နိုင်ဂျီးရီးယားနိုင်ငံသားတွေရဲ့ ဆန်အိတ်သယ်ယူနေတဲ့ ဗီဒီယိုဟာ ၂၀၂၄ ဆန္ဒပြပွဲတွေနဲ့ သက်ဆိုင်မှုမရှိ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 16 ဇူလိုင် 2024 အချိန် 11h34
- ဖတ်ရန် ကြာချိန် 6 မိနစ်
- Emilie BERAUD, AFP အာဖရိက, AFP ကင်ညာ, AFP ထိုင်း
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - Mary KULUNDU
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
အဖြူရောင်ဆန်အိတ်တွေထမ်းထားကြတဲ့ လူအုပ်ရဲ့ ရုပ်သံတစ်ခုကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်က Facebook ဒီလင့်ခ် မှာ "နိုင်ဂျီးရီးယားနိုင်ငံတွင် ဆန္ဒပြသူများကို အစိုးရက ဆန်အိတ်များဝေငှကာ အေးဆေးစွာ အိမ်ပြန်ကြရန် မေတ္တာရပ်ခံ ဆောင်ရွက်။ ဆန်အိတ်များသယ်ယူကာ အိမ်ပြန်ကြသည့်လူအုပ်ကို တွေ့မြင်နိုင်။ * ဗိုက်ဝလျင် ဒေါသလျော့။ * လူ့သဘော၊ လူ့မနော။" (မူရင်းအတိုင်း) ဆိုတဲ့ စာသားနဲ့ အတူမျှဝေထားတာကို တွေ့ရပါတယ်။
ဒီဗီဒီယိုကို ဝင်ရောက်ကြည့်ရှုမှု အကြိမ်ရေ ၁,၂၀၀ ကျော်ရှိနေပါတယ်
၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ လက်တလော အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီစျေးနှုန်းမြင့်တက်မှုကြောင့် ပြည်သူတွေအကြပ်တွေ့နေချိန်၊ ဒီမှားယွင်းပြောဆိုမှုနဲ့ ဗီဒီယိုဟာ မြန်မာအင်တာနက်လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပါတာဖြစ်ပါတယ်။
တူညီတဲ့ ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ရဲ့ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တွေ့နိုင်ပါတယ်။
နိုင်ဂျီးရီးယားက ဆန္ဒပြပွဲများ
ဆန္ဒပြပွဲတွေကို ရပ်ဆိုင်းရန်နဲ့ 'သွေးထွက်သံယိုမှုတွေကို အဆုံးသတ်ရန်' သမ္မတကိုယ်တိုင် ရုပ်မြင်သံကြား မိန့်ခွန်းပြောကြားခဲ့ပြီး နောက်တစ်နေ့မှာဒီမှားယွင်းပြောဆိုမှုတွေ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အဓိကရုန်းခေါင်းဆောင်တွေကတော့ ဆန္ဒပြပွဲတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သန္နိဌာန်ချထားခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုကြောင့် လူအနည်းဆုံး ၂၁ ဦး သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Amnesty International က ဆိုပါတယ်။ ဒါပေမဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဒီသေဆုံးမှုတွေဟာ သူတို့နဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုထားပါတယ်။ (Archived link)
လူပေါင်းထောင်နဲ့ချီ လမ်းတွေပေါ်မှာ စုဝေးပြီး နေထိုင်မှုစရိတ် မြင့်တက်ခြင်းနဲ့ အစိုးရမူဝါဒတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ #EndBadGovernanceinNigeria ဆန္ဒပြပွဲတွေက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာစတင်ခဲ့ပါတယ်။
စားနပ်ရိက္ခာစျေးနှုန်းဖောင်းပွမှုဟာ အခုဆို ၄၀ ရာခိုင်နှုန်းကျော်ရှိနေပြီး၊ စက်သုံးဆီဈေးကလည်း သုံးဆအထိ တိုးလာပါတယ်။
ဒီဗီဒီယိုက လတ်တလောဖြစ်ပွားနေတဲ့ အကြောင်းအရာတွေနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။
ပရဟိတ လုပ်ငန်း
ဗီဒီယိုထဲက ဓာတ်ပုံကိုသုံးပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေ ကြည့်တဲ့အခါ ထပ်တူကျတဲ့ ဗီဒီယိုတစ်ခုကို ဒီ X ပို့စ်မှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်မှာ မျှဝေထားတာ တွေ့ရပါတယ်။ (Archived link)
အာဖရိကရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် Aliko Dangote တည်ထောင်ထားတဲ့ ပရဟိတအဖွဲ့အစည်းရဲ့ လှူဒါန်းမှု ရုပ်သံဖြစ်တယ်လို့ ဒီပို့စ်မှာ ဖော်ပြထားပါတယ်။
"အစိုးရကတောင် ဒီလိုလုပ်မပေးဘူး။ ဒီတိုင်းပြည်ရဲ့ ဆင်းရဲနွမ်းပါးသူတွေကို အမှန်တကယ် အကူအညီပေးနေတဲ့ Aliko Dangote အဖွဲ့အစည်းရဲ့ ကျေးဇူးနဲ့ပဲ အထောက်အပံ့တွေက Yoruba ပြည်နယ်အထိတောင် ရောက်လာခဲ့ပြီ။ ဒီကြီးမြတ်သော လုပ်ဆောင်ချက်အတွက် Hajiya Fatima Dangote ကို အလ္လာဟ်ရှင်မြတ် ကောင်းချီးပေးပါစေ။ ဒါက တကယ်ကို မွန်မြတ်ပါတယ်" လို့ လည်း ပို့စ်မှာ ရေးသားထားပါတယ်။
