နှစ်သစ်ကူးနေ့ ဂျပန်ငလျင် ဗီဒီယိုဟောင်းကို ၂၀၂၄ ဩဂုတ်လ ငလျင်အဖြစ် မှားယွင်း မျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 22 ဇူလိုင် 2024 အချိန် 05h22
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • Pasika KHERNAMNUOY, AFP ထိုင်း
၂၀၂၄ ခုနှစ်၊ ဩဂုတ်လက ဂျပန်နိုင်ငံတောင်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ၇ ဒဿမ ၁ မဂ္ဂနီကျုပြင်းအားရှိတဲ့ ငလျင်လို့ ပြောဆိုထားတဲ့ ဘိုးလင်းအားကစားခန်းမတစ်ခုရဲ့ စားပွဲခုံတွေအောက်မှာ လူတွေ ဝပ်နေတဲ့ ဗီဒီယိုဟောင်းတစ်ခုကို အင်တာနက်လူမှုကွန်ရက်တွေမှာ အကြိမ်ရေထောင်ချီကြည့်ရှုနေကြပါတယ်။ တကယ်တမ်း အဲဒီဗီဒီယိုဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်က ဂျပန်မှာ လှုပ်ခတ်ခဲ့တဲ့ ၇ ဒဿမ ၅ မဂ္ဂနီကျုပြင်းအားရှိတဲ့ ငလျင်ဖြစ်စဉ်မှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ 

 ဗီဒီယိုကို "ဂျပန် ငလျင် ပြင်းထန်ပါတယ်"(မူရင်းအတိုင်း)လို့ အစပြုထားတဲ့ အညွှန်းစာနဲ့အတူ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့ပြီး အကြိမ်ရေ ၂,၀၀၀ ကျော် ကြည့်ရှုထားကြပါတယ်။

"ကမ်းလွန်ပင်လယ်ပြင်တွင် ပြင်းထန်နဲ့ငလျင်M6.9 လှုပ်ခတ်ပြီးနောက် Miyazaki၊ Kochi၊ Ehime၊ Kagoshima နှင့် Oita ရှိ ဆိပ်ကမ်းများ အတွက် ဆူနာမီအကြံပေးချက် ထုတ်ပြန်ခဲ့ရာ ကျူရှူးနဲ့Kyushu ဧရိယာ shindo 6- Japanese intensit မှာဆူနာမီသတိပေးချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဆူနာမီမဝင်ပါ စိုးရိမ်စရာမရှိသေးပါ 8-8-2024" (မူရင်းအတိုင်း) လို့ ပို့စ်မှာ ဆက်ရေးထားပါတယ်။

ဗီဒီယိုမှာ အကာအကွယ်ယူဖို့ စားပွဲခုံတွေအောက် ဝင်ပုန်းနေကြသူတွေနဲ့ ရမ်းခါလှုပ်ရှားနေတဲ့ တီဗွီဖန်သားပြင်တွေ၊ ဘိုးလင်း ဘောလုံးစင်တွေကို တွေ့မြင်ရပါတယ်။ 

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်က ရိုက်ယူထားတဲ့ Screenshot

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်က ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက Miyazaki ပြည်နယ်မှာ ၇ ဒဿမ ၁ မဂ္ဂနီကျုပြင်းအားရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး နောက်တစ်နေ့မှာ အခုလိုဗီဒီယို အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့တာပါ။ ကမ်းခြေကို အသေးစားဆူနာမီလှိုင်းတွေ ရိုက်ခတ်ခဲ့ပေမယ့် ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှု မရှိခဲ့ပါဘူး။ (Archived link)

လူ ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့တဲ့ အဲဒီငလျင်လှုပ်ခတ်မှုနောက်ပိုင်းမှာ နောက်ထပ် ကြီးမားတဲ့မြေငလျင်တစ်ခုလှုပ်ခတ်နိုင်တယ်လို့ ဂျပန်နိုင်ငံ၊ မိုးလေဝသဌာနက ထုတ်ပြန်ခဲ့ပေမယ့် ဩဂုတ်လ ၁၅ ရက်မှာတော့ အဲဒီသတိပေးချက်ကို ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။ (Archived link)

