ်ပွားနေတာကြောင့် ဘုရားဖူးခရီးသွားများရဲ့ လုံခြုံရေးအတွကစိုးရိမ်ဖွယ်ရာအခြေအနေတွေဖြစ်ပေါ်နေပါတယ်။ (Archived links here and here)

Facebook ကမှတ်ချက်တွေအရ အသုံးပြုသူတွေက အဲဒီပြောဆိုမှုကို ယုံကြည်နေပုံရပါတယ်။  

"ကျိုက်ထီးရိုးဘုရားကြီး၏ တန်ခိုးတော်ကြောင့် အမှန်တရားအတွက်တိုက်ပွဲဝင်နေကြသော သူရဲကောင်းတွေ ဘေးမသီရန်မခဘဲ အမိရင်ခွင်သို့ အမြန်ဆုံးပြန်ကြရပါစေ"(မူရင်းအတိုင်း) ဆိုပြီး Facebook အသုံးပြုသူတစ်ယောက်က မှတ်ချက်ပြုထားပါတယ်။   

"Pdf သူရဲကောင်းချစ်သောလေးများ အားလုံးဘေးကင်းပါစေ"(မူရင်းအတိုင်း) ဆိုပြီး အခြားတစ်ယောက်က ဆုတောင်းပေးထားပါတယ်။  

ဒါပေမဲ့ ဗီဒီယိုမှာပါတဲ့ စေတီဟာ မွန်ပြည်နယ်က မူလကျိုက်ထီးရိုးစေတီတော်နဲ့ ကီလိုမီတာ ၆၅၄ ခန့် အကွာမှာရှိတဲ့ ပုံစံတူစေတီတစ်ဆူပဲဖြစ်ပါတယ်။  

ပုံစံတူစေတီတော်  

ဗီဒီယိုက မြိုင်မြို့နယ် ဒေါင်းအိုကြီးရွာက ပုံစံတူစေတီတော်မှာ ရိုက်ကူးထားတယ်ဆိုပြီး Facebook အသုံးပြုသူတွေက မှတ်ချက်ပြုထားကြပါတယ်။   

Google Map ရဲ့ ၂၀၂၁ ခုနှစ်ကပုံအရ  မကွေးတိုင်းအလယ်ပိုင်း မြေပြန့်ဒေသမှာရှိတဲ့ ဒေါင်းအိုကြီးရွာက ဘုရားရဲ့ လက်ရန်းနဲ့ မှားယွင်းပြောဆိုထားတဲ့ ဗီဒီယိုမှာပါတဲ့ ဘုရားလက်ရန်းက တူညီနေတာကိုတွေ့ရပါတယ်။ (Archived link) 

အောက်မှာ မှားယွင်းပြောဆိုထားတဲ့ ပိုစ့်က ဗီဒီယို (ဘယ်) နဲ့ Google Map ကပုံ (ညာ)တို့ ကိုနှိုင်းယှဉ်ထားပြီး တူညီမှုတွေကို မြင်သာအောင် AFP က အမှတ်အသားပြုလုပ်ထားပါတယ်။  

Image
မှားယွင်းတဲ့ ပိုစ့်က ဗီဒီယို (ဘယ်) နဲ့ Google Map မှာတွေ့ရတဲ့ပုံ (ညာ) ကို နှိုင်းယှဉ်ပြီး တူညီမှုတွေကို မြင်သာအောင် AFP ကအမှတ်အသားပြုလုပ်ထားတဲ့ Screenshot

၂၀၁၆ ခုနှစ်မှာ AFP က ရိုက်ကူးထားတဲ့ မူလကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့  ဓာတ်ပုံကနေလည်း ပုံစံတူစေတီတော်နဲ့ ကွဲလွဲမှုတွေကိုတွေ့နိုင်ပါတယ်။   

ပုံစံတူစေတီမှာ မူလကျိုက်ထီးရိုးစေတီတော်လို လှေကားထစ်ပတ်လမ်း မရှိတာကို Google Map ရဲ့ Street view မှာ တွေ့နိုင်ပါတယ်။ (Archived link) 

Image
ပုံစံတူစေတီ (ဘယ်) နဲ့ မူလကျိုက်ထီးရိုးဘုရားရဲ့ လှေကားထစ်ပတ်လမ်း (ညာ) ကို နှိုင်းယှဉ်ပြီး မြင်သာအောင် AFP ကအမှတ်အသားပြုလုပ်ထားတဲ့ Screenshot

ထားဝယ်နဲ့ ပေါင်မြို့နယ်တွေမှာရှိတဲ့ ကျိုက်ထီးရိုးပုံစံတူစေတီတွေလိုမျိုး ကျော်ကြားတဲ့ ဗုဒ္ဓဘာသာဘုရားတွေရဲ့ ပုံစံတူဘုရားစေတီတွေကို မြန်မာနိုင်ငံနေရာအနှံ့အပြားမှာတွေ့နိုင်ပါတယ်။ (Archived links here and here 

AFP အနေနဲ့ ယခင်ကလည်း  PDF တပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့ သတင်းမှားတွေကို ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာ အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