ဘင်္ဂလားဒေ့ရှ်မှာ ဟိန္ဒူဘုရားကျောင်း မီးရှို့ခံရတယ်ဆိုပြီး ဆန္ဒပြပွဲအတွင်း မီးလောင်ခဲ့တဲ့ စားသောက်ဆိုင်ဗီဒီယိုကို မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 20 ဇူလိုင် 2024 အချိန် 09h52
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Devesh MISHRA, Eyamin SAJID, AFP အိန္ဒိယ, AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ဘင်္ဂလားမှာ ဟင်ဒူ ဘုရားကျောင်းကို မီးရှို့ကြ"(မူရင်းအတိုင်း) လို့ အညွှန်းစာရေးထားတဲ့ ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့တာ ဖြစ်ပြီး အကြိမ်ရေ ၁၆,၀၀၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။
အစိုးရဝန်ထမ်းအလုပ်အကိုင်ခွဲတမ်းစနစ်အပေါ် ဆန့်ကျင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆန္ဒပြပွဲတွေကို တက္ကသိုလ်ကျောင်းသားတွေက ဦးဆောင်ပြီး ဇူလိုင်လမှာ စတင်ခဲ့ပါတယ်။ လူတွေအသက်ဆုံးရှုံးတဲ့အထိ မငြိမ်မသက်မှုတွေနဲ့ တောင်းဆိုမှုတွေဖြစ်ပေါ်လာတဲ့နောက်မှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ နှုတ်ထွက်ခဲ့ရပါတယ်။
ဩဂုတ်လ ၅ ရက်မှာ ကြီးမားတဲ့ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်းနုတ်ထွက်ခဲ့တဲ့ နောက်တစ်နေ့မှာပဲ ဟိန္ဒူအပါအဝင်လူနည်းစုတွေ တိုက်ခိုက်ခံရတဲ့သတင်းတွေကြောင့် လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ သံတမန်တွေကြား စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။ "အကြမ်းဖက်သူ" တွေက ဟိန္ဒူဘုရားကျောင်း ၁၀ ကျောင်းထက် မနည်းကို တိုက်ခိုက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဟိန္ဒူ-ဗုဒ္ဓ-ခရစ်ယာန်ဘာသာဝင်များညီညွတ်ရေးကောင်စီက ပြောကြားခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။
ဟာဆီနာ ပယ်ရှားခံရတဲ့နောက်မှာ ဟိန္ဒူဘာသာဝင်တွေပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ နေအိမ်တချို့ ဖျက်ဆီးခံခဲ့ရပါတယ်။
လောလောဆယ်မှာ နိုင်ငံတွင်း လုံခြုံရေးအခြေအနေ သိသိသာသာတိုးတက်လာခဲ့ပေမယ့် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို ထောက်ခံသူတွေနဲ့ အာဝါမီအဖွဲ့ချုပ်ပါတီဝင်တွေအပေါ် တုန့်ပြန်တိုက်ခိုက်တဲ့သတင်းတွေကိုလည်း တွေ့နေရပါသေးတယ်။
၁၂ စက္ကန့်ကြာမြင့်တဲ့ ဗီဒီယိုမှာ မီးတောက်မီးလျှံတွေကြားက အဆောက်အအုံတစ်ခုကို တွေ့မြင်ရပါတယ်။
ဗီဒီယိုကို တူညီတဲ့ပြောဆိုမှုနဲ့အတူ Facebook ဒီလင့်ခ်၊ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။
ဗီဒီယိုမှာပါဝင်တဲ့ အဆောက်အအုံဟာ ဟိန္ဒူဘုရားကျောင်း မဟုတ်ဘူးလို့ ဒေသခံ ရဲတပ်ဖွဲ့က AFP ကို အတည်ပြုပါတယ်။