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဗီဒီယိုကို မြန်မာ၊ ကိုရီးယားဖိလစ်ပိုင်၊ ထိုင်း၊ တရုတ်ဘာသာစကားတွေနဲ့လည်း ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။

တကယ်တော့ အဲဒီဗီဒီယိုက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကတည်းက အွန်လိုင်းပေါ် စတင်ပျံ့နှံ့ခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံ အလယ်ပိုင်းက Ishikawa ပြည်နယ်မှာ လှုပ်ခတ်ခဲ့တဲ့ နောက်ထပ်ငလျင်ဖြစ်စဉ်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ 

နှစ်သစ်ကူးနေ့ ငလျင်

ဗီဒီယိုမှာပါဝင်တဲ့ရုပ်ပုံနဲ့ အဓိကစကားလုံး (keywords) တွေကို အသုံးပြုပြီး Google မှာ ရာဇဝင်ရှာကြည့်တဲ့အခါ Getty Images ဓာတ်ပုံအေဂျင်စီဝဘ်ဆိုဒ်က ဖော်ပြထားတဲ့ တူညီတဲ့ဗီဒီယိုအရှည်တစ်ခုကို တွေ့ရပါတယ်။ (Archived link)

ဗီဒီယိုရဲ့အညွှန်းစာမှာ "ဂျပန်နိုင်ငံ၊ Ishikawa ပြည်နယ်တွင် မဂ္ဂနီကျု ၇ ဒဿမ ၅ ငလျင်တစ်ခု  လှုပ်ခတ်ခဲ့ပြီးနောက်  ဘိုးလင်းအားကစားခန်းမတစ်ခုရှိ စားပွဲခုံများအောက်တွင် ပုန်းခိုနေကြသူများ။ ပြင်းထန်သောငလျင်သည် Ishikawa ပြည်နယ်၊ Noto ကျွန်းဆွယ်ကို ဇန်နဝါရီ ၁ ရက်တွင် ရိုက်ခတ်ခဲ့သည်။" ဆိုပြီး တပိုင်းတစ ရေးသားထားပါတယ်။

Image
Getty Images က ဖော်ပြထားတဲ့ ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်က ရိုက်ယူထားတဲ့ Screenshot

ဗီဒီယိုကို ဂျပန်နိုင်ငံက ဘေးအန္တရာယ်ဖြစ်စဉ်တွေမှာ လူမှုကွန်ရက်အသုံးပြုသူတွေကိုယ်တိုင် ရိုက်ကူးခဲ့တဲ့ အကြောင်းအရာတွေကို အချိန်နဲ့တပြေးညီ စိစစ်ပြီး စုစည်းဖော်ပြတဲ့ Spectee အမည်ရှိအဖွဲ့အစည်းကို ရည်ညွှန်းဖော်ပြထားပါတယ်။ (Archived link)

မှားယွင်းတဲ့ပို့စ်မှာမျှဝေထားတဲ့ ဗီဒီယို (ဘယ်) နဲ့ Spectee က ဖော်ပြခဲ့တဲ့ ဗီဒီယို (ညာ) တို့ကို အောက်မှာနှိုင်းယှဉ်ပြထားပါတယ်။

Image
မှားယွင်းတဲ့ပို့စ်မှာမျှဝေထားတဲ့ ဗီဒီယို (ဘယ်) နဲ့ Spectee က ဖော်ပြခဲ့တဲ့ ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

တူညီတဲ့ဗီဒီယိုကို CNNAl Jazeera စတဲ့ နိုင်ငံတကာသတင်းဌာနတွေကလည်း ဇန်နဝါရီ ၁ ရက်က ဂျပန်မှာလှုပ်ခတ်ခဲ့တဲ့ ငလျင်အကြောင်း သတင်းတွေမှာ ထည့်သွင်းဖော်ပြခဲ့ကြကြပါတယ်။ (Archived links here and here)

၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ပတ်သက်တဲ့ တခြားသော မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်၊ ဒီလင့်ခ်ဒီလင့်ခ်တွေမှာ အချက်အလက်စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်