မြန်မာနိုင်ငံက PDF တွေဆိုပြီး အင်ဒိုနီးရှားစစ်သားတွေ မိုးရေထဲကခုန်နေတဲ့ ဗီဒီယို မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 27 ဇူလိုင် 2024 အချိန် 09h51
- ဖတ်ရန် ကြာချိန် 3 မိနစ်
- AFP ထိုင်း, AFP အင်ဒိုနီးရှား
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
မိုးရေထဲမှာ ကခုန်နေကြတဲ့ အင်ဒိုနီးရှားစစ်သားတွေရဲ့ ဗီဒီယိုကို မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ PDF တပ်သားတွေဆိုပြီး အင်တာနက်လူမှုကွန်ရက်မှာ မှားယွင်းမျှဝေနေကြပါတယ်။ မူရင်းဗီဒီယိုကို အင်ဒိုနီးရှားတပ်မတော်သားတွေရဲ့ ဗီဒီယိုတွေ မျှဝေလေ့ရှိတဲ့ TikTok စာမျက်နှာတစ်ခုကဖော်ပြခဲ့ပြီး နောက်ခံသီချင်းဟာလည်း အဲဒီနိုင်ငံက စစ်သားတွေကြား ရေပန်းစားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
"မိုးရေတွေနဲ့ ပျော်လို့ကောင်း" (မူရင်းအတိုင်း)ဆိုတဲ့ စာသားနဲ့အတူ မြန်မာစစ်တပ်ကို ဝေဖန်လေ့ရှိတဲ့ Facebook စာမျက်နှာတစ်ခုက ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်မှာ မျှဝေထားပါတယ်။
ဒီဗီဒီယိုကို ပြန်လည်မျှဝေမှုအကြိမ်ရေ ၁,၈၀၀ ကျော်ရှိပါတယ်။
၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့ ၁၀ နှစ်ကြာဒီမိုကရေစီစနစ် အဆုံးသတ်ခဲ့ရပါတယ်။ အဲဒီအချိန်ကတည်းက နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေနဲ့ မတည်ငြိမ်မှုတွေဖြစ်ပွားခဲ့ပါတယ်။
အာဏာသိမ်းဆန့်ကျင်သူတွေအပေါ် စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားစေခဲ့တဲ့အပြင် စစ်တပ်ကို တန်ပြန်တိုက်ခိုက်ဖို့ ထောင်နဲ့ချီတဲ့လူငယ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထဲ ဝင်ရောက်ခဲ့ကြပါတယ်။
အင်တာနက်လူမှုကွန်ရက် သုံးစွဲသူတချို့က ဒီဗီဒီယိုထဲက စစ်သားတွေကို PDF တွေလို့ အမှန်တကယ်ယုံကြည်နေပုံရပါတယ်။
"ကနေတာသူရဲကောင်း PDF လေးတွေဒါလည်းစိတ်ဖျော်ဖြေရေးပါ" (မူရင်းအတိုင်း) လို့ လူမှုကွန်ရက်အသုံးပြုသူတစ်ယောက်ကရေးသားထားပါတယ်။
"တိုင်းပြည်တစ်အားကောင်းသွားမှာ ပညာတက် ဦးနှောက်ရှိ ကိုယ်ချင်းစာတရားလေးတွေနဲ့ ရှိမဲ့ ကလေးတွေ နိုင်ကို နိုင်ရမည်" (မူရင်းအတိုင်း) လို့ တခြားတစ်ယောက်က ရေးသားထားပါတယ်။
အဲဒီ ဗီဒီယိုကို Facebook ရဲ့ ဒီလင့်ခ် မှာလည်း တူညီတဲ့ပြောဆိုမှုနဲ့ အတူတွေ့ရပါတယ်။
ဒါပေမဲ့ ဗီဒီယိုထဲက သူတွေဟာ အင်ဒိုနီးရှားကစစ်သားတွေပဲ ဖြစ်ပါတယ်။
ရေပန်းစားတဲ့ စစ်သီချင်း
ဗီဒီယိုထဲက ရုပ်ပုံတွေကိုသုံးပြီး Google မှာ ရာဇဝင်ရှာဖွေကြည့်တဲ့အခါ ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်က မျှဝေထားတဲ့ ဒီ TikTok ဗီဒီယိုကိုတွေ့ခဲ့ပါတယ်။ (Archived link)
"စိတ်ဓာတ်တွေတက်တက်ကြွကြွထားကြပါ၊ မိုးသက်မုန်တိုင်းတွေက မိတ်ဆွေတွေပါ" လို့ အင်ဒိုနီးရှားဘာသာစကားနဲ့ ခေါင်းစဥ်ရေးသားထားပါတယ်။
မှားယွင်းပျံ့နှံ့ နေတဲ့ ဗီဒီယို (ဘယ်) နဲ့ မူရင်း TikTok ဗီဒီယို (ညာ) တို့ကို အောက်ပါအတိုင်း တွေ့ရပါတယ်။
အဲဒီ TikTok အသုံးပြုသူကအင်ဒိုနီးရှားတပ်မတော်နဲ့ ပတ်သက်တဲ့ တခြား ဗီဒီယိုတွေကိုလည်း ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာ မျှဝေထားပါတယ်။ (Archived links here, here and here)
ဒီဗီဒီယိုထဲမှာပါတဲ့ နောက်ခံသီချင်းဟာ အင်ဒိုနီးရှားစစ်သည်တွေအကြား ရေပန်းစားတဲ့သီချင်းတစ်ပုဒ် ဖြစ်ပြီး သူတို့ရဲ့မိသားစုနဲ့ဝေးကွာနေချိန်မှာ သီဆိုလေ့ရှိတယ်လို့ အင်ဒိုနီးရှားမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ (Archived link)
မြန်မာနိုင်ငံက PDF တပ်ဖွဲ့တွေနဲ့သက်ဆိုင်တဲ့ မှားယွင်ပြောဆိုမှုတွေကို AFP က ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်