Aliko Dangote အဖွဲ့အစည်းရဲ့ ဝဘ်ဆိုဒ်က ဆောင်းပါးတစ်ပုဒ်မှာလည်း အလားတူဓာတ်ပုံတစ်ပုံကို အသုံးပြုထားကြောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။ (Archived link)
"Dangote ရဲ့သန်းချီ ဆန်အိတ်အလှူအတန်းက ကြည်နူးခြင်းတွေဝေမျှပေးပြီး အကြပ်အတည်းတွေကနေလွတ်မြောက်ပေးနေ" လို့ ဆောင်းပါးမှာ ခေါင်းစဥ်ဖော်ပြထားပါတယ်။
မီးခိုးရောင် အဆောက်အဦး နောက်ခံ၊ အပြာရောင် ပြတင်းပေါက်တွေပါပြီး ရှည်လျားတဲ့ အမိုးပါးပါး နဲ့ အဆောက်အအုံတို့အပြင် သိသာထင်ရှားတဲ့ ဓာတ်ပုံထဲက အစိတ်အပိုင်းတော်တော်များများဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုနဲ့ ကိုက်ညီမှု ရှိနေပါတယ်။
ဒါ့အပြင် ၁၂ စက္ကန့်ကြာချိန်မှာ ဒီဗီဒီယိုရဲ့ ဘယ်ဘက်အောက်နားက ဆန်အိတ်ဖြူပေါ်မှာ 'Dangote Foundation' ဆိုတဲ့ အမှတ်သားကိုလည်း တွေ့နိုင်ပါတယ်။
Dangote Group မှ ပြောရေးဆိုခွင့်ရှိသူ Anthony Chiejina က ဒီဗီဒီယိုဟာ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက် မှ ဧပြီလ ၉ ရက်အတွင်း သူတို့အဖွဲ့အစည်းကပြုလုပ်ခဲ့တဲ့ ပရဟိတအစီအစဉ်တစ်ခုကဖြစ်တယ်လို့ AFP ကို အတည်ပြုပြောကြားခဲ့ပါတယ်။
"ဒါဟာ ရမ်ဇာန်လမှာ ကျွန်တော်တို့ ပြုလုပ်ခဲ့တဲ့ အလှူတစ်ခုပါ။ တစ်နိုင်ငံလုံးက ဆင်းရဲနွမ်းပါး ချို့တဲ့သူတွေကို လဝက်အတွင်း ဆန်တွေလှူဒါန်းနိုင်ခဲ့ပါတယ်" လို့ Chiejina က ပြောပါတယ်။
Aliko Dangote အဖွဲ့အစည်းက ဧပြီလအတွင်း ဆန်လှူဒါန်းရာမှာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အစိုးရမဟုတ်သောဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Lagos Food Bank Initiative က ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်က သတင်းထုတ်ပြန်ချက်တစ်ခုကိုလည်း AFP ကို ပေးပို့ခဲ့ပါတယ်။
မူရင်းပိုစ့်ဖျက်ပြီး သတင်းမှားဖြန့်ဝေတဲ့ Instablog Naija လို့ခေါ် တဲ့ Instagram အသုံးပြုသူတစ်ဦးကို ရှုတ်ချကြောင်းလည်း ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
"ဒီဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း Ajeromi Ifelodum LGA မှာပြုလုပ်တဲ့ Aliko Dangote နဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ National Food Distribution Program ရဲ့ စားနပ်ရိက္ခာလှူဒါန်းပွဲမှာ ရိုက်ကူးထားတာဖြစ်တယ်" လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
"Instablog Naija ရဲ့ မှားယွင်းစွာဖော်ပြမှုကြောင့် အများပြည်သူတွေကို မလိုလားအပ်တဲ့ စိုးရိမ်မှုတွေမြင့်တက်စေပြီး Lagos Food Bank နဲ့ Aiko Dangote တို့ကိုလည်း လက်ရှိဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေကို အားပေးအားမြှောက်ပြုတယ်လို့ အထင်အမြင်လွဲမှားစေနိုင်ပါတယ်။"
NGOရဲ့ ဥက္ကဌ Dr Micheal Sunbola ကလည်း အဲ့ဒီရုပ်သံကို သူကိုယ်တိုင်ရိုက်ကူးခဲ့ကြောင်း AFP ကို အတည်ပြုပြောဆိုခဲ့ပါတယ်။
"ကျွန်တော်တို့ကိုယ်တိုင် ဒီဗီဒီယိုကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်ကမှ ဒီဗီဒီယိုကို အခုလိုမှားယွင်းပြောဆိုမှုတွေနဲ့ မျှဝေနကြတာကို ကျွန်တော်တို့ သိခဲ့ရပါတယ်။"
အဖွဲ့အစည်းရဲ့ Instagram စာမျက်နှာပေါ်မှာလည်း တူညီတဲ့ ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၆ ရက်မှာ မျှဝေထားတာကို တွေ့ရပါတယ်။ (Archived Link)
"ဒီနေ့က အောင်ပွဲခံရမယ့် နေ့ကောင်းနေ့မြတ်လေးပါပဲ။ ဘာလို့လဲဆိုတော့ မနက်အစောပိုင်းတုန်းက ကျွန်ုပ်တို့ရဲ့ မိတ်ဖက် အဖွဲ့အစည်းဖြစ်တဲ့ @alikodangotefoundation နဲ့အတူ Ajeromi Ifelodun LGA မှာရှိတဲ့ ဝင်ငွေနည်းပါးသူလူတန်းစားတွေအတွက် လှူဒါန်းမှုတစ်ခုနဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့လို့ပဲဖြစ်ပါတယ်" လို့ ခေါင်းစဥ်ရေးသားထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်