"အဲဒီဆိုင်က Upazila Parishad ကောင်စီရဲ့ ယခင်ဒုတိယဥက္ကဌ Kazi Asaduzzaman Shahjada ပိုင်ဆိုင်တဲ့ စားသောက်ဆိုင်ဖြစ်ပါတယ်" လို့ Kalaroa ရဲတပ်ဖွဲ့အကြီးအကဲက AFP ကို ဩဂုတ်လ ၁၄ ရက်မှာ ပြောပါတယ်။
ဆန္ဒပြရုပ်သံဖိုင်
ဗီဒီယိုကို Google မှာ ရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက်မှာ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Ajker Patrika သတင်းဌာနက ဖော်ပြထားတဲ့ ဗီဒီယိုရဲ့ Screenshot ကို တွေ့ရပါတယ်။ (Archived link)
ဘင်္ဂါလီဘာသာစကားနဲ့ရေးသားထားတဲ့ ခေါင်းစီးမှာလည်း "လူနည်းစုတွေရဲ့ နေအိမ်၊ ဆိုင်၊ ဘုရားကျောင်းတွေ တိုက်ခိုက်ခံရ၊ ကောလာဟလများလည်း ပျံ့နှံ့" ဆိုပြီး ရေးသားထားပါတယ်။
မီးလောင်သွားတဲ့ Raj Prasad စားသောက်ဆိုင်နဲ့အပန်းဖြေစခန်း အဆောက်အအုံဟာ နိုင်ငံရဲ့ အနောက်တောင်ပိုင်း Satkhira မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း မီးရှို့ခံခဲ့ရတဲ့အဆောက်အအုံဖြစ်ပြီး အာဝါမီအဖွဲ့ချုပ်ပါတီ၊ ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Kazi Asaduzzaman Shahjada က ပိုင်ဆိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဆောင်းပါးမှာ Facebook စာမျက်နှာတစ်ခုက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်မှာ တိုက်ရိုက်ထုတ်လွှင့်ထားတဲ့ ဗီဒီယိုတစ်ခုရဲ့ Screenshot လည်း ပါဝင်ပါတယ်။ (Archived link)
အောက်မှာ မှားယွင်းတဲ့ပို့စ်မှာပါဝင်တဲ့ ဗီဒီယို (ဘယ်) နဲ့ တိုက်ရိုက်ထုတ်လွှင့်ထားတဲ့ Facebook ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။
ဗီဒီယိုနဲ့ပတ်သက်ပြီး မှားယွင်းပြောဆိုမှုတွေ ပျံ့နှံ့လာတာနဲ့အမျှ အဲဒီအဆောက်အအုံဟာ ဟိန္ဒူဘုရားကျောင်းမဟုတ်ဘဲ စားသောက်ဆိုင်သာ ဖြစ်တယ်လို့ ရှင်းလင်းရေးသားခဲ့ပါတယ်။ (Archived link)
အဲဒီမှာ နေထိုင်သူတစ်ဦးဖြစ်တဲ့ Nadeem Hossain ကလည်း အဲဒီအဆောက်အအုံဟာ စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပြီး ပိုင်ရှင်ရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်လို့ တိုက်ခိုက်ခံရတာ မဟုတ်ဘူးလို့ AFP ကို ပြောပါတယ်။
"ဟိန္ဒူဘုရားကျောင်းဆိုပြီး မှားယွင်းမျှဝေနေကြတဲ့ စားသောက်ဆိုင်က ကျွန်တော့်အိမ်ရှေ့ကပါ။ ပိုင်ရှင်က မွတ်ဆလင်ဘာသာဝင်တစ်ဦးဖြစ်ပြီး ရှိတ်ဟာဆီနာရဲ့ အာဝါမီပါတီရဲ့ ဒေသခံခေါင်းဆောင်တစ်ဦး လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီဆိုင်က မီးရှို့ခံရတာ ဖြစ်ပြီး၊ ဘာသာရေးနဲ့ ပတ်သက်မှု မရှိပါဘူး။" လို့ သူက AFP ကို ပြောပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်